၂၀၁၄ ခုနှစ် မတ် ၃၀ ရက်နေ့ကနေ ဧပြီ ၁၀ ရက်နေ့အထိ မြန်မာနိုင်ငံတဝန်း သန်းခေါင်စာရင်း ကောက်ယူခဲ့ရာမှာ ပဋိပက္ခ ဖြစ်နေ တဲ့ ကချင်နဲ့ ရခိုင်ပြည်နယ်တွေမှာ သန်းခေါင်စာရင်း ကောက်ယူရေး အပြီးသတ် မလုပ်နိုင်သေးတာကြောင့် သန်းခေါင်စာရင်း ကောက်ယူရေး ကာလ တိုးမြှင့် သတ်မှတ် လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ရခိုင်ဘက်က စည်းရုံးမှုတွေကို လက်မခံ တာရယ်၊ ကချင်ဘက်က တစုံတရာ အကြောင်းမပြန်တာရယ်ကြောင့် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းတွေ ကို ဇွန် ၁၄ ရက် ကတည်းက ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း သိရှိရပါတယ်။
အဲဒီလို သန်းခေါင်စာရင်း ကောက်ယူမှု အခြေအနေများ၊ အခက်အခဲများ၊ နိုင်ငံသားဖြစ်မှု ဆိုင်ရာများနဲ့ ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန(လဝက) ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီကို ဧရာဝတီ သတင်းထောက် မေခ က တွေ့ဆုံ မေးမြန်းခဲ့တာကို ဖော်ပြ လိုက်ပါတယ်။
မေး။ ။ အခုလက်ရှိ ရခိုင်မှာ သန်းခေါင်စာရင်း ကောက်ယူမရ ဖြစ်နေတဲ့ ပြဿနာက ဘယ်လိုတွေ ဆက်ဖြစ်နိုင်မလဲ။ ပြေလည် မယ် လို့ ဝန်ကြီး ထင်ပါသလား။
ဖြေ။ ။ ရိုဟင်ဂျာကော၊ ဘင်္ဂါလီကောက တိုင်းရင်းသားထဲမှာ မပါပါဘူး။ ဘင်္ဂါလီ ဆိုတာကတော့ ရှိခဲ့တာပေါ့။ ၁၉၃၁၊ ၇၃၊ ၈၃ စတာ တွေမှာ သူတို့ ဘင်္ဂါလီဆိုတာ ပြောခဲ့တယ်။ ဘင်္ဂါလီအနေနဲ့တော့ ရှိခဲ့တယ်။ ဒါပေမယ့် တိုင်းရင်းသား မဟုတ်ခဲ့ဘူး။ ၂၀၁၂ လောက် မှာ ပြဿနာ စဖြစ်တော့ ရခိုင် ပြည်နယ်၊ ခရိုင် ၅ ခု ရှိတဲ့အထဲက ၄ ခုကို အကြမ်းဖျင်း စစ်တော့ ဘင်္ဂါလီလို့ လက်ခံထားခဲ့ တယ်။ နောက် ၃ လကြာမှ ရိုဟင်ဂျာလို့ ပြောတယ်။ ဒီစကားကြောင့် လူတွေ သေကြေ ဒဏ်ရာရခဲ့တယ်။
ဒီတော့ ရိုဟင်ဂျာလို့ ပြောသရွေ့တော့ ကျနော်တို့က လက်ခံမှာ မဟုတ်ပါဘူး။ အခုဆို စာရင်းကောက်တဲ့ထဲ မပါဘူး ဆိုတဲ့ သဘော ဖြစ်တာပေါ့။ ကျနော်တို့ လက်မခံပေမယ့် သူတို့ကို နှိပ်စက်နေတာ မရှိဘူး။ သူတို့ ဘဝအမှန်ရဖို့ အတွက် ၈၂ ဥပဒေ အတိုင်း လုပ် ပေး တယ်။ ကမ္ဘာ့နိုင်ငံတွေက လက်ခံထားတဲ့ နိုင်ငံမဲ့တွေ အပေါ်မှာ ထားရမယ့် အခြေအနေအတိုင်း ထားတယ်။ ဒါ နိုင်ငံတကာ က နိုင်ငံမဲ့ ဥပဒေတွေ အပေါ် ကျနော်တို့ လေးစားလိုက်နာ ပေးတာပါ။
ရိုက်ပုတ်နေတာ မရှိဘူး။ နှိပ်စက်တာ မရှိဘူး။ ဒီလူမျိုး မရှိခဲ့တာကို ကျနော်တို့ဘယ်လို လက်ခံပေးရမလဲ။ ဘယ်နိုင်ငံမှ လွယ်လွယ် လက်မခံပါဘူး။ ကျနော်တို့ နိုင်ငံမို့လို့ ထူးပြီး လက်မခံတာ မဟုတ်ဘူး။ လူ့အခွင့်ရေး ကောင်းပါတယ် ဆိုတဲ့ နိုင်ငံကြီးတွေမှာတောင် နိုင်ငံသားလက်ခံဖို့ ဆိုတာ ခက်ခဲပါတယ်။
