အမျိုးသားဒီမိုကရေစီအင်အားစုပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့က လာမည့် ရွေးကောက်ပွဲ များတွင် ကျင့်သုံးရန် တွန်းအားပေးနေသော မဲအချိုးကျ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် စနစ်(PR)သည် ပြည်သူလူထု အကျိုး မပြုဘဲ ပါတီတချို့အတွက်သာ အကျိုးရှိနိုင်၍ ဆန့်ကျင်ကန့်ကွက်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)နှင့် တိုင်းရင်းသား ပါတီတချို့က ကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်သည်။
NLD နှင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်ယ်စားလှယ် များဖြင့် ဖွဲ့စည်းထားသော CRPP အဖွဲ့ဝင် တိုင်းရင်းသား ပါတီ ၇ ခုက လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်၌ ကျင့်သုံးရန် ပြင်ဆင်နေသည့် အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲ (PR) စနစ်ကို ကန့်ကွက်ကြောင်း ဇူလိုင်လ ၅ ရက်နေ့တွင် ကြေညာချက်တရပ်ထုတ်ပြန်ခဲ့သည်။
PR စနစ် ဆန့်ကျင် ကန့်ကွက်သော တိုင်းရင်းသား ပါတီ ၇ ပါတီတွင် ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် ၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ၊ မွန်အမျိုးသားပါတီ ၊ ဇိုမီကွန်ကရက် ဒီမိုကရေစီပါတီ ၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီနှင့် အမျိုးသား ဒီမိုကရေစီ ပါတီတို့ ပါဝင်သည်။
PR စနစ်သည် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနှင့် တိုင်းရင်းသား ပြည်သူတရပ်လုံး၏ အကျိုးစီးပွားကို ဖော်ဆောင် နိုင်ခြင်း မရှိဘဲ ပါတီတချို့အတွက်သာ အကျိုးရှိနိုင်သောကြောင့် PR စနစ်ကို မြန်မာနိုင်ငံ ရွေးကောက်ပွဲ တွင် ပြောင်းလဲကျင့်သုံးရန် မသင့်ကြောင်း၊ PR စနစ်မှာ လွန်စွာ ရှုပ်ထွေး နေသည့် အပြင် ရွေးကောက်ပွဲတွင် နေရာအားလုံးကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိသည့် အားနည်းသော တိုင်းရင်းသား ပါတီများအတွက် မမျှတကြောင်း ၊ မဲအချိုးကျ ခွဲဝေယူရမည့် စနစ်မှာ တန်းစီ စနစ် ဖြစ်သောကြောင့် တိုင်းရင်းသား များမှာ နောက်ဆုံးမှ တန်းစီရမည် ဖြစ်ကြောင်း မွန်အမျိုးသား ပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိမ်းက ပြောသည်။
“အခုနိုင်ငံရေး အခြေအနေက အစိုးရကတခု ချပြရင် ဝင်တော့တာပဲ။ ဘယ်သူမှ ဆန့်ကျင်တာမျိုး သိပ်မလုပ်ကြဘူး။ တိုင်းပြည် မှာ အခုအချိန်မှာ အတိုက်အခံဆိုတာ မရှိတော့ဘူး။ NLD ဆိုရင်လည်း လွှတ်တော်ထဲ ရောက်သွားကတည်းက လွှတ်တော်က ဆုံးဖြတ်ရင် အကုန်လုပ်လိုက်တာပဲ။ အခု PR ကိစ္စမှာလည်း လွှတ်တော်က ဆုံးဖြတ်ရင် ဒီအတိုင်း သွားမှာပဲ။ ဒီ PR စနစ်ကို မကြိုက်လို့ ရွေးကောက်ပွဲ မဝင်ဘူး ဆိုပြီး ဘယ်သူကမှ ပြောမှာ မဟုတ်ဘူး။ အစိုးရက ဆုံးဖြတ်ရင် ကြိုက်သည် ဖြစ်စေ၊ မကြိုက် သည် ဖြစ်စေ ရွေးကောက်ပွဲ တော့ ဝင်ကြ မှာပဲ ။ အစိုးရကို ဆန့်ကျင်ကြမှာ မဟုတ်ဘူး” ဟု ဦးနိုင်ငွေသိမ်းက ပြော သည်။
ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းညွှန့်လွင်က ရွေးကောက်ပွဲတွင် PR စနစ်ကို ကျင့်သုံးမည် ဆိုပါက ၂၀၁၅ ရွေးကောက်ပွဲ ဝင်၊ မဝင် ပြန်လည် စဉ်းစားသုံးမည်ဟု ဆိုသည်။
NLD နှင့် တိုင်းရင်းသားပါတီ ၇ ခု ပူးတွဲ ထုတ်ပြန်သော ကြေညာချက်တွင် PR စနစ်ကို ဆန့်ကျင်ကန့်ကွက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင် တွေ့ဆုံရေး၊ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ရန် ပြင်ဆင်နေသော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် လမ်းညွှန်ချက်များကို လွတ်လပ်၍ တရားမျှတရှိအောင် ပြင်ဆင် ထုတ်ပြန် ပေးရေး တို့ကိုလည်း ထည့်သွင်းတောင်းဆိုထားသည်။