Human Rights

ရာဇဝတ်မှု ကျူးလွန်တဲ့ စစ်ခေါင်းဆောင်တွေ ဖော်ထုတ်အရေးယူဖို့ WLB တိုက်တွန်း

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

စစ်တပ်ခေါင်းဆောင်တွေ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို ဖော်ထုတ်ပြီး တရားမျှတစွာ အရေးယူဆောင်ရွက်ဖို့ အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာ နိုင်ငံ (WLB) က ထိုင်း-မြန်မာနယ်စပ် တနေရာမှာ ဇူလိုင်လ ၆ ရက်နေ့က ပြုလုပ်တဲ့ နိုင်ငံရေးပါတီ ၁၂ ပါတီ နဲ့ တွေ့ဆုံပွဲမှာ ပြောဆိုလိုက်ပါတယ်။

နဝတ၊ နအဖ စစ်အစိုးရတွေ လက်ထက်က ကျူးလွန်ခဲ့ကြတဲ့ ရာဇဝတ်မှုတွေကို အသွင်ကူးပြောင်းရေး ကာလမှာ အရေးယူ မခံရဖို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို စစ်တပ်က ပါးပါးနပ်နပ်နဲ့ စိတ်ကြိုက် ရေးဆွဲခဲ့တာဖြစ်ပြီး အဲဒီ ပြဌာန်းချက်တွေကို လွှတ်တော် ထဲ က အမတ်တွေနဲ့ နိုင်ငံရေးပါတီတွေက လုပ်ပိုင်ခွင့်ရှိတာကြောင့် ချပြဆွေးနွေးခဲ့တာ ဖြစ်တယ်လို့ WLB ကပြောပါတယ်။

WLB အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညို က “တချို့ကကြတော့လည်း လေပြေအေး တရားဟောတာပေါ့။ သင်ပုန်း ချေလိုက်ကြဖို့၊ ခွင့်လွှတ်လိုက်ဖို့ပေါ့။ ကျမတို့အနေနဲ့မြင်တာက ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ ဆိုတာက မှားနေတဲ့ အရာတခုကို ဒီအတိုင်းပဲ လျစ်လျူရှုလိုက်ရုံနဲ့ အမှန်တခုကို ရောက်မသွားဘူး။ အဲဒီအမှားတခုဟာ အမှန်တခုအတွက် အရမ်း အရေးကြီးတယ် ဆိုရင် ဖော်ထုတ်ရမှာပဲ။ ဒါကြောင့်မလို့ ကျမတို့တွေက ဖော်ထုတ်နေတာပဲ”လို့ ပြောပါတယ်။

တိုင်းရင်းသူ အမျိုးသမီးတွေအနေနဲ့ စစ်တပ်ရဲ့ ရာဇဝတ်မှု ကျူးလွန်တာတွေကို စစ်အစိုးရ လက်ထက်မှာခံစားခဲ့ရသလို လက်ရှိ အချိန်အထိလည်း ဆက်လက် ချိုးဖောက်ခံနေရကြောင်း၊ ပြည်သူတွေ ကျူးလွန်ခံနေရတဲ့ ဒုက္ခတွေကို နိုင်ငံရေးပါတီတွေနဲ့ လွှတ် တော် အမတ်တွေက ဖော်ထုတ်ပြီး တရားမျှမျှတတ ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဆိုပါတယ်။

စစ်တပ်က ရေးဆွဲပြဌာန်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၄) ပုဒ်မ (၄၅၅) အရ အရင် နဝတ၊ နအဖ အစိုးရတွေ လက်ထက်က တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အစိုးရအဖွဲ့ ဒါမှမဟုတ် အစိုးရ အဖွဲ့ဝင် တဦးဦးရဲ့ တာဝန် အရ ဆောင်ရွက်ခဲ့တဲ့ ဆောင် ရွက်ချက်တွေကို အကြောင်းပြုပြီး အဲဒီ ပုဂ္ဂိုလ်တွေကို တရားစွဲဆိုခြင်း၊ အရေးယူခြင်းတွေ မပြုလုပ်ရဘူးလို့ ပြဌာန်းထားပါတယ်။

“အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရတဲ့ကိစ္စတွေ ဆက်လက်ပြီး အကြမ်းဖက်ခံနေရတဲ့ ကိစ္စတွေကို ဖော်ထုတ်တာ အဲဒီ ရည်ရွယ်ချက်ပါတယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ဒီအမျိုးသမီးတွေက ဒီလိုပဲအနာတရတွေနဲ့ သူတို့ဘဝမှာ ဆက်လက်ပြီး တော့ မှ လျှောက်လှမ်းရဦးမယ် ဆိုလို့ရှိရင် ဘယ်လိုလုပ် ငြိမ်းချမ်းမလဲ။ ငြိမ်းချမ်းရေး ဆိုတာက တဦးတယောက်ချင်းစီ မှာလည်း အများကြီးမူတည်တယ်။ ကိုယ့် တကိုယ်ရေ ငြိမ်းချမ်းမှသာ ကိုယ့်ရဲ့လူမှုအသိုင်းအဝိုင်းမှာ ငြိမ်းချမ်းအောင် လုပ်နိုင်မှာ။ ပြီးမှတဆင့် နိုင်ငံတော်ကို ငြိမ်းချမ်းအောင်လုပ်နိုင်မှာ”လို့ ဒေါ်တင်တင်ညို က ရှင်းပြပါတယ်။

ဆွေးနွေးပွဲမှာ ၁၂ ပါတီက WLB ရဲ့ လုပ်ငန်းစဉ်တွေကို မေးမြန်းကြသလို WLB ကလည်း ဖက်ဒရယ် ဒီမိုကရေစီ အရေးကိစ္စ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေပါဝင်မှု၊ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး၊ အမျိုးသမီးတွေ အပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်မှု နဲ့ လက်ရှိနိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ စစ်ပွဲတွေနဲ့ ဘာသာရေး ပဋိပက္ခ ဖြစ်စဉ်တွေအပေါ်မှာ အမြင်သဘောထားတွေကို ဆွေးနွေး ဖလှယ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ စည်းလုံးညီညွှတ်ရေးနဲ့ ဒီမိုကရေစီပါတီ(UDPKS) အမျိုးသားလွှတ်တော်အမတ် ဦးခက်ထိန်နန် က “အမျိုးသမီးဆိုတာ ကျနော်တို့ လူမှုအဖွဲ့အစည်းမှာရော နိုင်ငံမှာရော အဓိကပါပဲ။ ဒါပေမယ့် နေရာတကာမှာ သူတို့ရဲ့ ပါဝင်မှုအား နည်း တယ်။ ဦးစားပေးမှု အားနည်းတယ်။ အထူးသဖြင့် ပဋိပက္ခဖြစ်တဲ့၊ ပြည်တွင်း မတည်မငြိမ်ဖြစ်တဲ့အခါမှာ ပိုပြီးတော့ ဒုက္ခကြုံရတာက အမျိုးသမီးတွေ၊ မိခင်တွေနဲ့ ကလေးတွေ ဖြစ်နေတာပေါ့။ ဒါတွေကို ပိုပြီးတော့ သိရတယ်။ သိရတော့ ဒီကဏ္ဍမှာ ကျနော် တို့က ပိုပြီးတော့ ပါဝင်ရမယ်။ ကြိုးစားရမယ်၊ ပိုပြီးတော့ တာဝန်ရှိလာတယ်ဆိုတာ သူတို့တင်ပြလာတဲ့ အပေါ်မှာ ပိုပြီးတော့ နား လည် လာတယ်”လို့ ဆိုပါတယ်။

ဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီ အင်အားစု (NDF)၊ တိုင်းရင်းသား စည်း လုံးညီညွှတ်ရေးပါတီ (NUP)၊ Democratic Party (Myanmar)၊ ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေးပါတီ (DPP)၊ ကရင်ပြည်သူ့ပါတီ (KPP)၊ ချင်းတိုးတက်ရေး ပါတီ (CPP)၊ ရခိုင်အမျိုးသားပါတီ (ANP)၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ(AMRDP)၊ စည်းလုံးညီညွတ်ေရးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (UDPKS)၊ တိုင်းလျဲန်(သျှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ လို့ခေါ်တဲ့ (TNDP)၊ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ (KSDP)နဲ့ Kayah National Race Democracy Party (KNRDP) တို့က ကကိုယ်စားလှယ် ၂၃ ဦး တက်ရောက်ကြပါတယ်

ပါတီ ၁၂ ပါတီအနေနဲ့ WLB နဲ့တွေ့ဆုံ ဆွေးနွေးခဲ့သလို တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT)၊ Pyi Duang Su Institute ၊ ရှမ်းအမျိုးသမီးရေးရာ လှုပ်ရှားဆောင်ရွက်ရေး အသင်း(SWAN) အဖွဲ့၊ ကချင် အမျိုးသမီး အစည်းအရုံး (KWAT) တို့နဲ့လည်း တွေ့ဆုံခဲ့ပြီး အမြင်တွေဖလှယ်ခဲ့ကြပါတယ်။

WLB ဟာ ၂၀၁၁ ခုနှစ်တုန်းကလည်း မြန်မာ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အပေါင်းအပါ စစ်ခေါင်းဆောင်တွေ ကျူးလွန်ထားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးမှာ တရားစွဲဆိုနိုင်ရေးကို ဦးတည်ပြီး ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် (UN COI) ဖွဲ့စည်းဖို့ တောင်းဆိုခဲ့ဖူးပါတယ်။

၂၀၁၀ ခုနှစ် အောက်တိုဘာလတုန်းက ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မစ္စတာ ကင်တာနာ က မြန်မာနိုင်ငံတွင်း လူ့ အခွင့်အရေး ချိုးဖောက်မှုတွေဟာ ကုလ သမဂ္ဂ စံနှုန်းတွေအရ စစ်ရာဇဝတ်မှု မြောက်ကြောင်း ပြောဆိုခဲ့ပြီး ကုလသမဂ္ဂ စုံစမ်း ရေး ကော်မရှင်တရပ် ဖွဲ့သင့်ကြောင်း အကြံပြုတောင်းဆို ခဲ့ဖူးပါတယ်။ ကုလသမဂ္ဂ ဦးဆောင်တဲ့ စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ နယူးဇီလန်၊ ကနေဒါ အပါအဝင် ၁၃ နိုင်ငံက ထောက်ခံခဲ့ကြပါတယ်။

ကော်မရှင် ဖွဲ့စည်းရေး ထောက်ခံသူတွေက စစ်အစိုးရရဲ့ ကလေးစစ်သားကိစ္စ၊ တိုင်းရင်းသား ကျေးရွာ ထောင်ချီ ဖျက်ဆီးပစ် ခဲ့တဲ့ ကိစ္စတွေကို ထောက်ပြကြလို့ အကျိုးဆက်အဖြစ် ဒေသခံပြည်သူတွေ တောတောင်တွေနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ထွက်ပြေးခိုလှုံနေကြရတယ်လို့ ထောက်ပြခဲ့ကြပါတယ်။

ဒါ့အပြင် စစ်တပ်က အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှုကို လက်နက်သဖွယ်သုံးခြင်း၊ ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ စစ်တပ် စီမံကိန်း တွေအတွက် အဓမ္မလုပ်အားပေး ခိုင်းစေခြင်းတွေနဲ့ စစ်ဆင်ရေးမှာ လူသား မိုင်းရှင်း ကိရိယာအဖြစ် အသုံးပြုနေခြင်းတွေလည်း ရှိတယ်လို့ ဆိုထားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading