ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နယ် ဆာပါချောင်ကျောင်းစု ရပ်ကွက် ဆိပ်ကြီး ကံဦးကျောင်း ကျောင်းထိုင် ဖယ်ရှား ခံရမှုနှင့် ပတ် သက်ပြီး ဒေသခံ ဒကာ ဒကာမများက မကျေနပ်၍ ဇူလိုင် ၉ ရက်တွင် ဆန္ဒပြရန် စီစဉ်နေကြောင်း သိရသည်။
ကျောင်းထိုင် ဆရာတော် ဦးကုသလ အား ကျောင်းမှ အပြီး ဖယ်ပေးရန် နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့(မဟန)က အမိန့်ချခဲ့သည့် အပေါ် ဒလ ဒေသခံများက ဆရာတော် ကျောင်းမှ မထွက်ခွာရေး အတွက် ဆန္ဒဖော်ထုတ်မည်ဟု ဒေသခံတဦး ဖြစ်သူ ဒေါ် စန်းစန်းမြင့်က ပြောပြသည်။
“ဆရာတော် ဒီကျောင်းကနေ မထွက်ဖို့ အတွက် ကျမတို့ ဒကာ ဒကာမတွေက ဒီလ ၉ ရက်နေ့ မနက်၉ နာရီမှာ ဘုန်းကြီးကျောင်း ကနေ ဒလ နာရီစင် အထိ လမ်းလျှောက် ဆန္ဒပြ ကြမယ်။ ဆန္ဒပြဖို့ ၅ ရက်နေ့ တင်ပြီး ၆ ရက်နေ့က ကျတယ်”ဟု ဒလမြို့နယ်အတွင်း နေထိုင်သူ ဆရာတော် ဦးကုသလ၏ ဒကာမလည်း ဖြစ်သည့် ဒေါ်စန်းစန်းမြင့်က ဧရာဝတီကို ပြောသည်။
မေလ ၂၁ ရက်တွင် သံဃ မဟာနာယက အဖွဲ့က ဆရာတော် ဦးကုသလအား ဇူလိုင် ၆ ရက် နောက်ဆုံးထား၍ ကျောင်း မှ ထွက် ခွာရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆာပါချောင်ကျောင်းစု ရပ်ကွက် ဆိပ်ကြီး ကံဦးကျောင်း ကျောင်းထိုင် ဦးကုသလကို ဖယ်ရှားပေးရန် ရန်ကုန်မြို့လမ်းမတော် မြို့နယ် သရက်တောတိုက် သာသနော ဒယ ကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ပဝရာဘိဝံသက သံဃမဟာနာယက သို့ လျှောက်ထား တိုင်ကြားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ပဝရာဘိဝံသက “ဆုံးဖြတ်ချက်နေ့က ဒီလ ၃ ရက်နေ့ပါ။ သူကလည်း ထွက်ပေးမယ်လို့ ဝန်ခံ ကတိပြု ထားပြီးပါပြီ။ သူ့ကို ၂၀၁၂ ခုနစ် ကတည်းက ကျောင်းကနေ ဖယ်ဖို့ ပြောထားပါတယ်။ သူက မဖယ်ပေးဘူး။ ဘုန်းကြီးစကားကို နားမထောင်လို့ တိုင်တာပါပဲ”ဟု ဧရာဝတီကို မိန့်သည်။
ထိုကျောင်းကို ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ပဝရာဘိဝံသက ၂၀၀၇ ခုနှစ်တွင် တပည့်ရင်း ဖြစ်သည့် ဦးကုသလ သို့ လွှဲပြောင်းပေး အပ်ထားခြင်း ဖြစ်ကြောင်း၊ ယခုမှု ဦးကုသလ အနေဖြင့် မိမိ၏ ပြောဆို ဆုံးမမှုကို မလိုက်နာသောကြောင့် ဖယ်ရှားခိုင်းရခြင်း ဖြစ်ကြောင်း ဆက်လက် မိန့်ကြားသည်။
ဖယ်ရှားခိုင်းရခြင်း အကြောင်းရင်း၌ ဆာပါချောင်ကျောင်းစု ရပ်ကွက် ဆိပ်ကြီး ကံဦးကျောင်းတွင် သက်တမ်း နှစ် ၁၀၀ ခန့်ရှိ ဘုရား သုံးဆူ ရှိရာ တဆူ ပျောက်ဆုံးနေမှု ပါဝင်ကြောင်းလည်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ပဝရာဘိဝံသ က ဆိုသည်။
