ကယားပြည်နယ် လွိုင်ကော်မြို့ပြင်ဘက်ရှိ ဒေါမူကလား ကျေးရွာ ဖြစ်သည်။ တမျှော်တခေါ် ကျယ်ပြန့်ပြူးသည့် ယာခင်းပြင် လမ်း လယ် အူကြောင်း တနေရာတွင် လူစုလူဝေး တစုကို လှမ်းမြင်ရသည်။ ဘေးတဖက် တချက်တွင် ထွန်ယက် စိုက်ပျိုးလက်စ ပြောင်း ပင် ငယ်များကို တွေ့ရသည်။
လူပေါင်း ၃၀ ဝန်းကျင်ရှိသည့် ယင်းလူအုပ်စုထဲတွင် အစိုးရ စစ်တပ် ယူနီဖောင်း ဝတ်ဆင်ထားသည့် စစ်သားများ၊ နို့စို့အရွယ် ကလေး ငယ်များကို ချီပိုးထားသည့် အမျိုးသမီးများနှင့် ဆယ်ကျော်သက်အရွယ် မိန်းကလေးများကို တွေ့ရသည်။
သူတို့သည် ပေါက်တူးကိုယ်စီ ကိုင်ထားကြသည်။ တချို့အမျိုးသမီးများက တပ်ရင်း တံဆိပ်များ တပ်ဆင်ထားသည့် စစ်အကျႌကို ဝတ်ဆင်ထားပြီး၊ စစ်ဦးထုပ်ကိုလည်း ဆောင်းထားကြသည်ကို တွေ့ရသည်။
သူတို့သည် စစ်တပ် အခေါ် ဖက်ထိပ် (လုပ်အားပေး) လာကြရသူများ ဖြစ်သည်။ သူတို့နှင့် မလှမ်းမကမ်းတွင် လယ်ထွန်စက် တစီးနှင့် စစ်ကားတစီး ရပ်ထားသည်။ ထိုသူများသည် လွိုင်ကော်မြို့ရှိ အစိုးရ ခြေလျင်တပ်ရင်း(ခလရ) ၂၅၀ တပ်ရင်းမှ စစ်သားများ၊ စစ်သား ဇနီးမယားများနှင့် ကလေးများ ဖြစ်ကြသည်။
“ဟေ့ကောင် မင်းက ဘာလို့ ကင်မရာနဲ့ ရိုက်နေတာလဲ။ အခု ချက်ချင်းရပ်။ မရပ်ရင် မင်းတို့ ကင်မရာတွေ အားလုံး ငါ ရိုက်ခွဲမှာနော်” ဟု ယူနီဖောင်း အပြည့်အစုံ ဝတ်ထားသည့် စစ်သား တဦးက အဆိုပါ နေရာသို့ ရောက်နေသည့် ကရင်နီ အမျိုးသား တိုးတက် ရေးပါတီ (KNPP) ဆက်ဆံရေးရုံး တာဝန်ခံ အဖွဲ့ဝင် တဦးကို လှမ်းအော်နေသည်။
ဘေးဘက် ယာခင်းထဲရှိ ကုန်းဂမူ တခုပေါ်တွင် ဂြိုဟ်တုမှ ရိုက်ယူထားသည့် မြေပုံတခုကို ပရင့်ထုတ်ယူပြီး ကိုင်ထားသည့် စစ်သားတဦးက KNPP ဆက်ဆံရေးရုံး တာဝန်ခံအား သူတို့တပ်မှ ပိုင်ဆိုင်သည့် မြေယာများ ဖြစ်ကြောင်း၊ အမှတ်အသား ပြုလုပ်ရန် အတွက် ယင်းနေရာသို့ ရောက်လာခြင်း ဖြစ်ကြောင်း ရှင်းပြနေသည်ကို တွေ့ရသည်။
