ပြီးခဲ့သည့်နှစ် ဇွန်လမှ စတင်၍ အမျိုးသားရေးဝါဒီ ဘုန်းတော်ကြီး အဖွဲ့တခုက ဗုဒ္ဓဘာသာဝင်တို့၏ အမျိုးဘာသာ သာသနာကို ကာကွယ်ရန် ဥပဒေသစ်တခုကို ပြဌာန်းနိုင်ရေး လှုံ့ဆော်လှုပ်ရှား လာခဲ့သည်။ ထို ဥပဒေတွင် ကိုးကွယ်ရာ ဘာသာ မတူသူချင်း ထိမ်းမြားလက်ထပ်ခြင်းကို အဓိက ထား၍ တားမြစ်ထားသည်။ သူတို့က ဗုဒ္ဓဘာသာဝင် အမျိုးသမီး နှင့် တခြားဘာသာဝင် ယောက်ျားတို့ လက်ထပ်ခြင်းကို ကန့်သတ်ထိန်းချုပ်ရန် တောင်းဆိုထားသည့် ဥပဒေကြမ်းတခုကို ရေးဆွဲပြီး လွှတ်တော် ကိုယ်စားလှယ်များထံသို့ ပေးပို့ခဲ့သည်။
အမျိုးသမီး အဖွဲ့များက ရိုးရှင်းသော သတင်းပေးချက် တခုဖြင့် တုန့်ပြန်ခဲ့ကြသည်။ ဥပဒေကြမ်းသည် လက် ခံနိုင်ဖွယ် မရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဥပဒေကြမ်းသည် အမျိုးသားရေးနှင့် ဘာသာရေး အစွန်းရောက် ဝါဒအပေါ်တွင် အခြေခံထားပြီး လူတဦးတယောက်ချင်းစီ၏ လွတ်လပ်ခွင့်၊ အထူးသဖြင့် အမျိုးသမီးတို့၏ ကိုယ်ပိုင် ရွေးချယ်မှုကို စွတ်ဖက်သလို ဖြစ်နေကြောင်း ကျမတို့ ပြောခဲ့ကြပါသည်။
အဆိုပါ ဥပဒေကြမ်းကို ပြဌာန်းခဲ့ပါက ဗုဒ္ဓဝါဒသည် အလွန် အင်အားနည်းပါးပြီး အကာအကွယ် ပေးရန်လိုအပ်နေသည်ဟု ထင်မြင်စရာ ဖြစ်လာနိုင်ကြောင်းလည်း ကျမတို့ ထောက်ပြခဲ့ကြသည်။ တခြားသော ဘာသာအယူဝါဒများနှင့် ယှဉ်တွဲရပ် တည်နိုင်ရန် ဗုဒ္ဓဝါဒသည် ကြံ့ခိုင်မှုမရှိဟု ဖွင့်ဆိုပြသလိုလည်း ဖြစ်နေပါလိမ့်မည်။
ပြီးခဲ့သည့်နှစ်တွင် သမ္မတ ဦးသိန်းစိန်က အစိုးရဝန်ကြီးဌာနများနှင့် တရားရုံးချုပ်ကို ဘာသာခြား လက်ထပ်သည့် ဥပဒေ သာမက တခြား ဥပဒေကြမ်း ၃ ခုဖြစ်သည့် ဘာသာကူးပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေကြမ်း၊ လူဦးရေထိန်း ချုပ်သည့် ဥပဒေနှင့် မယားပြိုင် စနစ်ကို ဥပဒေနှင့် တားမြစ်ခြင်း စသည်တို့ကို တရားဝင် ရုံးသုံးပုံစံဖြင့် ရေးဆွဲရန် အမိန့် ပေးခဲ့သည်။ ၎င်းတို့ အားလုံးသည် လူမျိုးနှင့် ဘာသာကို ကာကွယ်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
လက်ရှိ အချိန်သည် မြန်မာပြည်သူများအတွက် လူမျိုးရေးနောက်ခံ၊ ကိုးကွယ်ယုံကြည်မှု သို့မဟုတ် ယောက်ျား၊ မိန်းမ စသည်ဖြင့် ကန့်သတ်မထားဘဲ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အတွက် စည်းလုံးရမည့် အချိန်ဖြစ်သည်။ ထို့ကြောင့် ကျမတို့ အမျိုးသမီး အဖွဲ့များက ကိုးကွယ်ယုံကြည်မှုကို အခြေပြု၍ ခွဲခြားထားသည့် ဥပဒေကြမ်းများကို ဆန့်ကျင် ကန့်ကွက်ကြောင်း ကြေညာချက်တခု ဒုတိယ အကြိမ်ထုတ်ပြန်ရန် ယခင်လက ဆုံးဖြတ်ခဲ့ ခြင်းဖြစ်ပါသည်။
“တိုင်းပြည်တွင် လက်ရှိဖြစ်ပေါ်နေသည့် ဘာသာခြား လက်ထပ်ခြင်းကို ဆန့်ကျင် ကန့်ကွက်ခြင်း အပါအဝင် ကိုးကွယ် ယုံကြည်မှုကို အခြေခံသော နိုင်ငံရေးလှုပ်ရှားမှုများသည် ကိုးကွယ်ရာ ဘာသာများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး၊ အစွန်းရောက် အကြမ်းဖက်မှုနှင့် ပဋိပက္ခများ တားဆီးကာကွယ်ရေး စသည့် ဦးတည်ချက်များနှင့် ကိုက်ညီခြင်း မရှိဘဲ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ပြည်သူလူထုကို အာရုံထွေပြားအောင်ရည်ရွယ်ခြင်း ဖြစ်သည်ဟု ကျမတို့ ယုံကြည် သည်” ဟု ကြေညာချက်တွင် ရေးသားခဲ့ပါသည်။
အဆိုပါ ဥပဒေကြမ်းများသည် ဒီမိုကရေစီ သွင်ကူးပြောင်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် အခြေခံဥပဒေ ပြင်ဆင်ရေးများကို နှောင့်နှေးကြန့်ကြာစေရန် ပရိယာယ်ဆင်ခြင်း ဖြစ်သည်ဟု ယူဆရသည်။ လိင်ကွဲပြားမှုကို အခြေခံသည့် အမြင်ကကြည့်လျှင် ဘာသာခြားလက်ထပ်မှု ဥပဒေကြမ်းကို ထောက်ခံသူများသည် အမျိုးသမီးများကို ရုပ်ဝတ္ထု ကဲ့သို့ မြင်နေသူများ ဖြစ်နေသည်မှာ ရှင်းပါသည်။ ဆင်ခြင်တုံတရားနှင့် မယှဉ်သော ထိုအမြင်မျိုးကို ကျမတို့ လက်မခံနိုင်ပါ။ ၎င်းကို ဆန့်ကျင်သည့် ကျမတို့၏ လှုပ်ရှားမှုကိုလည်း အလျှော့ပေးလိမ့်မည် မဟုတ်ပါ။
သို့သော်လည်း အစွန်းရောက် အမျိုးသားရေး အဖွဲ့အစည်းများ၏ ပြင်းထန်သော တုန့်ပြန်မှုကို ကျမတို့ရင်ဆိုင်နေရသည်။ ဥပဒေကြမ်းများကို ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည့် အရပ်ဘက် လူ့အဖွဲ့အစည်း ခေါင်းဆောင်များ၊ အမျိုးသမီး အဖွဲ့အစည်း များထံသို့ Facebook နှင့် မိုဘိုင်းဖုန်း Application တခုဖြစ်သည့် Viber အပါအဝင် ဆက်သွယ်ရေး လမ်းကြောင်း အမျိုးမျိုးမှ ဆဲရေးတိုင်းထွာပြီး ခြိမ်းခြောက်သည့် ဖုန်းခေါ်ဆိုမှုများ၊ Online Message များ ရောက်နေပါသည်။
ကျမကိုယ်တိုင်လည်း ပြီးခဲ့သည့် လကုန်ပိုင်းမှစ၍ ထိတ်လန့်ဖွယ်ရာ ဖုန်း Message များ ရရှိခဲ့ပြီး ဖြစ်ပါသည်။ ကျမကို အမျိုးဘာသာအပေါ် သစ္စာဖောက်သူတယောက် အဖြစ် ပြောဆိုကြသလို အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်ခဲ့သည်။
“သစ္စာ ဖောက်၊ နင်သေချင်သလား” ဟု လူတယောက်က ကျမကို Message ပို့သည်။ တချိန်တည်းမှာပင် ဘလော့ဂ် တခုဖြစ်သော Myanmar Express က ဥပဒေကြမ်းများကို ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောခဲ့သည့် အမျိုးသမီးအရေး လှုပ်ရှား သူများကို ပုဂ္ဂိုလ်ရေး အရ တိုက်ခိုက်ခဲ့ပါသည်။
ခြိမ်းခြောက်မှုများ ဆက်လက်ရှိနေသော်လည်း ပြုပြင်ပြောင်းလဲရေး အမည်ခံ အစိုးရက ငြိမ်သက်နေဆဲဖြစ်သည်။ ကျမ တို့တတွေ၏ လုံခြုံရေးအတွက် ဆောင်ရွက်ပေးရမည့် အစား သာသနာရေးဝန်ကြီးဌာန ဝန်ကြီးက မဘသ ဟု အများ သိကြသည့် အမျိုးဘာသာ စောင့်ရှောက်ရေးအဖွဲ့ကို တရားဝင် အဖွဲ့အစည်းတခု အဖြစ်သတ်မှတ်နိုင်ရန် ကြိုးစား လာသည်။
နိုင်ငံတကာတွင် ပြုပြင်ပြောင်းလဲရေး သမားအဖြစ် သတ်မှတ်ခြင်းခံရသော သမ္မတဦးသိန်းစိန်၏ အရေးယူ ဆောင်ရွက်မှု များကို ကျမ အလွန်စိတ်ပျက်မိပါသည်။ သူ၏ နားများကို အစွန်းရောက် သံဃာများအတွက် ဖွင့်ပေးထားပြီး ၎င်းတို့၏ အစီအစဉ်များ ရှေ့ဆက် သွားနိုင်ရေးအတွက် တွန်းအားပေးနေပါသည်။ အစိုးရ၏ သဘောတူညီချက်မပါဘဲ ပြည်သူများ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်း မပြုနိုင်ရန် တားမြစ်ထားသည့် ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းကိုလည်း လွှတ်တော်တွင် ဆွေးနွေးတော့မည်ဖြစ်သည်။
ပြီးခဲ့သည့် အပတ်က ဥပဒေကြမ်းများနှင့် ပတ်သက်၍ ကျမတို့၏ စိုးရိမ်မှုများကို ဆွေးနွေးရန် ပြည်သူ့ လွှတ်တော် တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများမှ ကိုယ်စားလှယ်တချို့ တွေ့ဆုံခဲ့ကြရာတွင် ကျမတို့၏ အမြင်များကို ပွင့်လင်းလွတ်လပ်စွာ ပြောပြခဲ့ပါသည်။
ကျမတို့လှုပ်ရှားမှု၏ နောက်ဆုံးရလဒ် အဖြေကို ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၏ ထိပ်တန်း မူဝါဒချမှတ်သူများက ဆုံးဖြတ်ကြမည် ဖြစ်သည်။ သမ္မတ၊ ဝန်ကြီးများနှင့် လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် လုပ်ပိုင်ခွင့်ရှိသည့် တာဝန်ရှိသူများက အဆိုပါ ဥပဒေကြမ်းများကို လက်ခံရန် သင့်၊ မသင့် ဆုံးဖြတ်ကြမည် ဖြစ်သည်။ သို့သော်လည်း မည်သို့ပင် ဖြစ်စေ ကျမတို့က ကျမတို့ မှန်ကန်သည်ဟု ယုံကြည်သော အရာအတွက် ဆက်လက်တိုက်ပွဲဝင် သွားကြမည် ဖြစ်ပါသည်။
ဇင်မာအောင်သည် လူ့အခွင့်အရေးနှင့် အမျိုးသမီးအရေး တက်ကြွ လှုပ်ရှားသူ တဦးဖြစ်ပြီး Rainfall Gender လေ့ကျင့် သင်ကြားရေး အဖွဲ့ထူထောင်သူများထဲမှ တဦးဖြစ်သည်။ ၂၀၁၂ ခုနှစ်က International Women of Courage Award ဆု ချီးမြှင့် ခံခဲ့ရသူလည်း ဖြစ်သည်။