မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း-မြန်မာနိုင်ငံက စာမျက်နှာ ၉၀ ပါသော “တရားမျှတမှုကို ခြေရာ ကောက်ခြင်း” အမည် ရှိ အစီရင်ခံစာ တစောင်ကို ယမန်နေ့က ထုတ်ပြန်လိုက်သည်။
အဆိုပါ အစီရင်ခံစာတွင် မြန်မာနိုင်ငံတွင်း ကရင်ပြည်နယ်တောင်ပိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသတို့တွင် လူ့ အခွင့် အရေး ချိုးဖောက်မှုများကို အသေးစိပ် ရေးသားဖော်ပြထားပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်အတူ အသွင် ကူးပြောင်းမှုကို ငြိမ်းချမ်းစွာ ဖြတ်သန်းနိုင်ရေး၊ အစိုးရနှင့် ပြည်သူအကြားဆက်ဆံရေး၊ ယုံကြည်မှု တည်ဆောက်ရေး လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြထားသည်။
လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ မြေယာသိမ်းမှု၊ အဓမ္မ လုပ်အားပေး ခိုင်းစေမှု၊ ရိုက်နှက်ညှဉ်းပန်းမှု၊ သတ်ဖြတ် မှု၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုနှင့် အဓမ္မပြုကျင့်မှုများ စသည်တို့ ဇူလိုင်လ ၇ ရက် ထုတ်ပြန်သည့် အစီရင် ခံစာ တွင် ပါဝင်သည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်မည်ဆိုပါက ငြိမ်းချမ်းရေးတည်ဆောက်မှုသည် အရေးအကြီးဆုံးဖြစ်သည်ကို အစီရင်ခံစာက ထောက်ပြထားပြီး ယုံကြည်မှုတည်ဆောက်ရေး၊ အမျိုးသား ရင်ကြားစေ့ရေးနှင့် တရားမျှတမှု ဆိုင်ရာ အသွင်ကူးပြောင်းရေး အချက် ၃ ချက်လိုအပ်ကြောင်းလည်း အစီရင်ခံစာက ဆိုသည်။
ဇူလိုင် ၇ ရက်သည် လွန်ခဲ့သည့် ၅၂ နှစ်က စစ်အာဏာသိမ်း အစိုးရက ကျောင်းသားသမဂ္ဂ အဆောက်အအုံကို မိုင်းခွဲဖျက်ဆီး ခဲ့ပြီး ကျောင်းသားများကို သတ်ဖြတ်၊ ဖမ်းဆီးကာ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်ခဲ့ခြင်းကို မီးမောင်းထိုးပြ လို၍ အစီရင် ခံစာ ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း မွန်ပြည် လူ့အခွင့်အရေး ဖောင်းဒေးရှင်း၏ သတင်းထုတ်ပြန်ရေး တာဝန်ခံ နိုင်အဲမွန်က ဧရာဝတီ ကို ပြောသည်။
“ဇူလိုင် ၇ ရက်ဆိုတာ တချိန်က မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးတွေ ဆိတ်သုဉ်းတဲ့ နေ့၊ အထင်ကရနေ့ဖြစ်လို့ အစီရင် ခံစာကို ထုတ်ပြန်လိုက်တာပါ”ဟု သူက ဆိုသည်။
မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း-မြန်မာနိုင်ငံ ကို ၁၉၉၅ ခုနှစ်က ထိုင်းနိုင်ငံတွင် အခြေစိုက်ကာ မွန်ကျောင်းသား လူငယ် များနှင့် လူထုခေါင်းဆောင်များက စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
တရားမျှတမှုကို ခြေရာ ကောက်ခြင်း (မြန်မာနိုင်ငံ၏ အတိတ်ကို ရောင်ပြန်ဟတ်ခြင်းနှင့် အနာဂတ်ကို မျှော်ကြည့်ခြင်း) အမည် ရှိ သည့် အစီရင်ခံစာနှင့်ပတ်သက်ပြီး အတိတ်ကာလက ဖြစ်ပျက်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ချိုးဖောက်ခံရသည့် နစ်နာသူများကို ဖော်ထုတ်တွေ့ဆုံပြီးနောက် ၎င်းတို့၏ လိုလားမှုများကို အစိုးရနှင့် နိုင်ငံတကာက သိစေရန် အတွက် အစီရင်ခံ စာ ထုတ်ပြန်ခြင်းဖြစ်ကြောင်း နိုင်အဲမွန်က ဆက်ပြောသည်။
အစီရင်ခံစာအတွက် အချက်အလက် စုဆောင်းရာတွင် အခက်အခဲများစွာ ရှိခဲ့ပြီး လူ့ အခွင့်အရေး ချိုးဖောက်ခံခဲ့ရသည့် နစ်နာ သူ ကာယကံရှင်များ၏ စိုးရိမ်မှု အကြောက်တရား ကြီးထွားမှုများကိုလည်း တွေ့ကြုံခဲ့ရပြီး သက်ဆိုင်ရာ အာဏာပိုင်များက ကန့်သတ်မှုများကိုလည်း အဖွဲ့၏ ၁၅ နှစ်တာ သက်တမ်းကာလအတွင်း ကြုံတွေ့ခဲ့ကြရသည်ဟု နိုင်အဲမွန်က ရှင်းပြသည်။
“ဒီ အစီရင်ခံစာမှာ အတိတ်ကာလက ဖြစ်ပျက်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုဆောင်းတယ်၊ ပြန်ပြီး အသုံးပြုတယ် ဆိုတဲ့ ကိစ္စကလည်း အစိုးရအတွက် တနည်းတဖုံအကြပ်ရိုက်ဖို့ အခြေအနေတွေရှိတယ်။ ဒီတော့ ကွင်းဆင်း ကောက်ခံတဲ့ တချို့နေရာတွေမှာ အခက်အခဲတွေအများကြီးကို ကျော်လွှားရတာတွေ ရှိတယ်” ဟု သူက ဆိုသည်။
လူ့အခွင့်အရေး ချိုးဖောက်မှုများကို စနစ်တကျ ကောက်ခံ စုဆောင်းပြီး ဖော်ထုတ်ပြောဆိုနေခြင်းသည် တရားဥပဒေ စိုးမိုးရေး ကို အဓိက အထောက်အပံ့ဖြစ်စေလိုပြီး ငြိမ်းချမ်းရေးကိုလည်း အထောက်အပံ့ဖြစ်ရမည်ဟု ယုံကြည်ပြီး သက်ဆိုင်ရာ ဒေသတွင် နိုင်နိုင်နင်းနင်း လုပ်ဆောင်ခဲ့ကြောင်းနှင့် တနိုင်ငံလုံး အတိုင်းအတာနှင့် အခြားသော အဖွဲ့အစည်း အသီးသီးနှင့်လည်း လက်တွဲ ဆောင်ရွက်လျှက် ရှိကြောင်း မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်းက ပြောသည်။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ဆောင်နေသော်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများသည် ဆက်တိုက်ဖြစ် နေပြီး အစိုးရ ဝန်ထမ်းများက ကျူးလွန်ထားသော်လည်း အပြစ်ပေးခြင်းမရှိဘဲ ကင်းလွတ်ခွင့်ပေးနေဆဲ ဖြစ်ကြောင်း၊ အစိုးရနှင့် အစိုးရ ဝန်ထမ်းများသည် ဥပဒေ၏ အထက်တွင် အမြဲရှိနေသကဲ့သို့ ဖြစ်နေကြောင်းလည်း နိုင်အဲမွန် က ထောက်ပြသည်။
“နှစ်ပေါင်း ၅၀ ကျော် အစိုးရ အဆက်ဆက်မှာ ဒီလိုမျိုးပဲ လူ့အခွင့်အရေးချိုးဖောက်သူတွေကို မကိုင်တွယ်ဘဲထားတော့ အစိုးရ အပေါ် ယုံကြည်မှု မရှိဘူး။ ဒီလိုအချိန်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာဒါက ရိုက်ခတ်တာပါပဲ၊ ယုံကြည်မှုမရှိရင် ငြိမ်းချမ်းရေး ဖော်ဆောင်လို့မရနိုင်ပါဘူး”ဟု သူက လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေး ဆက်စပ်ပုံကို ရှင်းပြသည်။
အသွင် ကူးပြောင်းရေးကာလ နိုင်ငံပြန်လည် တည်ဆောက်မှုတွင် ကဏ္ဍကြီး ၅ ရပ်ဖြစ်သည့် လူ့အခွင့်အရေး ချိုး ဖောက်ခဲ့သူများအား အပြစ်ပေးအရေးယူမှု၊ အမှန်တရား ဖော်ထုတ်ခြင်း၊ နိုင်ငံတော် အင်အားစုများကို တည်ဆောက် ခြင်း၊ လျော်ကြေးပေးသည့် အစီအစဉ်၊ ပြန်လည် ထူထောင်ရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးဆိုသည်တို့ကို ဖြတ်သန်း ကြရမည်ဟု ဆိုသည်။
“ပြန်လည်ထူထောင်ရေးအတွက် သူတို့ အကူအညီတွေ လိုနေတယ်။ နာကြည်းနေတဲ့ ဒဏ်ရာတွေကို ကုစားဖို့ အစိုးရ ဘက် က အသိအမှတ်ပြုဖို့ ဝန်ခံဖို့ ကာယကံရှင်တွေက လိုလားတယ်။ ဒါတွေကို လုပ်ပေးနိုင်ဖို့ ကျနော်တို့ အစီရင်ခံစာက တိုက်တွန်းတာ ဖြစ်ပါတယ်”ဟု နိုင်အဲမွန်က ပြောဆိုသည်။