“ဟိုးသစ်ပင် စိမ်းစိမ်းလေးကို ကြည့်လိုက် အဲဒီမှာ တိုင်စိုက်ထားတယ်။ အဲဒါ အမြောက်တပ် အဆုံး။ ကျနော်တို့နဲ့ အမြောက်တပ်နဲ့က ကပ်လျက်။ တပ် စတည်တုန်းက ကျနော်တို့ မြေတွေ။ မြေစာရင်းမှာ စာရင်း ပေါက်ထားပြီးသား” ဟု ဒေါမူကလား ကျေးရွာဘက်သို့ ညွှန်ကာ အဆိုပါ စစ်သားက KNPP တာဝန်ခံကို ရှင်းပြနေသည်။
လူအုပ်အတွင်း ရပ်နေသည့် စစ်သားများ၏ အဆိုအရ ရှင်းလင်းပြောဆိုနေသည့် စစ်သားသည် တပ်ရင်းမှူး ဖြစ်ကြောင်း သိရသည်။ ယင်းတပ်ရင်းမှူးက ဒေသခံများအား သိစေလိုသဖြင့် တပ်မြေစာရင်း ပေါက်ထားသည့် မြေများဖြစ်ကြောင်း နယ်နိမိတ် သတ်မှတ်ရန် ပြင်ဆင်ခြင်း ဖြစ်ကြောင်း ရှင်းပြနေသည်ကို တွေ့ရသည်။
ယင်းမြင်ကွင်းသည် မြန်မာနိုင်ငံ တနံတလျားတွင် ဖြစ်ပွားလျက် ရှိနေသည့် မြေသိမ်းမှု ပြဿနာ မြင်ကွင်းများထဲမှ တခု ဖြစ်သည်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ဒေါမူကလား၊ ချိကယ်၊ မြေနီကုန်း၊ သုံးမိုင်၊ ဖတိမား၊ ဒေါခူလီ၊ နာနတ်တော၊ ထေးသမ၊ ထိတုကူး စသည့် ကျေးရွာများရှိ ဘိုးဘေးစဉ်ဆက် ပိုင်ဆိုင်ကာ စိုက်ပျိုးစားသောက်ခဲ့သည့် မြေယာများသည် အစိုးရ စစ်တပ်များ၏ သိမ်းဆည်းမှုကို ခံခဲ့ရပြီး၊ ယခုနှစ်ပိုင်းတွင် မြေဧရိယာများ တဖြည်းဖြည်း ချဲ့ထွင် သိမ်းဆည်းမှုကို ခံလာရကြောင်း ဒေါမူကလား ကျေးရွာမှ တောင်သူများက ပြောသည်။
တပ်က မြေသိမ်းမှုကြောင့် လယ်ယာမြေ ၉ ဧကခန့် ဆုံးရှုံးသွားသည့် ဒေသခံတောင်သူ ဦးဦးရယ်က “ကျနော်တို့က ဆူပူတာမျိုးလည်း မလုပ်ချင်ဘူး။ တပ်မတော် ဆိုတာက မရှိလို့လည်း မဖြစ်ပါဘူး။ ဒါပေမယ့် ပြည်သူချစ်တဲ့ တပ်မတော် ဖြစ်ဖို့တော့ အရေးကြီးတယ်။ သူတို့က ဒီမြေကို သိမ်းပြီးတော့ ဘာလုပ်မလဲ။ စိုက်လည်း မစိုက်စားဘူးလေ။ သူတို့တပ်ထဲမှာ တန်းလျားနားမှာရှိတဲ့ မြေကိုတောင် မစိုက်စားနိုင်ဘူးလေ။ ဘာသဘောနဲ့ သိမ်းတယ်ဆိုတာ ကျနော်တို့လည်း နားမလည်နိုင်ဘူး”ဟု ညည်းတွား ပြောဆိုသည်။
ယခုကဲ့သို့ သိမ်းဆည်းမြေ ချဲ့ထွင်လာမှုကြောင့် ယင်းကျေးရွာ နေအိမ်များ၏ မီးဖိုချောင်နှင့် စပါးကျီများကိုပါ နေရာရွှေ့ပေး ခဲ့ရကြောင်း ဒေသခံတောင်သူ ဦးငေးရယ်က ပြောသည်။
“၁၉၉၈ လောက်ကဆို ဟိုးအောက်ဘက်ပိုင်းမှာပဲ ရှိသေးတယ်။ အခု သူတို့ မြောင်းတွေ တူးထားတာက လိုအပ်တာလောက်တင် မဟုတ်ဘူး။ ကျနော်တို့ ရွာဘက်ကို တော်တော်လေး တိုးချဲ့နေပြီ။ အရင်လတုန်းက မီးဖိုချောင်တွေ အသိမ်းခံခဲ့ရတယ်။နေရာ မရွှေ့ရင် တောင်ယာခင်းတွေကို မစိုက်နဲ့လို့ ပြောတော့ ကြောက်ကြောက်လန့်လန့်နဲ့ ရွှေ့ပေးခဲ့ရတာ”ဟု ဦးငေးရယ်က ဆက်ပြောသည်။
လွိုင်ကော်မြို့ရှိ အမြောက်တပ်နှင့် ခလရ ၂၅၀ တို့သည် လယ်ယာမြေများကို တပ်ပိုင်မြေ အဖြစ် သိမ်းဆည်းခဲ့ပြီးနောက်၊ တောင်သူများအား တဧကလျှင် စိုက်ပျိုးခ ၅၀၀၀ ကျပ်ဖြင့် သီးနှံစိုက်ပျိုးခွင့် ပြုခဲ့ရာမှ လာမည့်နှစ်တွင် စိုက်ပျိုးခွင့် မပြုတော့ဟု တပ်များက ခေါ်ယူ အသိပေးကာ လက်မှတ် ရေးထိုးခိုင်းရာမှ တပ်နှင့် တောင်သူများ အကြား အငြင်းပွားမှုများ ဖြစ်ပွားလျှက် ရှိသည်ကို တွေ့ရသည်။
မြေနီကုန်း ကျေးရွာမှ ဒေသခံတောင်သူ ဦးဦးရယ်က “သူတို့တပ် စတည်တုန်းက အခွန်ပေးပြီး စိုက်ရတယ်။ ၉၇-၉၈ လောက်မှာ စပြီး တောင်းတယ်။ အစက တဧကကို ၅၀၀၊ နောက်ကျတော့ ၂၀၀၀၊ ၂၅၀၀၊ ၅၀၀၀ အဲဒီလို ပေးရတယ်။ ၂၀၁၁ တုန်းက နောက်ဆုံး ပေးရတယ်။ အခုနောက်ပိုင်း မပေးရတော့ဘူး။ အခု မပေးရတာ ၃ နှစ်လောက် ရှိပြီ။ နောက်နှစ်ကျရင် ပေးမစိုက်တော့ဘူး ” ဟု ပြောသည်။
ယင်းကျေးရွာများသည် စစ်တပ်များ မတည်ခင် လွန်ခဲ့သည့် နှစ် ၅၀ မှ နှစ် ၁၀၀ သက်တမ်း ကတည်းက တည်ထားခဲ့သည့် ကျေးရွာများ ဖြစ်ကြောင်းနှင့် ဒေါမူကလား ကျေးရွာအား ၁၉၇၈ တွင် စတင် တည်ထားသည့် ကျေးရွာဖြစ်သည်ဟု ဒေသခံ တောင်သူများက ပြောသည်။
“ဒီလယ်တွေကို အခု သူတို့တပ် တည်ထားတဲ့ နေရာကို ဘိုးဘွား လက်ထက်ကတည်းက လုပ်စားခဲ့ကြတာ။ အာဏာရှင်ခေတ် ဆိုတော့ ပြန်မပြောရဲကြဘူး။ သူတို့က တပ်ဧရိယာဆိုတော့ ဒီဘက်ကို ရွေ့ပြီး လုပ်စားကြတယ်။ အရင်တုန်းက သူတို့မြေ အဖြစ် သတ်မှတ်တာ ဒီလောက် မကျယ်ဘူး။ အခု ၂၀၁၃ မှာ ဒီလောက် အကျယ်ကြီး ချဲ့လိုက်တာ”ဟု ဒေသခံတောင်သူ တဦးဖြစ်သည့် ဦးဦးရယ်က ဆက်ပြောသည်။
ဒေသခံ တောင်သူများ ပြောဆိုချက်နှင့်ပတ်သက်ပြီး ခလရ ၂၅၀ မှ တပ်ရင်းမှူးက “ဘာမှ ဖြေစရာ အကြောင်း မရှိဘူး” ဟု ဧရာဝတီ က မေးမြန်းမှုကို ပြန်လည် ပြောဆိုသည်။
ကယားပြည်နယ်သည် ပြည်တွင်း စစ်ဒဏ်ကို ခံခဲ့ရသည့် ဒေသတခု ဖြစ်ပြီး၊ မြေမြှုပ်မိုင်းများ မရှင်းလင်းရသေးသဖြင့် စိုက်ပျိုး ထွန်ယက်၍ မရသေးသည့် မြေယာများစွာ ကျန်နေသေးသည့် ပြည်နယ် တခုဖြစ်ကြောင်း သိရသည်။
အလားတူ အခြား ပြည်နယ်နှင့် တိုင်းများကဲ့သို့ မြေယာ သိမ်းဆည်းခံရမှု ပြဿနာများလည်း ကြုံတွေ့ လာကြရသည်။ မြေယာ သိမ်းဆည်းမှုများကြောင့် ကယားပြည်နယ်၊ ဒီးမော့ဆို မြို့နယ်ရှိ ဆိုလျားကူး ကျေးရွာတွင် ထွန်တုံးတိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက် ရှိသည်ကို တွေ့ရသည်။
“ဒီမြေတွေပဲ အားကိုးနေရတာ။ ကလေး ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး အားလုံးက ဒီတောင်ယာ၊ လယ်ယာပဲ အားကိုးကြတာ။ ကျနော်တို့က ပညာတတ်တွေ မဟုတ်တော့ တောင်ယာတွေပဲ အားကိုးပြီး လုပ်ကိုင်စားသောက် နေတာ။ ဒါတွေကို သိမ်းလိုက်ရင် ကျနော်တို့မှာ ဘာမှ လုပ်စားစရာ မရှိဘူး”ဟု တောင်သူ ဦးဦးရယ်က ဆိုသည်။
ယင်းအပြင် ကယားပြည်နယ် အတွင်း စစ်ပွဲများကြောင့် ဒုက္ခသည် စခန်းများသို့ ထွက်ပြေး တိမ်းရှောင်နေရသည့် တိုင်းရင်းသားများလည်း ရှိနေဆဲ ဖြစ်သည်။
အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးစဉ်က အစိုးရ စစ်တပ်မှ မြေချဲ့ထွင်လာခြင်း မပြုရန် ညှိနိုင်းခဲ့သော်လည်း ယခုကဲ့သို့ တပ်မြေများ ထပ်မံ တိုးချဲ့လာခြင်းသည် ဆွေးနွေးပွဲများကို ထိခိုက်စေနိုင်သည့် လုပ်ရပ်များ ဖြစ်ကြောင်း ကယားဒေသ အတွင်း မြေသိမ်းဆည်းမှု ပဋိပက္ခများအား စောင့်ကြည့်နေသည့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP)မှ ဆက်ဆံရေးရုံး ဒုတိယ တာဝန်ခံ (၂) ဦးတော်ရယ်က ပြောသည်။
သို့သော် မြေသိမ်းသူနှင့် မြေသိမ်းခံရသူများ အကြားတွင် သံတမန်နည်း အရ သည်းခံဖြေရှင်းနိုင်မည့် နည်းလမ်းကို ရွေးချယ်နေကြောင်း သူက ဆက်ပြောသည်။