မေး။ ။ ဒါဆို သန်းခေါင်စာရင်း ကောက်ခံဖို့ ဘယ်လို စည်းရုံးမှုတွေ လုပ်ခဲ့လဲ သိပါရစေ။ အဲဒီမှာ ဘယ်လိုတွေ ကြုံတွေ့ရလဲ။
ဖြေ။ ။ အခုနကပြောသလို ကျနော်တို့ဘက်က အချက်၂ ချက်နဲ့လုပ်ခဲ့ပါတယ်။ ၁။ ဘင်္ဂါလီလို့ ပြောပြီး ကောက်ခံမလား။ ၂။ လူမျိုး မပြောဘဲ တခြားဟာတွေကို ကောက်ခံမလား။ ဒီ နှစ်ချက်နဲ့ စည်းရုံးပါတယ်။ တချို့လာပြောတယ်။ လူမျိုးတော့ မပြောပါရစေနဲ့။ ကျနော်တို့ကို ဒုက္ခပေးမှာ စိုးလို့ပါ ဆိုပြီး ပြောတာတွေ ရှိတယ်။ ဒီလိုဆို ကျနော်တို့က တခြားအရာတွေ အတွက် ကောက်ပေးဖို့ အသင့်ပါ။ နေ့စဉ်သေချာ စည်းရုံးခဲ့တယ်။ စည်းရုံးမှုမှာလည်း ကျနော်တို့ အာဏာသုံး စည်းရုံးခဲ့တာ မဟုတ်ပါဘူး။
မေး။ ။ လူမျိုးတွေ ထည့်ကောက်ထားတယ်။ ရိုဟင်ဂျာလို့ ပြောတဲ့သူတွေ အတွက် လူမျိုးမပါလည်း ရတယ် ဆိုတော့ ဒါက ဘယ်လိုဖြစ် လာမလဲ။ ဒါဆို ဘာကြောင့် လူမျိုးကို ထည့်ကောက်ခဲ့ရတာလဲ။
ဖြေ။ ။ ဒါက တိုင်းရင်းသားတွေ အတွက် ရည်ရွယ်တာပါ။ တိုင်းရင်းသားတွေမှာ မျိုးနွယ်စုတွေ တိုးလာတာ။ တချို့ စာသားမှားတာတွေ ရှိတယ်။ ဒီအတွက် ကျနော်တို့က အမိုက်ခံ ထည့်ကောက်တာပါ။ နှစ် ၃၀ မကောက်ခဲ့တာမို့ သေချာ စနစ်တကျ ကိုယ့် တိုင်းရင်းသား လူမျိုးတွေ အတွက် ရည်ရွယ်လုပ်တာပါ။ တိုင်းရင်းသား မဟုတ်သူတွေ အတွက် မလိုပါဘူး။ လူမျိုးမပြောဘဲ ထားတဲ့ သူတွေကတော့ အခြားထဲ ရောက်မှာပေါ့။
ဒီမှာ ၈၂ ဥပဒေ အတိုင်း လုပ်တာမှာ၊ မရှိတာဆို မရှိသလို စစ်ဆေးတာနဲ့ ကြန့်ကြာနေမှာပေါ့။ ဒီစာရင်း ကောက်တာ ကလည်း အားလုံးကို တပြေးညီ ကောက်တာမို့ တိုင်းရင်းသား မဟုတ်သူတွေကို ကောက်တာမှာလည်း ပါတာပါ။ ဒါပေမယ့် တိုင်းရင်းသား မဟုတ်သူတွေ အတွက်က ဒီလောက် စဉ်းစားစရာ မလိုပါဘူး။
မေး။ ။ ဒါဆို အခုက သူတို့ကို အခြားထဲ ထည့်လိုက်ပြီပေါ့၊ ဒီလိုသဘော ပြောနိုင်ပါသလား။
ဖြေ။ ။ အခုချိန်ထိတော့ အခြားထဲမှာလည်း မပါသေးပါဘူး။ စာရင်းထဲမှာကို ထည့်မရ ဖြစ်နေတာ။
မေး။ ။ အခုချိန် ကောက်ပြီး သမျှမှာ လူမျိုး ၁၃၅ မျိုးထက် ကျော်နေတာ ရှိလား။
ဖြေ။ ။ အသေးစိတ်တော့ မသိရသေးဘူး။ အခုချိန်ထိတော့ ရှမ်းနီလိုမျိုး လူမျိုးအသစ် ပေါ်ထွက်လာဖို့တော့ ရှိနေပါ တယ်။
မေး။ ။ ဒီလို ထွက်ပေါ် လာတာကို ဘယ်လို အတည်ပြုချက် ယူဖို့ စဉ်းစားထား ပါသလဲ။
ဖြေ။ ။ ဒါတွေနဲ့ ပတ်သက်ပြီး ထွက်လာတာတွေကို သက်ဆိုင်ရာ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေနဲ့ ကျနော် တို့ အတည်ပြုချက် ရယူပြီး လုပ်ဆောင်သွားတာ။ အားလုံးစစ်ပေးပြီးရင် ကျနော် အကုန်ဖိတ်ခေါ် အတည်ပြုပါမယ်။