ဒလမြို့မှ ဒေသခံ ဒကာဒကာမများကမူ ထိုကျောင်းသည် ဒေသခံများ ၏ အလှူငွေများဖြင့် ပြန်လည် တည်ဆောက်ထားခြင်း ဖြစ်၍ မိမိတို့ ကိုးကွယ်လိုသော ဆရာတော် ဦးကုသလ ကို ဆက်လက် ကျောင်းထိုင် စေလိုကြောင်း ပြောဆိုသည်။
ဆရာတော် ဦးကုသလ ရောက်ရှိချိန်တွင် ကံဦး ဘုန်းကြီးကျောင်းသည် ကျောင်းဆောင်ဟောင်း ဖြစ်နေသည့် အတွက် ဖျက်ပြီး ပြန် လည် ပြုပြင်ဆောက်လုပ်ခဲ့ကြောင်း၊ ဆရာတော်သည် ဘုရားပစ္စည်းများကို ရောင်းစားခြင်းလည်း မရှိခဲ့သဖြင့် ဆရာတော် တခြား ကျောင်းကို မကြွရေး ဒကာဒကာမများက တားဆီးသွားမည် ဖြစ်သည်ဟု ဒလမြို့နယ်အတွင်း နေထိုင်သည့် ဒေါ်ပုလုံး က ပြော သည်။
ကံဦးကျောင်း၌ ဦးပဝရပိုင်ဆိုင်သော ကျောင်းမဟုတ်ပါ။ ရပ်ကွက်သူ၊ သားများ တနေ့ ၁၀၀ ကျပ်နှင့် ဆောက်သော ကျောင်းဖြစ်ပါသည်။ ဝိနည်း ဓမ္ခ္မကံနှင့်အညီ ဆောင်ရွက်ပေးပါ။ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးပါ။ ဦးကုသလအား ရေစက်ချပြီး လှူဒါန်းထားခြင်းဖြစ်သည် ဟု ရေးသားထားသော ဆိုင်းဘုတ်လည်း ထောင်ထားသည်။
ဒလ လူထုအနေဖြင့် ယင်းကိစ္စကို လက်တွေ့ကျကျ သုံးသပ်ပေးရန်၊ မဟန ဆီ စာပြန်တင်မည်ဟုလည်း သိရသည်။
ဆရာတော် ဦးကုသလက“အမိန့်ချတဲ့ အပေါ်မှာ ဘာမှ မပြောလိုပါဘူး။ အမိန့်ချတဲ့ စာရွက်ပေါ်မှာလည်း လက်မှတ် ရေးထိုးပြီးပါပြီ။ ဦးပဉ္စင်းလည်း ထွက်ဖို့ လုပ်နေပါတယ်”ဟု မိန့်သည်။
ကံဦးကျောင်းမှ သံဃာတော် တပါး ဖြစ်သော ဦးကုမာရက ဆရာတော် ဦးကုသလသည် သက်တော် ၃၆ နှစ် ရှိပြီး ဝါတော် ၁၆ နှစ် ရှိကြောင်း၊ ဆရာတော်သည် ကံဦး ဘုန်းကြီးကျောင်းတွင် ၇ နှစ် သီတင်းသုံး နေထိုင်ခဲ့ကြောင်း၊ ဆရာတော် ဦးကုသလသည် ကံဦးကျောင်းကို ရောက်ရှိ ခဲ့စဉ်တွင် ကျောင်းဆောင်ဟောင်းသာ ရှိခဲ့ပြီး ၂၀၀၈ ခုနစ်တွင် နာဂစ်ဒဏ်ကြောင့် ကျောင်းကြီး ပျက်စီး ခဲ့ရာ၂၀၀၉ ခုနစ်၌ ဒလမြို့နယ်မှ ဒကာ ဒကာမများနှင့် အခြား အလှူရှင်များကြောင့် ကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ခဲ့ခြင်း ဖြစ်ပြီး ကျောင်းဆောင်သစ် တည်ဆောက်ရာ၌ အကြွေးများ တင်နေသည်ဟု မိန့်ကြားသည်။
ကံဦးကျောင်းအား ၁၉၈၅ ခုနစ် မတ်လမှ စတင်၍ ရန်ကုန်မြို့ သရက်တောတိုက် သာသနောဒယကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ပဝရာ ဘိဝံသ၊ ကံဦးကျောင်း၌ သီတင်းသုံးနေသော ဦးဉာဏိကနှင့် ဦးဉာဏတို့ သုံးပါးကို လှူဒါန်းရရှိခဲ့ပြီး ဦးဉာဏိကနှင့် ဦးဉာဏတို့ ပျံလွန်တော်မူ သွားသည့်အခါ ကံဦးကျောင်းသည် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပဝရာဘိဝံသ တပါးတည်းပိုင် အဖြစ် သို့ ရောက်ရှိလာခြင်း ဖြစ်သည်ဟု သိရသည်။