သတင်း

ကြားဖြတ်အစိုးရ သတင်းကြောင့် Bi မွန်းတည့်နေ အယ်ဒီတာများကို ခေါ်ယူစစ်ဆေး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အပတ်စဉ်ထုတ် ဂျာနယ်တစောင်ဖြစ်သည့် Bi မွန်းတည့်နေ ဂျာနယ်မှ အယ်ဒီတာချုပ်နှင့် အယ်ဒီတာ အဖွဲ့ဝင် ၂ ဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲသတင်း အထူးတပ်ဖွဲ့ (SB) မှ ခေါ်ယူ စစ်ဆေးလျက် ရှိကြောင်း ယင်းဂျာနယ်ရုံးမှ စုံစမ်းသိရသည်။

ဇူလိုင်လ ၇ ရက်နေ့တွင် ဖြန့်ချိသည့် Bi မွန်းတည့်နေ ဂျာနယ် အတွဲ (၁)၊ အမှတ် (၂၉) တွင် “ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုများအား ကြားဖြတ်အစိုးရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း M.D.C.F ထုတ်ပြန်” ခေါင်းစဉ်ဖြင့် သတင်းဖော်ပြခဲ့မှုကြောင့် ဂျာနယ် အယ်ဒီတာချုပ် နိုင်စိုင်းအောင်၊ တာဝန်ခံ အယ်ဒီတာ အောင်သန့် (ကျိုက်ကော်) နှင့် တခြားအယ်ဒီတာ တဦးတို့  ခေါ်ယူစစ်ဆေးခံရခြင်း ဖြစ်ကြောင်း ယင်းဂျာနယ်မှ သတင်းထောက်ချုပ် ကိုသိန်းမင်းအောင်က ဧရာဝတီသို့ ပြောသည်။

“သတင်းက M.D.C.F (ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု) က ထုတ်ပြန်လို့ ထည့်တာ။ အချက်အလက်က ကျနော်တို့ဆီမှာ ခိုင်ခိုင်မာမာ ရှိပါတယ်။ မနေ့ကတော့ ကျနော်တို့ အယ်ဒီတာအဖွဲ့ကို ပန်းဆိုးတန်းက SB ရုံးက လာခေါ်သွားတယ်။ မနေ့ (ဇူလိုင်လ ၇ ရက်နေ့) က ၁၂ နာရီလောက်ကစပြီး အယ်ဒီတာချုပ်ကို စခေါ်သွားတာ။ တာဝန်ခံ အယ်ဒီတာကိုတော့ ညနေ ၄ နာရီလောက်ကျမှ ခေါ်သွားတာ။ အခုချိန်အထိတော့ ပြန်မလွှတ်သေးဘူး ” ဟု ကိုသိန်းမင်းအောင်က ဇူလိုင်လ ၈ ရက်နေ့ နေ့လည်ပိုင်းတွင် ပြောဆိုသည်။

ရဲသတင်း အထူးတပ်ဖွဲ့က မွန်းတည့်နေ အယ်ဒီတာများကို ဂျာနယ်တွင် ဖော်ပြခဲသည့် သတင်းနှင့် ပတ်သက်၍ ခေါ်ယူစစ်ဆေးနေသည်မှာ ဟုတ်မှန်ကြောင်း ယင်းတပ်ဖွဲ့မှ ရဲမှူး ကျော်စိုးက အတည်ပြုသည်။

“ခေါ်စစ်နေတာတော့ ဟုတ်တယ်။ အဖွဲ့တခုက စစ်နေတာပါ ။ ကျနော်က စစ်ဆေးရေးအပိုင်း မဟုတ်တော့ သေချာ မသိပါဘူး” ဟု သူက ဆိုသည်။

ယနေ့ထုတ် အစိုးရပိုင် သတင်းစာတွင် ဖော်ပြချက်အရ အဆိုပါသတင်းကို ဖတ်ရှုသူများအနေဖြင့် ထင်ယောင်ထင်မှား ဖြစ်စေပြီး နိုင်ငံတော် အစိုးရကို အကြည်ညိုပျက်စေခြင်း ၊ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးကို ထိခိုက်စေခြင်းနှင့် အများပြည်သူ၏ အကျိုးပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်သည်ဟု ဆိုသည်။

ယင်းသတင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနက စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ ကြားဖြတ်အစိုးရအဖြစ် တင်မြှောက်ခြင်းမှာ အမှန်တကယ်ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ပါက နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြင့် ဆန့်ကျင်သဖြင့် တည်ဆဲဥပဒေများဖြင့် အရေးယူခံရနိုင်ကြောင်း အစိုးရ သတင်းစာတွင် ရေးသားထားသည်။

ယခုသတင်းကို ထုတ်ပြန်ခဲ့သည့် M.D.C.F အဖွဲ့ ခေါင်းဆောင် ဦးထင်ကျော်သည် အစိုးရကို အကြည်ညိုပျက်စေမှု ၅၀၅ (ခ) ဖြင့် တောင်ဥက္ကလာ၊ ကျောက်တံတား၊ တောင်ဒဂုံ နှင့် ဒဂုံဆိပ်ကမ်း မြို့နယ် တရားရုံးများတွင် အမှုရင်ဆိုင်နေရသူဖြစ်ပြီး တောင်ဥက္ကလာ တရားရုံးက ၎င်းအား ထောင်ဒဏ် ၆ လ ချမှတ်ခဲ့သဖြင့် အင်းစိန်ထောင်သို့ ပို့ဆောင်ခံထားရသည်။

ယခုကဲ့သို့ Bi မွန်းတည့်နေ အယ်ဒီတာများ ခေါ်ယူစစ်ဆေးမည့် ကိစ္စအား သက်ဆိုင်ရာ အာဏာပိုင်များက မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီသို့ ကြိုတင် ဆက်သွယ် အသိပေးခြင်း မရှိကြောင်း ၊ ဂျာနယ်ဘက်မှလည်း လာရောက် ဆက်သွယ်ခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီဝင် ဦးမြင့်ကျော်က ပြောသည်။

“အခုက ကျင့်ဝတ်ဆိုင်ရာ ကိစ္စထက်ကို နိုင်ငံတော် လုံခြုံရေးဆိုတဲ့ပုံစံနဲ့ တိုက်ရိုက်အရေးယူတဲ့ ပုံစံဖြစ်နေတယ်။ ဒီကိစ္စက ထုတ်ပြန်တဲ့ အဖွဲ့မှာလည်း တာဝန်ရှိတယ်။ ရေးသားဖော်ပြတဲ့ ဂျာနယ်အနေနဲ့လည်း ကျင့်ဝတ်ပိုင်းဆိုင်ရာအရ တာဝန်ရှိပေမယ့် အခုလိုတော့ နိုင်ငံတော်ကို အကြည်ညို ပျက်စေတယ်ဆိုတဲ့ အဆင့် ပုဒ်မမျိုးတွေက မတပ်သင့်ဘူး။ မလုပ်သင့်ဘူးလို့ မြင်တယ်” ဟု ဦးမြင့်ကျော်က ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading