မြန်မာရွေ့လျား ပညာရေး စီမံကိန်း အဖွဲ့နှင့် ဟောင်ကောင်စီးတီး တက္ကသိုလ် ပါမောက္ခများ၊ ကျောင်းသားများ ပါဝင်သည့် အဖွဲ့တို့ ပူးပေါင်းပြီး လက်ဖက်ရည်ဆိုင်များနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(ဘက)တို့မှ ကလေးများကို စာသင်ကြားပေးမည်ဟု သိရသည်။
ယင်း အစီအစဉ်ကို ယနေ့ စတင်မည် ဖြစ်ကြောင်း မြန်မာ ရွေ့လျား ပညာရေး စီမံကိန်း(myME project) အဖွဲ့က ပြောပြသည်။
“ဟောင်ကောင် တက္ကသိုလ် အဖွဲ့က ကျနော်တို့နဲ့ အတူ ကလေးတွေကို စာလိုက် သင်ပေးမယ်၊ အဲဒီအဖွဲ့က ကျနော်တို့ စီမံကိန်းက ဆရာ၊ ဆရာမတွေနဲ့ တခြားပရဟိတ အသင်းတချို့ကိုလည်း အချက်အလက်တွေ ဝေမျှပေးမယ်၊ သင်ပေးမယ့် အထဲမှာ လက်ဖက် ရည်ဆိုင်တွေ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနဲ့ shelter တခု ပါမယ်”ဟု မြန်မာ ရွေ့လျား ပညာရေး စီမံကိန်း (myME project) ဒါရိုက်တာ ကိုတင်မောင်မောင်အေး က ဧရာဝတီကို ပြောသည်။
ယင်းအပြင် ဟောင်ကောင်စီးတီး တက္ကသိုလ်မှ အဖွဲ့က မြန်မာရွေ့လျား ပညာရေး စီမံကိန်း အဖွဲ့မှ ဆရာ၊ ဆရာမများနှင့် အခြား ပရဟိတ အသင်းအဖွဲ့များကိုလည်း အတွေ့အကြုံများ ဝေမျှ ပေးမည်ဟု သိရသည်။
ယခု စီမံကိန်းသည် မြန်မာရွေ့လျား ပညာရေး စီမံကိန်း အဖွဲ့၏ ဒုတိယ ခြေလှမ်းဖြစ်ပြီး သင်ကြားချိန် ၆ လ ကြာမြင့်မည်ဟု ကိုတင်မောင်မောင်အေး က ဆိုသည်။
ဟောင်ကောင်စီးတီး တက္ကသိုလ်မှ စာသင်ကြားပေးမည့် အဖွဲ့တွင် Social Work အဖွဲ့နှင့် လေလွင့် ကလေးငယ်များကို လေ့လာ နေသည့် အဖွဲ့တဖွဲ့ ပါဝင်မည် ဖြစ်ပြီး စာသင်ကြားပေးမည့် အချိန်ကာလမှာ တလ ကြာမြင့်မည်ဟု သိရသည်။
“ပြီးခဲ့တဲ့ ၆ လ စီမံကိန်းကို ပြန်သုံးသပ်တော့ ကလေးတွေ အတွက် လက်တွေ့ အသုံးချလို့ ရမယ့်ကိစ္စ နည်းနေတာ တွေ့ခဲ့ရ ပေ မယ့် ကလေးတွေကတော့ မြန်မာ၊ အင်္ဂလိပ် စာပိုင်းတွေမှာ အားကောင်းသွားတယ်၊ စာ လုံးဝမတတ်တဲ့ ကလေးတွေလည်း ရေး တတ် ဖတ်တတ် သွားတယ်၊ ဒါကတော့ ကျနော်တို့အတွက် အောင်မြင်မှုပေါ့”ဟု ကိုတင်မောင်မောင်အေးက ရှင်းပြသည်။
မြန်မာရွေ့လျား ပညာရေး စီမံကိန်းအဖွဲ့ (myME project )သည် ရန်ကုန်မြို့ရှိ လက်ဖက်ရည်ဆိုင် တချို့မှ စားပွဲထိုးနှင့် ဝန်ထမ်း ကလေးများကို ကျောင်းပြင်ပ စာသင်ကြားရေးစနစ်ဖြင့် ကျောင်းစာနှင့် ပြင်ပဗဟုသုတများကို လွန်ခဲ့သည့် ၆ လကစတင် သင်ကြား ပေးနေသည့် အဖွဲ့တဖွဲ့ ဖြစ်သည်။
မြန်မာရွေ့လျားပညာရေး စီမံကိန်းအဖွဲ့(myME Project)ကို လွန်ခဲ့တဲ့ တနှစ်ကျော်က အဖွဲ့ဒါရိုက်တာ ကိုတင်မောင်မောင်အေး အပါအဝင် ၎င်း၏ မိတ်ဆွေ ၅ ဦးနှင့် ဖွဲ့စည်းခဲ့ပြီး ကျောင်းပညာရေး မပြီးပြတ်ခဲ့ရသည့် ကလေး၊ လူငယ်တွေအတွက် ကျောင်းပြင်ပ ရွှေ့ပြောင်း စာသင်ကျောင်း အဖြစ် အကောင်အထည် ဖော်ကြခြင်း ဖြစ်သည်။
အဆိုပါ အဖွဲ့သည် သာကေတမြို့နယ်ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(ဘက)မှ ကလေး ၆၀ ကျော်၊ ရန်ကုန်မြို့တွင်းရှိ စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင်မှ ဝန်ထမ်း ကလေးများနှင့် ဒေါပုံမြို့နယ်ရှိ Shelter(သင်ကြားရေး အဆောက်အအုံ) တခုတို့တွင် ကျောင်း စာ၊ ပြင်ပ ဗဟုသုတများ၊ တကိုယ်ရည် ကျန်းမာရေးနှင့် လုပ်ငန်းခွင် အတွင်း အခက်အခဲ ကြုံတွေ့လာပါက ဖြေရှင်းနည်း စသည် တို့ကို သင်ကြားပေးမည်ဟု ဆိုသည်။
ကျောင်းပညာရေး မပြီးပြတ်သေးသည့် ကလေးများ၏ဘဝ အပြောင်းအလဲ ဖြစ်လာစေရန်နှင့် လက်ဖက်ရည် ဆိုင်များတွင် အလုပ် လုပ် နေကြရပြီး ကျောင်းပညာရေးနှင့် ဝေးကွာနေကြသည့် လူငယ်များနှင့် ကလေးများကို လူမှု ဆက်ဆံရေးတွင် ပိုမိုတိုးတက် စေ ချင်သည့် ရည်ရွယ်ချက်ဖြင့် လှုပ်ရှား ဆောင်ရွက်နေသည့် အဖွဲ့ဖြစ်ကြောင်း သိရသည်။