Women

ကလေးတို့ ရင်ထဲက အမုန်းမီးတောက်များ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့တဲ့ အပတ်တွေတုန်းက လိမ်ညာတတ်တဲ့ ကလေးများအကြောင်းနဲ့ ခိုးဝှက်တတ်တဲ့ ကလေးများ အကြောင်းကို ဧရာဝတီမှာ ကျမ ရေးသားခဲ့ပါတယ်။ ကလေးတို့ လိမ်ညာခိုးဝှက်တဲ့ ကိစ္စလိုပဲ နောက်ထပ် အရေးကြီးတဲ့ ကိစ္စတရပ်ကို ဒီအပတ်မှာ ရေးသားဖို့ စဉ်း စား စိတ်ကူး မိပါတယ်။ ဒါကတော့ ကလေးများရဲ့ ဖြူစင်နုနယ်တဲ့ စိတ်နှလုံးသားထဲကို မသိမသာ တမျိုး၊ သိသိသာသာ တမျိုးနဲ့ တချို့လူကြီးတွေ သွတ်သွင်းတတ်ကြတဲ့ အမုန်းမီးတောက်များ ကိစ္စပါပဲ။

ကလေးများဟာ အင်မတန်မှ ဖြူစင်ကြပါတယ်။ အတေးအမှတ်ရယ် လို့လည်း သိပ်မရှိပါဘူး။ ဒါပေမယ့် ကျမတို့ ဝန်းကျင်မှာတော့ ယောက္ခမနဲ့ချွေးမ အတူတူနေပြီးတော့ မတည့်ကြတဲ့ အိမ်မျိုးမှာပဲ ဖြစ်ဖြစ်၊ လင်မယားအချင်းချင်း မတည့်ကြတဲ့ အိမ်မျိုးမှာပဲ ဖြစ်ဖြစ် အဘွားက မကောင်းဘူး၊ အဖေက မကောင်းဘူး ဆိုတဲ့ အသံလေးတွေကို ဖြူစင်တဲ့ ကလေးတို့ရဲ့ နှုတ်ဖျားကနေ ကျမတို့ မကြာမကြာ ကြားရလေ့ ရှိပါတယ်။

ငါးနှစ် အရွယ်တောင် မပြည့်သေးတဲ့ ကလေးငယ်လေးဆီကနေ သူ့အဘွားရဲ့မကောင်းကြောင်းတွေကို လူကြီးတယောက်လို မဲ့ကာ ရွဲ့ကာ ပြောတတ်တာ၊ အဘွားကို မုန်းတယ်၊ အဖေ့ကို မုန်းတယ်၊ အမေ့ကို မုန်းတယ် ဆိုတဲ့ စကားလုံးတွေကို ကလေးအရွယ်နဲ့ မလိုက်အောင်ဘဲ တူးတူးခါးခါး ပြောတတ်၊ ဆိုတတ်တာတွေကိုလည်း ကျမတို့ မကြာမကြာ ကြားနေ မြင်နေရတာ ပါပဲ။ ဒါတွေကို ကလေးတို့ ဘာကြောင့် ပြောတတ်ရသလဲ။

ကလေး မသိရမယ့် လူကြီးများသာ သိရမယ့် အကြောင်းအရာတွေကို ကလေးတို့ ဘာကြောင့် ထဲထဲဝင်ဝင် သိနေရသလဲ ဆိုတာကို ဆန်းစစ်ကြည့်မယ် ဆိုရင် ကလေးတွေရဲ့ရှေ့မှာ ကျမတို့ လူကြီးတွေ အပြောအဆို၊ အနေထိုင် မဆင်ခြင်ကြ လို့ပါပဲ။

တကယ်တော့ လူတယောက်ကို လူတယောက်က မုန်းတီးခြင်းဆိုတဲ့ အမုန်းတရားဟာ ကလေးတို့ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့ စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်တဲ့ စိတ်ကို ဖျက်ဆီးပစ်ပါတယ်။ ကိုယ့်အနားမှာ ရှိနေတဲ့ လူတွေဟာ ကိုယ်နဲ့ သွေးသား တော် စပ်နေပေမယ့်လည်း မကောင်းတဲ့ လူတွေ၊ မုန်းစရာ ကောင်းတဲ့လူတွေလို့ သိထားတဲ့ ကလေးတယောက်ဟာ တခြားဘယ်လို လူတွေကိုမှ မယုံကြည်တတ်၊ မချစ်တတ်တော့ပါဘူး။

