သမ္မတဦးသိန်းစိန်က မီဒီယာလွတ်လပ်ခွင့်ပေးထားပြီးဖြစ်၍ နိုင်ငံတော်လုံခြုံရေးနှင့် တည်ငြိမ်မှုကို ထိခိုက်လာသော မီဒီယာများ ကို ထိရောက်စွာ အရေးယူမည်ဟု ပြောဆိုလိုက်ပြီးနောက် ကြားဖြတ်အစိုးရ သတင်းဖော်ပြသည့် Bi မွန်းတည့်နေ သတင်း ဂျာနယ်မှ အယ်ဒီတာ ၃ ဦးကို ၁၉၅၀ အရေးပေါ်စီမံချက်ဥပဒေ ပုဒ်မ ၅ (ဃ)၊ ၅ (ည) တို့ဖြင့် အရေးယူလိုက်ခြင်းသည် မီဒီယာ များကို ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း နိုင်ငံရေး အင်အားစုများနှင့် မီဒီယာသမားများက ပြောဆိုလိုက်ကြသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ဒီမိုကရေစီအင်အားစုများကို ကြားဖြတ်အစိုးရအဖြစ် ဒီမိုကရေစီ စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု (MDCF)က တင်မြှောက်ကြောင်း သတင်းဖော်ပြမှုဖြင့် Bi မွန်းတည့်နေဂျာနယ် အယ်ဒီတာ ၃ ဦးကို ဇူလိုင်လ ၈ ရက်နေ့ ဖမ်းဆီးလိုက်ပြီး ၁၉၅၀ ပြည့် အရေးပေါ် အက်ဥပဒေ ပုဒ်မ ၅(ဃ) ၊ (ည) တို့ဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲသတင်း အထူးတပ်ဖွဲ့(SB) မှ ရဲမှူး ထွန်းသိန်းက အမှုဖွင့်ပြီး ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ ရှေ့နေကွန်ရက်မှ ဦးရောဘတ်စန်းအောင်က ဆန္ဒပြပွဲသတင်းတခုအား အများပြည်သူသိအောင် ဖော်ပြမှုခြင်းကို ၁၉၅၀ ခုနှစ် အရေးပေါ်အက်ဥပဒေ ပုဒ်မများ ဖြစ်သော ပုဒ်မ ၅(ဃ)၊ ၅(ည)တို့ဖြင့် အရေးယူခြင်းမှာ သတင်းမီဒီယာများကို ဖိနှိပ် ရန် ပြင်ဆင်လာခြင်း ဖြစ်ကြောင်း၊ ယင်း ဆန္ဒပြပွဲများကို ယခင်က ဦးဆောင်ခဲ့သူ M.D.C.F မှ ဦးထင်ကျော်မှာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့်သာ အရေးယူခံခဲ့ရပြီး ထုတ်ပြန်သော သတင်းဖော်ပြသော မီဒီယာကို ပိုမိုပြင်းထန်သော ပုဒ်မ များ တပ်၍ အရေးယူလာခြင်းသည် ခြိမ်းခြောက်မှုတရပ်ဖြစ်ကြောင်း၊ ယင်းအမှုကို ကာယကံရှင်များဘက်မှ ရှေ့နေ လိုက် ပေးရန် ကမ်းလှမ်းလာပါက အခမဲ့ ရှေ့နေလိုက်ပေးမည်ဖြစ်ကြောင်း ပြောသည်။
“ ဒီအမှုက အရင် နိုင်ငံရေး သမားတွေကို အပြစ်ပေးတဲ့ အမှုကြီး ။ အခုက သတင်းမီဒီယာတွေကို စလုပ်တာ။ မီဒီယာ လောက ရဲ့ စံပြအမှုပဲ။ အပြစ်ပေးချင်ရင် တမှုကို ထောင်ဒဏ် ၇ နှစ်စီနဲ့ ၁၄ နှစ် ချလို့ရတယ်။ အများသိအောင် ဖော်ပြတဲ့ သတင်းကို ဒီလိုလုပ်လိုက်တဲ့အတွက် နောက်ပိုင်းမှာ သတင်းလွတ်လပ်ခွင့်တွေ ထိခိုက်တော့မယ်” ဟု ဦးရောဘတ်စန်းအောင်က ပြော သည်။
Bi မွန်းတည့်နေ သတင်းဂျာနယ်၏ သတင်းဖော်ပြမှုသည် အချက်အလက် မှားယွင်းပါက အရေးယူနိုင်သော်လည်း သတင်း ဖြစ်ရပ် တင်ပြမှုကို နိုင်ငံတော် လုံခြုံရေး အကြောင်းပြချက်ဖြင့် အရေးယူခြင်းမှာ မဖြစ်သင့်ကြောင်း ၊ သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်လာခြင်း ဖြစ်သည်ဟု ယူဆကြောင်း ၊ အစိုးရ ပုံရိပ်ထိခိုက်ခြင်းကိုလည်း နိုင်ငံတော် လုံခြုံရေးဟု အကြောင်း မပြ သင့်ကြောင်း မော်ကွန်းသတင်းမဂ္ဂဇင်းမှ အယ်ဒီတာ ဦးဇေယျာလှိုင်က ပြောသည်။
“ မီဒီယာကို ထိန်းချုပ်ချင်တဲ့ သဘောမျိုးတွေ့ရတယ်။ မီဒီယာသမားတွေကို ခြိမ်းခြောက်လာတဲ့ ပုံစံပဲ။ အစိုးရမကောင်းကြောင်း လာမရေးနဲ့။ ဒီမှာ တွေ့လားဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ် ” ဟု ဦးဇေယျာလှိုင်က ဆိုသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် မန္တလေးမြို့၌ လက်တွေ့ ဆူပူအကြမ်းဖက်သူများကို ထိထိရောက်ရောက် အရေးမယူနိုင်ဘဲ စတုတ္ထမဏ္ဍိုင် သတင်းမီဒီယာများကို နိုင်ငံတော် အရေးပေါ်ကာလ အခြေအနေတွင်သာ ကျင့်သုံးရမည့် ပုဒ်မများတပ်၍ အရေး ယူ ခြင်းမျိုး ပြုလုပ်သည့်အတွက် ပြင်းထန်စွာ ကန့်ကွက်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးထွန်းကြည်က ပြောသည်။
“ သမ္မတ မိန့်ခွန်းကို နားထောင်ပြီးကတည်းက မီဒီယာတွေကို တခုခု လုပ်တော့မယ်လို့ ထင်နေတယ်။ မန္တလေးက တကယ်ဆူပူ အကြမ်းဖက်တဲ့သူတွေကျတော့ သူဘာမှ မလုပ်နိုင်ဘူး။ ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံမှာ အရေးပေါ်ကာလဆိုတာ ရှိတယ်။ အဲဒီ အချိန် မဟုတ်ရင် ဒီပုဒ်မတပ်တာက ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်နေတယ်။ ကျနော်တို့ကတော့ ဒီပုဒ်မနဲ့တပ်ပြီး ဘယ်သူပဲ အရေး ယူခံရပါစေ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်” ဟု ဦးထွန်းကြည်က ပြောသည်။
ဇွန်လ ၈ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာများတွင်မွန်းတည့်နေ၏ သတင်းကြောင့် ထင်ယောင်ထင်မှား ဖြစ်စေပြီး နိုင်ငံတော် အစိုးရကို အကြည်ညိုပျက်စေခြင်း၊ နိုင်ငံတော် တည်ငြိမ်အေး ချမ်းရေးကို ထိခိုက်စေခြင်းနှင့် အများပြည်သူ၏ အကျိုးပျက်စီးမှု ကို ဖြစ်ပေါ်စေနိုင်သည်ဟု သတင်းဖော်ပြခဲ့သည်။
မွန်းတည့်နေ ဂျာနယ်တိုက် ရုံးခန်းသို့ ရဲသတင်း အထူးတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့ ပါဝင်သည့် အနည်းဆုံး လူ ၁၂ ဦးခန့်မှာ ဇူလိုင်လ ၈ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် ရောက်ရှိလာပြီး မွန်းလွဲ ၂ နာရီအထိ ဝင်ရောက် ရှာဖွေကာ ကွန်ပျူတာ ၃ လုံး၊ ပရင်တာ စက် ၁ လုံး ၊ ကွန်ပျူတာ wifi ထုတ်လွှင့်သည့် စက်တလုံးနှင့် စာရွက်စာတမ်းတချို့ ကို လာရောက်သိမ်းဆည်းသွားခဲ့ကြောင်း သတင်း ထောက်ချုပ် ကိုသိန်းမင်းအောင်က ပြောသည်။
MDCF အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ဦးထင်ကျော်သည် နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (ခ) ဖြင့် တောင်ဥက္ကလာပ၊ ကျောက်တံတား၊ တောင်ဒဂုံ နှင့် ဒဂုံ ဆိပ်ကမ်း မြို့နယ် တရားရုံးများတွင် အမှုရင်ဆိုင် နေရသူဖြစ်ပြီး လတ်တလော တောင်ဥက္ကလာပ မြို့နယ် တရားရုံးက ဦးထင်ကျော်ကို ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ပြီး အင်းစိန်ထောင်တွင် အကျဉ်းကျ ခံနေရ ကြောင်း သိရှိရသည်။