မေး။ ။ ဘင်္ဂါလီတွေဟာ တိုင်းရင်းသား မဟုတ်ဘူးလို့ ပြောပါတယ်။ ဒီတော့ သူတို့ကို ဘယ်လိုမျိုး လက်ခံထားလဲ ဆိုတာ သိပါရစေ။ နောက် တိုင်းရင်းသား မဟုတ်တဲ့ အတွက် လူမျိုးဆိုတာကို သူတို့ အတွက် ထည့်မကောက်တာ များလား။ ဘယ်လို သဘောပါလဲ။
ဖြေ။ ။ ဟုတ်ပါတယ်။ ၁၃၅ မျိုးထဲ မပါပါဘူး။ ဒါပေမယ့် တိုင်းရင်းသားမဟုတ်လို့ လူမျိုးကို ထည့်မကောက်တာ မဟုတ်ပါဘူး။ လူမျိုးတွေ ထည့်ကောက်တာ နာမည်မှားတယ်။ နောက်မျိုးနွယ်စု အသစ်တွေ ပေါ်နေတယ်လို့ ပြောနေတဲ့ ကျနော်တို့ တိုင်းရင်းသားတွေ အတွက်ပါ။ ပြောရရင် ၁၃၅ မျိုးသော တိုင်းရင်းသားတွေကို ပိုရည်ရွယ်ပါ တယ်။
မေး။ ။ ဒီ သန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီး ပြည်သူတွေက မျှော်လင့်နေတာ ရှိတယ်။ သန်းခေါင်စာရင်းကလည်း တော်တော်လေး ကို အခြေခံကျကျ ကောက်ခဲ့တာဆိုတော့ ဒီကနေ တရားမဝင် နေထိုင်သူတွေ ရှိနေတာကို ပေါ်ပေါက်နိုင် မလား။ ဒါကို ပြည်သူတွေ သိချင်တယ်။ ဒါတွေကို ပေါ်လာရင် ဘယ်လို ဆုံးဖြတ်မလဲ။ ဘယ်လောက် အတိုင်းအတာထိ ရှိနေမယ် ထင်ထားပါသလဲ။
ဖြေ။ ။ ရှိနေမယ်ဆို ပေါ်မှာပါ။ ဒါကို ကျနော်တို့ တည်ဆဲ ဥပဒေတွေနဲ့ အရေးယူမှာပါ။ ဒီမှာ နိုင်ငံသားကို နားလည် စေချင်ပါတယ်။ ၈၂ ဥပဒေအရ ၁၈၂၃ မတိုင်မီမှာ ပင်းရင်းနိုင်ငံ အနေနဲ့ မှီတင်းနေထိုင်သူတွေ ရှိပါတယ်။ မျိုးနွယ်စု ၈ မျိုး။ ဒါတွေက မွေးရာပါ နိုင်ငံ သားပါ။ ဒီကနေ တဆင့်တဆင့် ခွဲထွက်လာတဲ့ မျိုးနွယ်စုတိုင်းဟာ မွေးရာပါ နိုင်ငံသားလို့ ဆိုပါတယ်။ ဒါတွေကို နိုင်ငံသားစိစစ်ရေး ကတ်အနီရောင် ပေးပါတယ်။
ဒီမှာ တချို့ကတော့ ဒီလိုမျိုးပါတာ မရှိပေမယ့် ဥပဒေအရ နိုင်ငံသား ဖြစ်တာ ရှိပါတယ်။ ဥပမာ ၁၉၄၈ မှာ အဘိုးအဘွား နေပါတယ်။ အဖေအမေ ဒီမှာ မွေးပါတယ်။ သူကိုယ်တိုင်လည်း ဒီမှာ မွေးပါတယ်၊ ကြီးတယ်။ သူဟာ ပြောရရင် မျိုးဆက် ၃ ခု အနေနဲ့ ဒီမှာ ရှိခဲ့ တာပါ။ ဒါဆို သူက နိုင်ငံသား လျှောက်ချင်ရင် လျှောက်ခွင့် ရှိပါတယ်။ အဆင့်ဆင့် စစ်ဆေးပြီး နေထိုင်ခဲ့တာ သေချာရင်ပေးပါတယ်။ ၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ တရားဝင် လျှောက်လာရင် တရားဝင် စစ်ဆေးပါတယ်။ အစိုးရအဖွဲ့ကို တင်ပါတယ်။ မကျေနပ်ရင် အယူခံ ဝင်နိုင်ပါတယ်။ အတည်ပြုလိုက်လို့ နိုင်ငံသား ဖြစ်လာရင် သူက ဥပဒေအရ ဖြစ်လာတဲ့ နိုင်ငံသားပါ။ သူကလည်း အနီရောင်ကတ် ကိုင်ဆောင်နိုင်ပါတယ်။
မေး။ ။ သူတို့တွေကို လက်ခံနိုင်အောင် စိစစ်မှုတွေမှာ ဘယ်လို စစ်ဆေးတာမျိုး ပါဝင်ပါသလဲ။
ဖြေ။ ။ အဓိကကတော့သူတို့ ပရိုဖိုင် ပေါ့။ ကျနော်တို့ဆီမှာ လူတိုင်းရဲ့ အချက်အလက် အကုန်ရှိပါတယ်။ ဒီလူတွေကို သူတို့တင်ပြ တာ မှန်မမှန်ဆိုတာကို ဝန်ကြီးဌာန ၄ ခု စစ်ပါတယ်။ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေးနဲ့ ကျနော်တို့က စစ်ပါတယ်။ နောက် တိုင်းရင်းသား ဘာသာစကား တမျိုး တတ်ရပါတယ်။
မေး။ ။ မွေးရာပါ နိုင်ငံသားလိုပဲ ဥပဒေအနေနဲ့ နိုင်ငံသားဖြစ်ခွင့်လည်း ရှိတော့ သူတို့ နှစ်ဦးခံစားခွင့်ကကော တူညီစွာ ပေးထားတာ လား သိပါရစေ။
ဖြေ။ ။ မပေးပါဘူး။ မွေးရာပါ နိုင်ငံသားကို ဘယ်လို လူမျိုးကမှ နိုင်ငံသား မဟုတ်တော့ဘူးလို့ ဆိုပြီး ရုပ်သိမ်းပိုင်ခွင့် မရှိပါဘူး။ ဥပမာ အပြစ်တခု လုပ်လို့ နိုင်ငံသားဖြစ်ခွင့် မရှိတော့ဘူးလို့ လုပ်ဆောင်ခွင့် မရှိပါဘူး။ လုပ်ခွင့် မရှိပါဘူး။ သူကိုယ်တိုင် နိုင်ငံသားအဖြစ်ကို စွန့်မှ နိုင်ငံသား ဖြစ်ခွင့် ဆုံးရှုံးပါတယ်။ ဥပဒေ အရ ဖြစ်တဲ့ နိုင်ငံသားတွေ မှာတော့ ဒီလိုမျိုး ခံစားခွင့် မရှိပါဘူး။ ဥပမာ ပြစ်မှုကြောင်း တခုခုကို၊ ကြီးလေးတာ တခုခုပေါ့၊ ဥပမာ နိုင်ငံတော်ကို ပုန်ကန်မှုဆို သူတို့ကို နိုင်ငံသား ဖြစ်ခွင့်ရပ်စဲပိုင်ခွင့် ရှိပါတယ်။ ဒီလိုတွေတော့ ရှိပါတယ်။
နောက်တခုက မြန်မာနိုင်ငံသား ရုပ်မပေါက်တာနဲ့ နိုင်ငံသား မဟုတ်ဘူးလို့ ပြောလို့ မရပါဘူး။ ခိုးကိုင်တာလည်း ဖြစ်မယ်။ မသဲကွဲဘူး ပေါ့။ ခိုးကိုင်တယ်လို့၊ သံသယ ရှိရင်ပြည်သူက တိုင်နိုင်တယ်။ ကျနော်တို့တွေ စစ်ပါတယ်။ ချက်ချင်း အရေးယူတယ်။ လဝက မူ ကိုက ဒါကို စစ်ဆေးပေးရမှာပါ။
မေး။ ။ ခိုးဝင်တာ ဟုတ်မဟုတ် မပြောနိုင်ပေမယ့် မန္တလေးတို့ ဘက်မှာ တခြားနိုင်ငံသားတွေ ရောက်နေတာ ရှိတယ်လို့ မြို့ခံတွေက ပြောနေတယ်။ နောက် ရခိုင်ဘက်မှာကော ပေါ့။ ဒီအပေါ် ဘာများ ပြောချင်ပါသလဲ။
ဖြေ။ ။ တချို့သော တိုင်းရင်းသား စကားတွေမှာ တရုတ်စကားနဲ့ တူတာ ရှိတယ်။ နောက်ရုပ်အရလည်း တူတာတွေ ရှိပါတယ်။ ကျနော့်ဆီ တိုက်ရိုက် တိုင်နိုင်ပါတယ်။ လဝကက လာဘ်စားတာ မရှိဘူးလို့ ကျနော်မပြောပါဘူး။ အဲလို ဖြစ်ရင် ပြောပါ။ အရေးမယူဘူး ဆို ကျနော့်ကိုပါ တိုင်နိုင်ပါတယ်။
မေး။ ။ တိုင်းရင်းသား ဘာသာစကား တခုခုပြောတတ်ရမယ် ဆိုတဲ့ အချက်ကို ဝန်ကြီးပြောသွားတာ ကြားရပါတယ်။ ဥပဒေ အရ ဖြစ်မယ့်သူတွေကို ဘယ်တိုင်းရင်းသား ဘာသာစကားနဲ့ စစ်ဆေးတတ်ပါသလဲ။
ဖြေ။ ။ ဒါတော့ ဒီနိုင်ငံက ၁၃၅ မျိုးသော ဘာသာစကားတွေထဲက တခုခုပေါ့။ တချို့က မြန်မာစကားကို သိပ်မတတ်တဲ့ တိုင်းရင်း သားတွေ ရှိပါတယ်။ ဒီအတွက်ကတော့ ၁၃၅ မျိုးထဲက ဘာသာတခုခုဆို ရပါတယ်။ မြန်မာ စကားကတော့ တော်တော်များများ စစ်တာမှာ သုံးဖြစ်တာများပါတယ်။
မေး။ ။ ဥပဒေပြု နိုင်ငံသားလျှောက်ခွင့် မရသေးသူတွေ၊ ကိုယ့်ဆီက မဟုတ်ဘဲ တခြားနိုင်ငံက နေလာတဲ့ သူတွေကိုကော ဝန်ကြီး တို့ဘယ်လို လက်ခံပါသလဲ။
ဖြေ။ ။ ဒါကိုတော့ ပြုနိုင်ငံသား၊ နောက် ဧည့်နိုင်ငံသား စတဲ့ ကတ်တွေ ထုတ်ပေးပါတယ်။ ဒီဟာတွေနဲ့ နေထိုင်ခွင့် ပြုပေးထားသလို ဒီမှာ ဆေးရုံတက်ခွင့်၊ ကျောင်းတက်ခွင့် ပေးထားပါတယ်။ white card ကိုင်တဲ့ လူတွေက နိုင်ငံမဲ့လို့သာ ပြောတာပါ။ တကယ် ဘယ်က လာလဲဆိုတာ သိပြီးသားပါ။ မြေကြီးထဲက ထွက်လာသူ မရှိဘူးလေ။ တရားမဝင် ဝင်ရောက်တာ ရှိမယ်။
ဒါကလည်း ကိုယ်တွေက နှစ်ပေါင်း ၁၀၀ ကျော်ကိုလိုနီ ဖြစ်တယ်။ နောက်နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ်တွေ ဖြစ်တော့ နယ်စပ်တွေမှာ အားနည်းခဲ့တာ ရှိတယ်။ ဒီ ထဲကို ရောက်နေတာ ရှိတယ်။ ရောက်နေတာကိုလည်း လက်ခံဖို့ သင့်မသင့်ဆိုတာ သူ့ဥပဒေနဲ့သူ ရှိတယ်။ ဒီမှာ ရောက်နေတယ်၊ ကိုယ့်လူမျိုး မဟုတ်လို့ နှိပ်စက်နေတာ မရှိဘူး။ နေထိုင်ခွင့် ကျောင်းတက်ခွင့် ဆေးကုခွင့် ပေးတယ်။ ကျနော်တို့ ဆီကနိုင်ငံသား လျှောက်ခွင့်ရလာရင် ဥပဒေတိုင်း လည်း လျှောက်ခွင့် ပေးထားတယ်။ တခုပဲ၊ ပြဿနာ မရှာဖို့တော့ လိုတာပေါ့။
မြန်မာလူမျိုးတွေ စေတနာကောင်းပါတယ်။ နှိပ်စက်နေတာ မရှိဘူး။ နိုင်ငံသား တဦးလိုတော့ တန်းတူ အခွင့်ရေး မရနိုင်ဘူးပေါ့။ ဒါက ကျနော်တို့ဆီမှာမှ မဟုတ်ဘူး။ လူ့အခွင့်အရေး ပြည့်စုံပါတယ် ဆိုတဲ့ အနောက်နိုင်ငံ တွေမှာတောင် နိုင်ငံသားနဲ့ တန်းတူခွင့်ရေး မပေးပါဘူး။
မေး။ ။ လက်ရှိ နိုင်ငံမဲ့တွေကို ပေးတဲ့ White Card ကိုင်ဆောင်ထာတဲ့ ဦးရေ တနိုင်ငံလုံးဆို ဘယ်လောက်ရှိပါသလဲ။ ရခိုင်မှာ ဘယ်လောက် ရှိပါသလဲ။
ဖြေ။ ။ ၃ သိန်းလောက်တော့ ရှိမယ် ခန့်မှန်းရတယ်။ ရခိုင်မှာ ဆိုရင်တော့ ၆ သောင်းလောက် ရှိမှာပါ။ သန်းခေါင်စာရင်း ကောက်ပြီးပြီ ဆိုတော့ နောက်ပိုင်း ကျနော်တို့ သေချာတိကျတဲ့ အဖြေပေးနိုင်မှာပါ။
မေး။ ။ နိုင်ငံမဲ့ ဝင်ရောက်လာသူတွေက ဘယ်ဘက်က များပါသလဲ။
ဖြေ။ ။ နိုင်ငံမဲ့တွေ ကတော့ အိမ်နီးချင်း ၅နိုင်ငံနဲ့ ဆက်စပ်တာ ဆိုတော့ နှစ်နိုင်ငံ လူတွေဝင်တာ ပေါ့။ ဘင်္ဂါလီဘက် ကတော့ ဝင်တာ များတယ်။ တရုတ်၊ နီပေါတွေလည်း ရှိပါတယ်။ ဒါက ခုမှဝင်တာ မဟုတ်ပါဘူး။ ဟိုးအရင် ကိုလိုနီ လက်ထက် ကတည်းက အုပ်ချုပ်ခဲ့တဲ့ စနစ်ကြောင့် ဝင်ရောက်နေသူတွေပါ။ ခိုးဝင်တာလည်း ရှိကောင်းရှိမှာ ပေါ့။
ဒါပေမယ့် မလွယ်ပါဘူး။ ခိုးဝင်တယ် ဆိုတာ အကြားနဲ့ ပြောတာပါ။ ရခိုင်ဘက်မှာ ဝင်နေတယ်လို့ ပြောကြတယ်။ အဲဒီ ဘက်မှာ ဒီစကားကို လက်မခံချင်ကြဘူး။ ဌာနပေါင်းစုံ ရှိတယ်။ ကျနော်တို့ ဆီက ရခိုင်တိုင်းရင်းသားတွေကို ခန့်ထားတာ များတယ်။ ဘယ်သူမှတော့ ကိုယ့်နိုင်ငံထဲ ဝင်တာ သိသိကြီးနဲ့ ပေးမဝင်ပါဘူး။ ဒါတွေက ကိုလိုနီစနစ် ကြောင့် ဖြစ်ခဲ့ရတာတွေပါ။ အခုချိန်မှာ ခိုးဝင်ဖို့ မလွယ်ပါဘူး။ မိတာ များပါတယ်။
မေး။ ။ ခုချိန်မှာ ဘင်္ဂါလီတွေက သန်းခေါင်စာရင်း အကောက်မခံတာ မရှိသလို သူတို့က ရိုဟင်ဂျာလို့ ပြောနေတော့ နောက်ပိုင်း သူတို့ကို ဘယ်လို လက်ခံမှာလဲ။ တိုင်းရင်းသားထဲမှာလည်း မပါဘူး။ ဒီတော့ မျိုးနွယ်စု တခုအနေနဲ့ သတ်သတ် ထားရှိမှာလား။
ဖြေ။ ။ခုထိတော့ ကျနော်တို့ စစ်ဆေးနေတုန်းပါ။ ခုချိန်မှာ ဘင်္ဂါလီ ဆိုတာကို လက်ခံထားတယ်။ ရိုဟင်ဂျာ ကတော့ လက်မခံဘူး။ လူမျိုးအမည် ပြောင်းမရဘူး။ သူတို့ လာတဲ့ အော်ရဂျင်နယ် (မူရင်း) နိုင်ငံက ရှိနေပြီးသားပါ။ ကျနော်တို့ ဘက်မှာ အထောက် အထား တွေ ရှိပါတယ်။ သူတို့တွေက ကလေးတအားမွေးလို့သာ ဒီလောက်ထိ များလာတာ။ နိုင်ငံကို မပြောရုံ၊ လူမျိုးကို မပြောရုံနဲ့ သူတို့ကို နိုင်ငံမဲ့ ပြောလို့ မရပါဘူး။ white card ကိုင်တာနဲ့ နိုင်ငံမဲ့ မဟုတ်ပါဘူး။ ဘယ်နိုင်ငံသားလဲ စစ်ဆေးခံဖို့ ကျန်သူတွေပါ။
မေး။ ။ မျိုးနွယ်စု သီးခြားတခု သတ်မှတ်ပေးမလား။ ဒါမှမဟုတ် သက်ဆိုင်ရာနိုင်ငံကို သိတယ် ဆိုတော့ ဒါကို ပြန်ပို့ မလား။
ဖြေ။ ။ ကျနော်တို့ အကြိမ်ကြိမ် ပို့ခဲ့ပါတယ်။ ရာနဲ့ချီလည်း ပို့ခဲ့ပါတယ်။ နှစ်နိုင်ငံက သက်ဆိုင်ရာ အောက်ခြေတွေ့ဆုံမှုတွေလည်း ခဏခဏ လုပ်ဆောင်ပါတယ်။
မေး။ ။ ဘင်္ဂါလီတွေ ဆိုတဲ့မျိုးနွယ်စု တခုအနေနဲ့ သီးခြားပေးဖို့ အစီစဉ် ရှိပါသလား။ သူတို့က လာတဲ့ မူရင်း နိုင်ငံရှိတယ် ဆိုတော့ သူတို့ကို နိုင်ငံမဲ့ အနေနဲ့ လက်ခံမှာလား။ ဒါမှမဟုတ် အရင်ကလည်း ရှိခဲ့ဖူးတော့ ဒါကို မျိုးနွယ်စု တခုပေးမှာလား။
ဖြေ။ ။ ဒါကတော့ သူတို့ မျိုးနွယ်စု တခုအနေနဲ့ သတ်မှတ်ပေးဖို့ ကတော့ တိုင်းရင်းသား မျိုးနွယ်စု အနေနဲ့ ဘယ်လိုမှ ထည့်သွင်း မပေး နိုင်ပါဘူး။ လူမျိုးအမည် ဆိုတာလည်း ခုမှပြောင်းချင်လို့ မရပါဘူး။ သူတို့က နိုင်ငံမဲ့လည်း မဟုတ်ပါဘူး။ နိုင်ငံသား တဦး အနေ နဲ့သာ သူတို့ ခံစားခွင့် မရှိဘူး ဆိုပေမယ့် သူတို့ဟာ ဥပဒေအရ နိုင်ငံသား ဖြစ်နိုင်တယ်ဆို၊ နေချင်တယ်ဆို ဥပဒေအတိုင်း လုပ်လို့ ရပါတယ်။
ဥပမာ သူတို့ အဘိုးအဘွားနေ၊ မိဘတွေနေ၊ နောက် တတိယမျိုးဆက်မှာ ဆိုသူတို့က နိုင်ငံသား လျှောက်ချင်ရင် လျှောက်ခွင့် ရပါတယ်။ ဥပဒေအရ နိုင်ငံသားလုပ်နိုင်ပါတယ်။ ဒါက ဟိုးအရင်သူတို့ ရှိခဲ့တဲ့ အထောက်အထား အရ နိုင်ငံသား မဟုတ်ပေမယ့် နေခဲ့ တဲ့ အထောက်အထား ရှိလို့ပါ။ အခုမှ ဖြစ်လာတာတွေကတော့ ဒီလိုမျိုး မရနိုင်ပါဘူး။ လူတွေက မြေကြီးကနေ မထွက်ပါဘူး။ သူတို့လာရာ ရှိပြီးသားပါ။
မေး။ ။ ဒါဆို ရိုဟင်ဂျာတွေကိုကော ဘယ်လို ဆုံးဖြတ်ထားပါသလဲ။
ဖြေ။ ။ ဘင်္ဂါလီ ဆိုတာကိုက ကျနော်တို့ အရင်မှတ်တမ်းတွေမှာ မှတ်တမ်း တင်ထားခဲ့တာတွေ ရှိပါတယ်။ ဒါကိုတော့ သူတို့ကို သတ်မှတ်နိုင်ငံသား ဥပဒေအတိုင်း လျှောက်ခွင့်ကတော့ ဥပဒေအရ လက်ခံပေးနိုင်တယ်။ ဒါပေမယ့် ရိုဟင်ဂျာကိုတော့ ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး။ သူတို့ကိုက လျှောက်ခွင့် မရှိပါဘူး။
မေး။ ။ ခိုးဝင်လာသူတွေ ရှိနေတဲ့အပေါ်မှာ ဘယ်လို ဆောင်ရွက်သွားမလဲ ဆိုတာ သိပါရစေ။ တခုက အနောက်တံခါး တင်မကဘဲ တချို့သော တံခါးတွေလည်း ကျိုးပျက်နေတယ်လို့ ထောက်ပြသူတွေ ရှိတယ်၊ ဆိုတော့ ဒီအပေါ်မှာ ဝန်ကြီးတို့ ဘယ်လို အရေးယူသွား မလဲ။ ဒီအပေါ်မှာ ဘယ်လိုမျိုး ကာကွယ်ဖို့ရှိ မလဲဆိုတာ သိပါရစေ။
ဖြေ။ ။ ရေပက်မဝင် လုံခြုံရေး ဆိုတာတော့ မရှိပါဘူး။ ဒါပေမယ့် ခုချိန်မှာ ကျနော်တို့နဲ့ ပြည်သူ ပူးပေါင်းဖို့ လိုပါတယ်။
သိတယ် ဆို ပြောကြပါ။ စစ်ဆေးရမှာက ကျနော်တို့ အလုပ်ပါ။ တခုက တချို့တိုင်းရင်းသားတွေ၊ ဥပမာ ကိုးကန့်တို့ ဝလူမျိုးတို့ဆို ကျနော်တို့ တိုင်းရင်း သားပေမယ့် တရုတ်နဲ့တူတာ ရှိပါတယ်။ နောက်ခိုးဝင်သူတွေ အတွက် စနစ်တကျ စစ်ဆေးနိုင်မယ့် စီမံချက် တခုကိုကျနော်တို့ အမြန် ဆုံးရေးဆွဲနေ ပါတယ်။
မေး။ ။ ဒါဆို ခုအနောက်ဘက်ပိုင်းက ပြဿနာ အတွက်က ဒီစီမံချက်နဲ့ လုပ်ဆောင်မှာ ပေါ့။ ဘယ်လိုတွေ လုပ်သွားမလဲ ဆိုတာ သိပါ ရစေ။
ဖြေ။ ။ ဒါကတော့ ပြောပြဖို့ စောသေးပါတယ်။ အသက် အိုးအိမ်တွေနဲ့ ဆိုင်ပါတယ်။ ကျနော်တို့ မှတ်ပုံတင်နိုင်အောင် စလုပ်ပါမယ်။ နောက်ခိုးဝင်လာသူတွေ ရှိမရှိ စစ်ဆေးပါမယ်။ ရှိလာရင် သူတို့ အတွက် ဆက်လုပ်ရမယ့် အပိုင်းတွေ လုပ်ပါမယ်။ ဒီကိစ္စကိုတော့ အသေးစိတ် မပြောလိုသေးပါဘူး။ ဒါက နိုင်ငံလုံခြုံရေးနဲ့ ဆိုင်ပါတယ်။ နောက် ကျနော့် အနေနဲ့ တခုပြောနိုင်တာ ကတော့ သူတို့ဟာ နိုင်ငံမဲ့ မဟုတ်ပါဘူး။ ဝင်ရောက်နေတဲ့ သူတို့ကိုလည်း လူသားတစ်ဦး အနေနဲ့ နေထိုင်ခွင့် ပေးပါတယ်။ နိုင်ငံသား ဖြစ်ခွင့်၊ နောက် လူမျိုးတခုအနေနဲ့ ရပ်တည်ခွင့်ဆိုတာက ကျနော်တို့ အဘက်ဘက်က စဉ်းစားရမှာပါ။ တိုင်းရင်းသား မဟုတ်တာကို တိုင်းရင်းသား လုပ်ပေးလို့ မရပါဘူး။ ဒါက ကျနော်တို့ တိုင်းပြည်မှ မဟုတ်ပါဘူး။ ဘယ်နိုင်ငံမှာ ကြည့်ကြည့် ကိုယ့် တိုင်းပြည်မှာ တခြားက လာ ခိုလှုံ သူတွေကို လွယ်လွယ်ကူကူ နိုင်ငံသားဖြစ်ခွင့် မပေးပါဘူး။ မရှိခဲ့တာကိုလည်း ရှိတယ်လို့ လုပ်လို့လည်း မရပါဘူး။
မေး။ ။ နိုင်ငံသား မဟုတ်သူတွေ မဲပေးခွင့်မရှိဘူး။ နောက်သိရသလောက်တချို့ White Card ကိုင်တဲ့လူတွေ မြေဝယ်လို့ ရနေတာတွေ ရှိတယ် ပြောတယ်။ ဒီလိုတွေ ခွင့်ပြုထားပါသလား။
ဖြေ။ ။ ဒါက မဲပေးခွင့် ရှိမရှိက ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ပါတယ်။ နောက် အိမ်ဝယ်ခွင့် ပေးမပေး ဆိုတာကလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ အပိုင်းပါ။ ကျနော်တို့က စစ်ဆေးပေးဖို့နဲ့ သက်သေခံ ကတ်တွေ ဥပမာ သက်ဆိုင်ရာ ကတ်တွေ ထုတ်ပေးနိုင်ဖို့ပဲ တာဝန်ရှိပါတယ်။
မေး။ ။ တဖက်နိုင်ငံကနေ ခိုးဝင်လာတာရှိသလို ဒီကနေ ခိုးထွက်တာရော ရှိလား၊ သိပါရစေ။
ဖြေ။ ။ ရှိပါတယ်။ ဒီကနေ ရခိုင်ဘက်က လူ ၂၄၀၀ ကျော်လောက် ထွက်ပါတယ်။ သူတို့ကိစ္စကိုလည်း ကျနော်တို့ လုပ်ဆောင်နေပါတယ်။
မေး။ ။ ဒီလူတွေကို ပြန်လက်ခံမှာလား။
ဖြေ။ ။ကျနော်တို့ နိုင်ငံသားတွေပါ။ အကြောင်း အမျိုးမျိုးကြောင့် ထွက်သွားတယ်။ ရခိုင်ဘက်မှ မဟုတ်ပါဘူး။ ဘယ်သူ ဖြစ်ဖြစ်ပါ၊ ထွက်ပြေးတာ မှန်တယ်၊ ဟိုရောက်မှ ကလေးမွေးလည်း ဒီမိဘက မွေးလား၊ ဒီနိုင်ငံသား တဦးဦးက မွေးလား၊ စစ်တယ်။ ပြန်လာချင် ရင် လက်ခံပေးတယ်။
မေး။ ။ တဖက်နိုင်ငံကကော သူတို့ဆီ ခိုးဝင်တဲ့ မြန်မာနိုင်ငံသားတွေကို ဘယ်လို လက်ခံထားလဲ။
ဖြေ။ ။ သူတို့ကို နိုင်ငံသားဖြစ်ခွင့် ပေးတာ မရှိပါဘူး။ နိုင်ငံသားပြုခွင့်လည်း မပေးဘဲ လက်ခံထားတယ်။
မေး။ ။ ဝန်ကြီးအနေနဲ့ ဘာများ ဖြည့်စွက် ပြောချင်သေးလဲ။
ဖြေ။ ။ သန်းခေါင်စာရင်း ကောက်ယူမှုက ကျနော်တို့ဆီမှာ နိုင်ငံတကာထက် ပိုအောင်မြင်တာ ပြည်သူတွေ ပါဝင်မှုကြောင့်လည်း ပါပါတယ်။ နောက်နိုင်ငံသား ဖြစ်မှုနဲ့ပတ်သတ်ပြီး ပြည်သူတွေ ဘက်က မရှင်းလင်းတာရှိရင် မေးနိုင်ပါတယ်။ ဖြေကြားပေးပါမယ်။
နောက် တခုကတော့ နိုင်ငံထဲကို ခိုးဝင်လာသူတွေ ရှိရင် သံသယ ရှိရင်အချိန် မရွေး ဆက်သွယ်ပါ။ စိစစ်ပေးဖို့ ကျနော်တို့မှာ တာဝန် ရှိပါတယ်။ ကျနော်တို့ ဌာနအနေနဲ့ တာဝန်ယူတဲ့ကာလအတွင်းမှာ အကောင်းဆုံး လုပ်ဆောင်ခဲ့တာမှာ မှတ်တိုင် ၇ ခု စိုက်ထူနိုင်ခဲ့ပါ တယ်။
ပထမကတော့ နယ်စပ်ဂိတ်တွေ ဖွင့်နိုင် ခဲ့တယ်။ ဆိုက်ရောက် ဗီဇာလုပ်နိုင်ခဲ့တယ်။ မှတ်ပုံတင် လုပ်ပေးနိုင်ခဲ့တယ်။ မြန်မာ နိုင်ငံ သား တွေကို ပြန်လက်ခံနိုင် ခဲ့တယ်။ သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့တယ်။ နောက်ထပ်လုပ်မှာက PRစနစ်နဲ့ အွန်လိုင်းဗီဇာ လျှောက်နိုင်ဖို့ လုပ်သွားမယ်။ ဒီတော့ ကျနော့် သက်တမ်းမှာ ကျနော်မှတ်တိုင် ၇ ခု အောင်မြင်စွာစိုက်ထူပါမယ် လို့ ပြောချင်ပါတယ်။ ။