ကယားပြည်နယ်တွင် အစိုးရ စစ်တပ်မှ မြေယာ သိမ်းဆည်းမှုများ ယခင်ကတည်းက ရှိခဲ့သော်လည်း ယခု အပစ်အခတ် ရပ်စဲပြီး နောက်ပိုင်းတွင် နယ်နိမိတ် တိုးချဲ့မှုများ ထပ်မံ ဖြစ်ပွားလာကြောင်း ဦးတော်ရယ်က ပြောသည်။
ဦးတော်ရယ်က “ပြန်ပေးဖို့ အတွက်များ ပြန်ပေးစရာ ရှိအောင် ထပ်ပြီး တိုးချဲ့ သိမ်းထားတာလား၊ များများ ထပ်ယူထား ပြီးတော့မှ ပြန်ပေးတော့မယ်ဟေ့ ဆိုရင် ထပ်ယူထားတာကို ပြန်ပြီး ပေးလိုက်ပြီး ပြန်ပေး လိုက်ပါပြီ ဆိုတဲ့ သဘောမျိုး လုပ်ချင်သလား။ အဲလိုလည်း ဖြစ်နိုင်တယ်။ ထပ်ချဲ့ လာတာတွေက ရှိတယ်”ဟု ပြောသည်။
ယင်း မြေယာသိမ်းဆည်း ခံရမှုများသည် သည်းခံနိုင်ဖွယ် မရှိသော်လည်း ငြိမ်းချမ်းစွာ ညှိနှိုင်းလိုကြောင်း ဒေသခံများက ဆိုသည်။
လွိုင်ကော်မြို့တွင် မြေဧကပေါင်း ၁၁၀၆ ဧက သိမ်းဆည်း ခံထားရပြီး တိုင်ကြားစာများ အရ တပ်မတော်မှ လုံးဝ စွန့်လွှတ်လိုက် သည့် မြေယာ ၁၆၃၇ ဧက ရှိကြောင်း ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဖေဖော်ဝါရီလ အတွင်းက ပြုလုပ် ခဲ့သည့် ပြည်ထောင်စုလွှတ်တော် နဝမ ပုံမှန် အစည်းအဝေး (၁၅) ရက်မြောက်နေ့ အစည်းအဝေးတွင် ရှင်းလင်း ဆွေးနွေးခဲ့သည်။
ကယားပြည်နယ် အတွင်း လက်ရှိဖြစ်ပျက်နေသည့် မြေယာပြဿနာများနှင့် ပတ်သက်၍ ပြည်နယ်အစိုးရ၏ ဆုံးဖြတ်ပိုင်ခွင့်မှာလည်း အားနည်းနေပြီး မည်သူမျှ ဖြေရှင်းမပေးသေးသည့် စာရင်းထဲတွင် ပါဝင်နေဆဲ ဖြစ်သည်ဟု ဒေသခံ တောင်သူများက ပြောသည်။
KNPP မှ ဦးတော်ရယ်က “ ပြည်နယ်အစိုးရက အဆုံးအဖြတ် မပေးနိုင်ဘူး။ ပြည်နယ် အစိုးရလို့ ပြောရင် ဝန်ကြီးတွေ၊ ဝန်ကြီးချုပ် တွေက အမြင့်ဆုံးလ့ို ဖြစ်ရမယ်။ သူတို့က သူတို့အပေါ်က စကားတွေကိုပဲ နားထောင်တာ ဆိုတော့ ဒီလို ကိစ္စတွေကို အဆုံးအဖြတ် ပေး နိုင်တာ မဟုတ်ဘူး။ ညှိနှိုင်းပေးပါမယ်၊ အဆင့်ဆင့်ကို တင်ပြပေးပါမယ် ဆိုတာမျိုးတွေပဲ ပြောတယ်”ဟု ဆိုသည်။
ကယားပြည်နယ် အတွင်း မြေယာ သိမ်းဆည်းမှုများနှင့် ပတ်သက်ပြီး ပြည်နယ် အစိုးရရုံး၊ လွိုင်ကော် ခရိုင်ရုံး၊ လွိုင်ကော် မြို့နယ်ရုံး၊ ဘော်လခဲ ခရိုင်၊ ဒီးမော့ဆို မြို့နယ်၊ ဖရူဆို မြို့နယ်၊ ရှားတော မြို့နယ်၊ ဘော်လခဲ မြို့နယ်၊ ဖားဆောင်း မြို့နယ်နှင့် မယ်စဲ မြို့နယ်များတွင် မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီရုံးများ ဖွင့်လှစ်ထားပြီး ပြန်လည် စွန့်လွှတ်သည့် သိမ်းဆည်းမြေများ အတွက် သိမ်း ဆည်း ခံရ သူများက ပိုင်ဆိုင်ကြောင်း အထောက်အထားများဖြင့် လာရောက် စုံစမ်းနိုင်ကြောင်း အစိုးရပိုင် သတင်းစာများတွင် ကြေ ညာ ထားသည်ကို တွေ့ရသည်။
သို့သော် လယ်မြေ အသိမ်းဆည်းခံ တောင်သူများ၏ ပြောဆိုချက်များ အရ သူတို့၏ လယ်မြေ ပိုင်ဆိုင်မှု အထောက်အထား ဆိုသည်မှာ “ ဘိုးဘွားလက်ထက် ကတည်းက စိုက်ပျိုး စားသောက်လာခဲ့တာ” ဆိုသည့် အချက်သာ ဖြစ်သည်ဟု ဆိုကြသည်။
သူတို့တွင် သူတို့မြေ ပိုင်ဆိုင်ကြောင်း ဂြိုဟ်တုမြေပုံ မရှိကြသလို၊ ပိုင်ဆိုင်ကြောင်း နယ်နိမိတ် အုတ်တိုင်များ စိုက်ထူထားခြင်းလည်း မရှိကြပေ။ သူတို့၏ လတ်တလော စိုးရိမ်ပူန်နေသည်ကား နောက်နှစ်တွင် စိုက်ပျိုး စားသောက်ခွင့် မရတော့ဘဲ စစ်တပ်မှ အပြီး အပိုင် သိမ်းဆည်းတော့မည်လား ဆိုသည့် အချက်ပင် ဖြစ်နေသည်ကို တွေ့ရသည်။
ကယားပြည်နယ် အတွင်း၌ အခြားသော သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ပေးအပ်သည့် အစီအစဉ်များ ပြုလုပ်နေကြသော် လည်း သူတို့ ကျေးရွာ ၉ ရွာက စုပေါင်းပိုင်ဆိုင်သည့် လယ်ယာမြေ ဧက ၆၀၀ ဝန်းကျင်မှာ ယခုမှပင် တပ်မြေ တိုးချဲ့ခံရသည့် နယ် နိမိတ် အတွင်း၌ ပါဝင်နေရာ ယင်းပြဿနာ ပြေလည်နိုင်ရေးအတွက် မည်မျှ စောင့်ဆိုင်း ရဦးမည်ကို သူတို့ မသိကြကြောင်း ပြော ဆိုကြသည်။
မိမိတို့ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင် စားသောက်ခဲ့သည့် မြေယာများပေါ်တွင် မိသားစု စားဝတ်နေရေး၊ ကျန်းမာရေး၊ ကလေးများ၏ ပညာရေးကို ဖြည့်ဆည်းပေးမည့် သီးနှံများအား စိတ်ချလက်ချ စိုက်ပျိုးခွင့် ရဦးမည်လား ဆိုသည်မှာလည်း သူတို့၏ မျှော်လင့်ချက် ပင် ဖြစ်နေလေသည်။ ။