ပဋိပက္ခဒေသများ၌ လိင်အကြမ်းဖက်မှု အဆုံးသတ်ရေး တိုးတက်မှု မရှိ
This article has been converted from Zawgyi One to Unicode
ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် လိင်အကြမ်းဖက်မှု အဆုံးသတ်ရေး သဘောတူ ကြေညာစာတမ်းအား မြန်မာအစိုးရက လက် မှတ် ရေးထိုးခဲ့သည်မှာ တလကြာမြင့်ပြီ ဖြစ်သော်လည်း မည်သည့် တိုးတက်မှုမျှ မတွေ့မြင်ရကြောင်း ဗြိတိန်နိုင်ငံ အခြေ စိုက် မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့(Burma Campaign UK)က ထုတ်ပြန်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အကောင်အထည် ဖော်မည်ဟု ကတိများ ပေးခဲ့သော်လည်း၊ ကတိ ချိုးဖောက်ရာတွင် စံချိန်တင်နေသည်ဟု ဇူလိုင် ၈ ရက် ထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။
မြန်မာအစိုးရက အကောင်အထည် ဖော်ရမည့် အဆင့် ၁၂ ဆင့်ကို အရေးယူ ကိုင်တွယ်သွားမည်ဟု ဝန်ခံကတိပြု၊ လက်မှတ် ရေးထိုးထားသော်လည်း အဆင့်တိုင်းတွင် ပျက်ကွက်နေသည်ဟုလည်း Burma Campaign UK က ထောက်ပြထားသည်။
ပဋိပက္ခ ဖြစ်ပွားရာ ဒေသများတွင် လိင်အကြမ်းဖက်မှု အဆုံးသတ်ရေး အတွက် ၂၀၁၃ ခုနှစ် စက်တင်ဘာလက ကုလသမဂ္ဂ အထူးစုံစမ်း စစ်ဆေးရေးမှူး အဖြစ် ဆီလီရာလီယွန် နိုင်ငံရေးသမား Ms. Zainab Bangura ကို ခန့်အပ်ကာ၊ ဗြိတိန် နိုင်ငံခြား ရေး ဝန်ကြီး ဝီလီယံ ဟိတ်ဂ်တို့ ဦးဆောင်ပြီး အစီရင်ခံစာ တင်သွင်းခဲ့သည့် အတွက် ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခ ဒေသများတွင် လိင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ကြေညာစာတမ်း ပေါ်ထွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နိုင်ငံများစွာက အဆိုပါ ကြေညာစာတမ်းအတိုင်း လိုက်နာပူးပေါင်း ဆောင်ရွက်သွားမည်ဟု ကတိခံဝန် သဘောတူ လက်မှတ် ရေးထိုးကြသည်။ မြန်မာအစိုးရကိုလည်း ဗြိတိန်အစိုးရက အဆိုပါ ကြေညာစာတမ်းတွင် ပူးပေါင်း လက်မှတ် ရေးထိုးရန် ဖျောင်း ဖျ ပြောဆိုခဲ့ရာ ပြီးခဲ့သည့် ဇွန်လ ၅ ရက်က လက်မှတ် ရေးထိုးခဲ့သည့် အတွက် အမှတ်စဉ် ၁၅၀ မြောက် နိုင်ငံ ဖြစ်လာခဲ့ သည်။
Burma Campaign UK ၏ ညွှန်ကြားရေးမှုး မာ့ခ်ဖာမင်နာက “သမ္မတ ဦးသိန်းစိန်ဟာ အခုထိ သူပေးခဲ့တဲ့ ကတိတွေကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့သူ ဖြစ်တယ်”ဟု ဧရာဝတီကို ပြောသည်။
အထူးသဖြင့် စစ်ဖြစ်ပွားနေသည့် ဒေသများတွင် အစိုးရစစ်သားများက အမျိုးသမီးများ အပေါ် လိင်အကြမ်းဖက်မှုများကို ယနေ့ ထိတိုင် လက်နက်သဖွယ် ကျူးလွန်နေသော အထောက်အထားများ ရှိနေသော်လည်း အစိုးရက ယခုအထိ အရေးယူ အပြစ် ပေးခြင်း မရှိသေးသည်မှာ အထင်အရှား ဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။
“ရှမ်းပြည်နယ်မှာ ဦးသိန်းစိန် ကိုယ်တိုင် တိုင်းမှူး ဖြစ်ခဲ့စဉ်က သူ့ရဲ့ တိုက်ရိုက် ကွပ်ကဲမှုအောက်မှာ ရှိတဲ့ စစ်သားတွေဟာ မုဒိန်းမှု အတော်များများကို ကျူးလွန်ခဲ့တာကြောင့် ဒီကိစ္စဟာ သူ့အတွက် အတော် အထိမခံ ဖြစ်နေပုံရတယ်”ဟု မာ့ခ်ဖာမင်နာ က ဆိုသည်။
ပဋိပက္ခဇုန်များ၌ လိင်အကြမ်းဖက်မှု မဖြစ်ပွားရေး ကြိုတင် ကာကွယ်မှုဆိုင်ရာ တုံ့ပြန်ချက်များကို မြန်မာအစိုးရ အနေဖြင့် ပထမလ အတွင်း စတင်ဆောင်ရွက်ခြင်း မရှိသလို၊ အဆိုပါ ဇုန်များသို့ လူသားချင်းစာနာမှု ဆိုင်ရာ အရေးပေါ် အကူအညီ ပေး မှု ရန်ပုံငွေ အပါအဝင် အားပေး ထောက်ပံ့ပေးမှုများလည်း မရှိသေးဟု Burma Campaign UK က ဆိုသည်။
ယင်းအပြင် လိင်အကြမ်းဖက် ခံရသူများနှင့် ၎င်းတို့၏ မိသားစုဝင်များအား စိတ်ပိုင်း၊ ရုပ်ပိုင်း၊ ကျန်းမာရေး ဆိုင်ရာ ကုသမှုနှင့် ကျယ်ပြန်သည့် အကူအညီပေးရေးကို အချိန်နှင့် တပြေးညီ လုပ်ဆောင်ခြင်း မရှိကြောင်း၊ အလားတူ လိင်အကြမ်းဖက်မှု ကျူးလွန်သူများအပေါ် အရေးယူ အပြစ်ပေးမှုများလည်း ပျက်ကွက်နေဆဲ ဖြစ်ကြောင်းလည်း ထောက်ပြထားသည်။
လိင်အကြမ်းဖက်မှု မဖြစ်ပေါ်ရေး ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ရာတွင် ပဋိပက္ခဇုန်များ အတွင်း၊ အထူးသဖြင့် လိင်အကြမ်းဖက်မှုကို ကျူးလွန်သည့် အစိုးရစစ်တပ်နှင့် ရဲတပ်ဖွဲ့များကို နိုင်ငံတကာ ဥပဒေများ ပိုမိုကျယ်ပြန့်စွာ နားလည် လက်ခံ လာ စေ ရေး လေ့ကျင့် သင်တန်းပေးမှုများ မရှိသေးသလို၊ အဆိုပါ တပ်ဖွဲ့များအား ကိုယ်ကျင့် တရားဆိုင်ရာ ထိန်းသိမ်းရေးနှင့် ပြည်သူ့ဘ၀ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်ရေး လေ့ကျင့် သင်ကြားပေးမှုများလည်း ယခုအထိ အောင်မြင်ရန် ဆောင်ရွက် နိုင်ခြင်း မရှိဟု Burma Campaign UK က ဆိုသည်။