လူတွေကို မချစ်တတ်၊ မယုံကြည်တတ်ခြင်းဟာ သူ့ကိုယ်သူ အတွက်ရော၊ သူ့ရဲ့ ပတ်ဝန်းကျင်အတွက်ပါ အန္တရာယ်ရှိ ပါတယ်။ လူတွေကို မချစ်တတ်၊ မခင်တတ်၊ မကြင်နာတတ်တဲ့ လူမျိုးဟာ လူတွေရဲ့ကောင်းကျိုး၊ လူ့လောကရဲ့ ကောင်းကျိုးကိုလည်း မဆောင်ရွက်၊ မထမ်းပိုးချင်တော့ပါဘူး။ အရာရာတိုင်း အပေါ်မှာလည်း သံသယထားပြီးတော့ ဆက်ဆံတတ်ကြ ပါတယ်။

ကျမတို့ နိုင်ငံမှာ ရှိနေတဲ့ တချို့မိဘများကတော့ ကလေးတို့ကို ကိုယ့်မိသားစုက လွဲပြီးတော့ တခြားလူကို မယုံဖို့ ကလေးတို့ကို သင်တတ်ကြ ပါသေးတယ်။ အိမ်နီးနားဝန်းကျင်က လူတွေရဲ့ မကောင်းသတင်းတွေကိုလည်း ကလေးတို့ ရှေ့မှာပဲ ပြောဆိုတတ်ကြ ပါသေးတယ်။ ဒါဟာ တကယ်တော့ မိဘတယောက် အနေနဲ့ မလုပ်ရမယ့် အရာပါပဲ။

ကလေးစိတ်ပညာရှင် များကတော့ ကလေးတို့ရဲ့ ရင်ထဲကို ချစ်စိတ်ကိုသာ သွင်းပေးဖို့ လိုတယ်လို့ ဆိုပါတယ်။ ကလေးတယောက် လိမ္မာယဉ်ကျေးဖို့ အတွက် နူးညံ့ညင်သာစွာ ဆက်ဆံဖို့လိုသလို ကလေးတို့ရဲ့ရှေ့မှာ အမုန်းစကားတွေ မဆိုမိဖို့၊ ချစ်ခြင်း မေတ္တာတရားနဲ့ ကြီးပြင်းစေဖို့ လိုပါတယ်။

ကလေးတို့ စိတ်နေစိတ်ထား မှန်မှန်ကန်ကန်နဲ့ ကြီးပြင်းလာစေဖို့ အတွက် ကလေးတို့ရဲ့ဝန်းကျင်ဟာ ကလေးတို့ အတွက် စိတ်ပိုင်း ဆိုင်ရာ အတွက်ရော၊ ရုပ်ပိုင်းဆိုင်ရာ အတွက်ပါ လုံခြုံစိတ်ချရတဲ့ ဝန်းကျင်မျိုး ဖြစ်ဖို့လိုပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အတွက်ကတော့ ကလေးတို့ ကျန်းမာဖို့ ဆော့ကစားတဲ့ အခါမှာ အန္တရာယ်ကင်းကင်းနဲ့ ဆော့ကစားနိုင်ဖို့ ပါပဲ။ ရုပ်ပိုင်းဆိုင်ရာ လုံခြုံလွတ်လပ်ဖို့ ဆိုတဲ့ ကိစ္စကတော့ မြင်လွယ်၊ သိလွယ်၊ ထင်ရှားလွယ်ပါတယ်။

ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ လုံခြုံစိတ်ချရဖို့ ဆိုတဲ့ အရာကတော့ ရုပ်ပိုင်းဆိုင်ရာလိုမျိုး မသိသာ မထင်ရှားလှပါဘူး။ ဒါကြောင့်လည်း ကလေး ပြုစုစောင့်ရှောက်သူများနဲ့ မိဘအများစုဟာ ကလေးတို့ စိတ်ပိုင်းဆိုင်ရာ လုံခြုံစိတ်ချရဖို့ ဆိုတဲ့ကိစ္စကို သိပ်ပြီးတော့ အရေး တယူ မထားကြတာ များပါတယ်။

ကလေးတို့ စိတ်ပိုင်းဆိုင်ရာ လုံခြုံလွတ်လပ်မှု ရှိဖို့အတွက် မိဘများအနေနဲ့ ကလေးတို့ရဲ့ရှေ့မှာ အမုန်းစကားတွေနဲ့ တယောက်ကို တယောက်မပြောဆိုမိဖို့၊ မဝေဖန်မိဖို့ လိုပါတယ်။ လူကို မဝေဖန်ဘဲနဲ့ လူရဲ့လုပ်ရပ်တွေကိုသာ မှန်မှန်ကန်ကန် သမာသမတ်ကျကျ ဝေဖန် ပြောဆိုတတ်ဖို့လည်း လိုပါတယ်။ ဥပမာ မောင်ဘမကောင်းဘူး ဆိုတာမျိုး မပြောဘဲနဲ့ မောင်ဘရဲ့ ဘယ်လုပ်ရပ်ကတော့ မကောင်းဘူး။ ဒီလို မလုပ်သင့်ဘူး ဆိုတာမျိုးပါ။

ကလေးတို့ စိတ်ပိုင်းဆိုင်ရာ လုံခြုံလွတ်လပ်မှု ရှိဖို့အတွက် ကလေးတို့ရဲ့ အိမ်နဲ့ပတ်ဝန်းကျင်ဟာ မေတ္တာတရားများနဲ့ ပြည့်လျှံနေတဲ့ အိမ် ဖြစ်ဖို့လည်း လိုပါတယ်။ အိမ်မှာ ရှိနေတဲ့ လူများဟာ တယောက်ကိုတယောက် လေးစားတတ်ဖို့လည်း လိုပါသေးတယ်။

လေးစားတတ်ဖို့ ဆိုတဲ့ စကားရဲ့နောက်မှာ ကျယ်ဝန်းတဲ့ အနက်အဓိပ္ပာယ်တွေ ရှိသေးတာမို့ ဒီနေရာမှာ ကျမ နည်းနည်းလောက် ထပ် ရှင်းပြချင်ပါသေးတယ်။ အိမ်မှာ ရှိနေတဲ့ လူများဟာ တယောက်နဲ့တယောက် ဝါသနာ၊ အကျင့်စရိုက် မတူနိုင်ကြတာမို့ တယောက်ရဲ့ ဝါသနာနဲ့ တယောက်ရဲ့ စိတ်ဝင်စားမှုကို တခြားတယောက်က လေးစားတတ်ဖို့ လိုပါတယ်။

တချို့ အိမ်များမှာတော့ အိမ်သားများဟာ တယောက်ကို တယောက် လေးစားစိတ် မရှိကြပါဘူး။ တချို့မိခင်များက ကလေးတွေရဲ့ ရှေ့မှာတင် ယောက္ခမ မကောင်းကြောင်း၊ ယောက်ျား မကောင်းကြောင်း ပြောတတ်ကြပါတယ်။ တချို့များဆို ပြောရုံနဲ့တင် မကပါဘူး၊ နင့်အဘွားက ဘယ်လို၊ နင့်အဖေက ဘယ်လို ဆိုပြီးတော့ ကလေးကိုတောင် တိုင်တည် ပြောဆို တတ်ကြပါ သေးတယ်။

ကလေးတို့ရဲ့ စိတ်နှလုံးသား နုနုလေးထဲမှာ အဖေဟာ မကောင်းတဲ့လူ၊ အမေဟာ မကောင်းဘူး စသဖြင့် အထင်သေးစိတ်၊ အမုန်း စိတ် တို့ ဝင်ရောက်လာကြ ပါတော့တယ်။ ငါဟာ ဒီလို မကောင်းတဲ့ အမေ၊ မကောင်းတဲ့ အဖေရဲ့ သားသမီးပါလား ဆိုတဲ့ သိမ်ငယ် စိတ်လည်း ဝင်လာရပါတော့တယ်။ ဒါဟာကလေးတို့ရဲ့ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင် အထင်ကြီးစိတ် (Self-esteem) ပြိုကွဲခြင်း ပါပဲ။

တကယ်တော့ ပြဿနာ ဆိုတာဟာ ချမ်းသာဆင်းရဲ မရွေး အိမ်တိုင်း အိမ်တိုင်းမှာ ရှိကြတဲ့ အရာများ ပါပဲ။ ကျမတို့ ရှောင်လွှဲလို့ မရ ပါဘူး။ ဒါပေမယ့် ဒီပြဿနာတွေ၊ အမုန်းတရားတွေကို ကလေးတို့ဆီ လက်ဆင့်မကမ်းဘဲနဲ့ ဖြေရှင်းလို့ ရတဲ့နည်းတွေ အများကြီးပါ။

ကလေးဘဝ ဆိုတာဟာ တကယ်တော့ တိုတိုလေးပါပဲ။ ကလေးတို့ရဲ့ ကလေးဘဝမှာ ကလေး ပီပီသသ၊ စိတ်ချမ်းသာ ပျော်ရွှင်စွာနဲ့ မိဘတို့ရဲ့ ချစ်ခြင်းမေတ္တာ တရားများနဲ့ ကလေးတို့ကို ကြီးပြင်းခွင့် ရစေချင်ပါတယ်။ အမုန်းတရား၊ အမုန်းစကား တွေကို နာယူမှတ်သား ပြီးတော့ နာကြည်းစိတ်တွေ၊ သိမ်ငယ်စိတ်တွေနဲ့  ကလေးတို့ကို မကြီးပြင်းစေ ချင်ပါဘူး။

ဒါကြောင့်မို့လို့ မိဘများ အနေနဲ့ ကလေးတို့ ရင်ထဲကို အမုန်းတရားတွေ လက်ဆင့်မကမ်းမိစေဖို့ အတွက် ဝိုင်းဝန်း ကူညီပေးကြ ပါဦး။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading