• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Human Rights

မန္တလေး အကြမ်းဖက်မှု ဘယ်သူတွေ တာဝန်ရှိသလဲ

by စည်သူအောင်မြင့်
10 July 2014
in Human Rights
A A
မန္တလေး, ဘာသာရေး, လူမျိုးရေး, အမုန်းတရား, ပဋိပက္ခ

ကိုထွန်းထွန်းရဲ့ ဈာပနကို လိုက်ပါပို့ဆောင်သူ တုတ်ကိုင် ဆိုင်ကယ်စီးသူများ (ဓာတ်ပုံ - Steve Tickner)

8.1k
VIEWS
Share on FacebookShare on Twitter

လတ်တလော မန္တလေးအပါအဝင် အားလုံးကြုံနေရတာက မြန်မာနိုင်ငံအတွက် အလွန်အရုပ်ဆိုး အကျည်း တန်စေတဲ့ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှု ပြဿနာကြီးပါ။ ဒါကို မတူညီတဲ့ ဘာသာနှစ်ခု၊ လူမျိုးနှစ်မျိုးအကြား အမုန်းပွားမှု ပြဿနာလို့ နာမည်တပ်ရင် အဲဒါမမှန်ပါဘူး။ မန္တလေးမှာ ဖြစ်တဲ့ဟာက လူနည်းစုတွေ အကြမ်းဖက် ခြိမ်းခြောက် ခံနေရတဲ့ ပြဿနာပါ။ နှစ်ပေါင်းများစွာ မြန်မာနိုင်ငံထဲ နေထိုင်ခဲ့တဲ့ ယဉ်ကျေးမှုမြို့တော်ကြီးက မြန်မာနိုင်ငံသား အစ္စလမ်ဘာသာဝင် အသိုင်းအဝိုင်း အကြမ်းဖက် ခံရတာပါ။ ခြိမ်းခြောက်ခံရတာပါ။ ရှင်းရှင်းပြောရရင် တတိုင်းပြည်လုံးမှာလည်း ဒီလိုပဲ လူနည်းစုတွေ အကြမ်းဖက်ခံရ၊ ခြိမ်းခြောက်ခံနေရတာပါ။ ပြဿနာ ဘယ်လိုစပြီး ဖြစ်တာပါလဲ၊ ဘယ်သူတွေမှာ အဓိက တာဝန်ရှိသလဲ၊ ပြဿနာကို ဘယ်လို ဖြေရှင်းရင် ကောင်းမလဲဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

ရခိုင်၊ မိတီ္တလာ၊ ရှမ်းပြည်နယ် လားရှိုး၊ ပဲခူး တိုင်း၊ ရန်ကုန်တိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု တွေအကြောင်း ပြန်အစမဖော်တော့ပါဘူး။ ပြဿနာကို သုံးသပ်ရာမှာ ထွေပြားသွားမှာ စိုးလို့ပါ။ ဒါပေမယ့် အခု မန္တလေးမှာ ဖြစ်ပွားခဲ့တာကလည်း အရင်ဖြစ်နေကြ ဖော်မြူလာတွေအတိုင်းပဲ တပုံစံတည်းဖြစ် သွားခဲ့တာပါ။ ဘာသာခြား တယောက်က ဗုဒ္ဓဘာသာ မိန်းကလေးတယောက်ကို အဓမ္မပြုကျင့်တယ်လို့ သတင်းထွက်မယ်။ ဒီသတင်းနဲ့ အဖြစ်အပျက်အပေါ် အခြေခံပြီး အမုန်းတရားတွေကိုအင်တာနက်ဖေ့စ်ဘုတ် အပါအဝင် နေရာပေါင်းစုံကနေ ဖြန့်ဖြူးပြီး အမုန်း တရားပေါ်ပေါက်လာအောင် သွေးထိုးလှုံ့ဆော်မယ်။ အမုန်းတရားတွေ ဖြစ်ပေါ်လာပြီဆိုရင် မြေပြင်မှာ ကောလာဟလတွေ  ဖန်တီးမယ်။ ပြဿနာတွေ ဖန်တီးမယ်။ တချို့ ကြိုတင်ကြံစည်မှုရှိတဲ့ အကြမ်း ဖက်သမားတွေက ပြဿနာကိုစပြီး မီးရှို့မယ်။ မီးတောက်လာပြီဆိုရင် တကယ့်အကြံအစည်ရှိသူတွေ ရော၊ အစွန်းရောက်တွေရော၊ ဘုမသိဘမသိ ပညာမတတ်၊ ယဉ်ကျေးမှုနိမ့်သူနဲ့ လုယက် ခိုးဆိုးသူတွေကပါ ဝင်ပါ လာမယ်။

RelatedPosts

ကချင်စစ်မျက်နှာမှာ ပစ်ချခံရတဲ့ ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

ကချင်စစ်မျက်နှာမှာ ပစ်ချခံရတဲ့ ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

20 May 2025
63
စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

20 May 2025
30
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

20 May 2025
897

တဖက် အကြမ်းဖက်ခံရဖို့ အန္တရာယ်ရှိလာတဲ့ လူနည်းစုဘက်ကလည်း လူသားတွေပီပီ ရှင်သန်နိုင်ရေးအတွက် အမျိုးမျိုးခုခံကာကွယ်ဖို့ ကြိုးစားကြမယ်။ ဒါကို တရားဥပဒေနဲ့ အများပြည်သူ လုံခြုံရေးကို ထိန်းသိမ်းစောင့် ရှောက်ရမယ့် အာဏာပိုင်တွေက ဟန်ရေးပြပြီး အသာလေး ရပ်ကြည့်နေပေးလိုက်ရင် ပြဿနာတွေ ပိုကြီးမား လာမယ်။ ရပ်စေချင်တဲ့အခါ အင်အားသုံးပြီး ဒါမှမဟုတ် စစ်တပ်ကို ဆင့်ခေါ်ပြီး ရပ်ခိုင်းမယ်။ နောက်ဆုံး စစ်တပ်ဟာ အားလုံးရဲ့ ကယ်တင်ရှင်၊ တိုင်းပြည်ကို လုံခြုံစေသူဖြစ်သွားမယ် ဆိုတဲ့ မရိုးနိုင် မဟောင်းနိုင်တဲ့ ဖော်မြူလာအတိုင်း ဖြစ်ပွားခဲ့တာပါ။ ဒါကို နာမည်တပ်မှာကတော့ နှစ်ဘက် ပဋိပက္ခလို့ ခေါ်ကြမှာ ဖြစ်ပါတယ်။ မှားပါ တယ်။ ဒါ နှစ်ဖက် ပဋိပက္ခ မဟုတ်ပါဘူး။ လူနည်းစုအပေါ် အကြမ်းဖက်တဲ့ ရာဇဝတ် ပြစ်မှုပါ။ မြန်မာ နိုင်ငံသားအချင်းချင်း ခွဲခြားအနိုင်ကျင့်မှုပါ။

အခု မန္တလေး ပြဿနာကို ကြည့်ကြရအောင်ပါ။ ဇာတ်လမ်းကတော့ မန္တလေး ၂၇ လမ်းနဲ့ ၂၈ လမ်း ထောင့်က ဆန်းလဖက်ရည်ဆိုင်ပိုင်ရှင် အစ္စလမ် ဘာသာဝင်နှစ်ယောက်  ပျဉ်းမနားမြို့ ရဲစခန်းမှာ မုဒိမ်းမှုနဲ့ အမှုဖွင့် တိုင်ကြားခံရတယ် ဆိုတာကနေစပါတယ်။ သတင်းကို ပထမဦးဆုံး ဖော်ပြတာက သစ်ထူးလွင် ဝက်ဘ်ဆိုက်ပါ။ ဒါက တိုင်ကြားထားတဲ့ အဆင့်မှာပဲ ရှိသေးပြီး ရဲတပ်ဖွဲ့ကိုယ်တိုင်က စုံစမ်းမေးမြန်းနေဆဲ အခြေအနေပါ။ စွပ်စွဲခံရသူတွေကိုလည်း ဖမ်းတာဆီးတာ မလုပ်သေးပါဘူး။ တကယ်လက်တွေ့ စုံစမ်းမှုတွေ စလုပ်သူကတော့ အွန်လိုင်းပေါ်မှာ ၂၄ နာရီ သီတင်းသုံးနေတော်မူတဲ့ အရှင်ဝီရသူနဲ့ နေပြည်တော် မဘသ အဖွဲ့ပါ။ ဇူလိုင် ၄ ရက်နေ့ထုတ် The Voice သတင်းစာ(စာ- ၁၈)မှာ အရှင် ဝီရသူကအခုလို မိန့်ပါတယ်။ “အခြေခံကတော့ မုဒိမ်းမှုက အခြေခံပါတယ်။ မုဒိမ်းမှုကတော့ ဇွန် ၃၀ ရက်နေ့ ၁၂ နာရီ ၇ မိနစ်လောက်ကသစ်ထူးလွင် ဝက်ဘ်ဆိုက်မှာ တက်လာတဲ့ သတင်းကို အခြေခံ ထားတာပါ။ မုဒိမ်းမှုသတင်းက အတိအကျကြီးဆိုတော့ ခိုင်တယ်လို့ ယုံကြည်တယ်။ ဇွန် ၃၀ ရက်နေ့ မှာ ပျဉ်းမနားရဲစန်းဆီကို နေပြည်တော် မဘသက သွားပြီး အဲဒီ မုဒိမ်းမှုအတွက် ပုဒ်နံပါတ်တွေ ပုဒ်မတွေ မေးလာနိုင်ခဲ့တယ်” လို့ မိန့်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၆ လတာ ကာလအတွင်း မြန်မာနိုင်ငံ မှာ မုဒိမ်းမှု စုစုပေါင်း ၃၈၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဆိုပါတယ်။ အဲဒီထဲကမှ တိုင်ကြားဆဲအဆင့် ဒီမုဒိမ်းမှုကို အရှင်ဝီရသူနဲ့ မဘသ အဖွဲ့က ဘာကြောင့် ရွေးပြီး စိတ်ဝင်စားရတာလဲ။ နောက်ပိုင်း အဲဒီမုဒိမ်းမှုသတင်း ဦးဝီရသူရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာ အဲဒီ စွပ်စွဲတိုင်ကြားထားဆဲ အဆင့် မုဒိမ်းမှု သတင်းကို အခြေခံပြီး အမုန်းတရား ဖြစ်ဖို့ လှုံ့ဆော်လာပါတယ်။ နာမည်အရင်းနဲ့ စာမျက်နှာ ဖွင့်မထားသူတွေကိုတော့ ဘာမှ ပြောလို့ မရပေမယ့် ပုဒ်မ ၅၉ (စ)ဆက်ထားရှိရေး၊ မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းနိုင်ရေး လိုက်လံဟောပြောနေတဲ့၊ ရွေးကောက် ပွဲကော်မရှင်မှာ တရားဝင် မှတ်ပုံတင် ထားပြီးသမ္မတ ဦးသိန်းစိန်နဲ့တောင် တွေ့ဆုံဖူးတဲ့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ခေါင်းဆောင် ဦးနေမျိုး ဝေရဲ့ ဖေ့စ်ဘုတ် အင်တာနက် စာမျက်နှာကတော့အတော် လေး ဆိုးရွားတာ တွေ့ရပါတယ်။ သူ့တရားဝင် စာ မျက်နှာမှာ “ မုဒိမ်းကျင့်တာကို ဥပဒေအတိုင်း ရှင်း ဟုတ်လား၊ ဟားဟားဟား စော်ကားလွန်းတဲ့ကုလား နှစ်ကောင်ကို မခံနိုင်လွန်းလို့ သတ်တယ်ကွာ၊ ဒင်း ဆိုင်ကို ဖျက်တယ်ကွာ၊ ရမ်းကားမှုကိုလည်း ဥပဒေနဲ့ ရှင်း ကြပေါ့၊ မုဒိမ်းကုလားရှိရင် ရမ်းကားဗမာ ရှိနိုင်တာပဲကွ” ဆိုတာမျိုးအထိ တင်ထားတာတွေ့နိုင်ပါတယ်။

ဒီလို အင်တာနက် လူမှုကွန်ယက်စာမျက်နှာတွေမှာ အမုန်းတရားတွေ ပလူပျံအောင် ပေါ်ပေါက်ပြီးနောက် လက်တွေ့မြေပြင်မှာ မငြိမ်မသက် စဖြစ်ပါတယ်။ ဘာပြဿနာမှ စပြီး မပေါ်ပေါက်ခင်ကတည်းက မန္တလေး တိုင်းရဲတွေ အဆင်သင့်ရှိနေပါပြီ။ ပြဿနာဖြစ်မှာစိုးလို့ဆိုပြီး သတင်းဖြစ်ပေါ်တဲ့ လက်ဖက်ရည်ဆိုင် အနီး အနားနေရာယူတာတွေ စလုပ်နိုင်ပါပြီ။ ဒါပေမယ့် အကြမ်းဖက်မှုတွေကတော့ ဖြစ်လာတာပါပဲ။ အကြမ်းဖက် မှုတွေ ဆိုရာမှာ ဗမာ လူအုပ်ကြီးက အစ္စလမ်တွေရှိရာကိုသွား၊ အစ္စလမ် လူအုပ်ကြီးက ဗမာတွေဘက်ကို ချီတက်၊ တဖက်နဲ့ တဖက် အပြန်အလှန် ရိုက်နှက်ကြ၊ မီးတွေ ရှို့ကြ တာမျိုး မဟုတ်ပါဘူး။ အစွန်းရောက် လူအုပ်ကြီးတွေ ဘက်ကသာ အစ္စလမ်ဘာသာဝင်တွေ နေထိုင်ရာ ရပ်ကွက်၊ အိမ်၊ ဗလီတွေဘက် သွားပြီး အကြမ်းဖက်ဖို့ ကြိုးစားကြ၊ အကြမ်းဖက်ကြတာပါ။

ဒီလိုနည်းနဲ့ လူနှစ်ယောက်သေ၊ လူတချို့ ဒဏ်ရာရ၊ နေအိမ်၊ ဆိုင်ခန်း၊ ကား၊ ဆိုင်ကယ် စသဖြင့် အစ္စလာမ် ဘာသာဝင်တွေ ပိုင်ဆိုင်တယ်လို့ ယူဆ ခံရတာတွေ ဖျက်ဆီးခံရပါတယ်။ ဒီ ဖြစ်စဉ်တွေမှာ ရဲတပ်ဖွဲ့ဝင်တွေ အင်အားကောင်းကောင်း ချထားပေမယ့် အကြမ်းဖက်ဖို့ လက်နက်စွဲကိုင်လာသူတွေ၊ ဆိုင်ကယ်စီး လှည့်လည် နေသူတွေထဲက တဦးတယောက်ကိုမှ ဖမ်းဆီး အရေးယူတာ မလုပ်ခဲ့ပါဘူး။ ဒီလိုနည်းနဲ့ အကြမ်းဖက်လိုသူ တွေ အတင့်ရဲလာ၊ ဝိုင်းပြီး လူသတ်တဲ့အဆင့်အထိ ရောက်သွားတာပါ။ အဲဒီတော့မှ ညမထွက်ရ အမိန့် ထုတ်ပါ တော့တယ်။

လူသေဆုံးမှု ဖြစ်ပေါ်ပြီးနောက် ကိုထွန်းထွန်းရဲ့ ဈာပန လုပ်ပါတယ်။ မိသားစုက ဖိတ်စာကို ရိုးရိုးစင်းစင်း လုပ်ပါ တယ်။ ဒါပေမယ့် အစွန်းရောက် တချို့ကတော့ ခုလို ဖိတ်စာလုပ်ပြီး ဝေငှပါတယ်။ “ယုတ်မာသော မွတ်စလင် အုပ်စု၊ ရက်စက်ယုတ်မာစွာ သတ်ဖြတ်မှုကြောင့် သေဆုံးသွားပါသဖြင့်မျိုးချစ်စိတ်၊ ဘာသာ သာသနာ ချစ်စိတ်၊ လူမှုရေး စိတ်တို့ဖြင့် လိုက်ပါ ပို့ဆောင်ပေးနိုင်ပါရန် ရွှေကြေးစည် ဆရာတော်မှ မေတ္တောဖြင့် ဖိတ်ကြားအပ်ပါ သည်” ဆိုပြီး ဖော်ပြထားပါတယ်။ အမုန်းတရား ဖြန့်ဖြူးတဲ့ ဖိတ်စာပါ။ နာရေးကား ဘေးမှာလည်း သေဆုံးသူရဲ့ ပုံ၊ စာသားတွေနဲ့ အမုန်းတရား စာသားတွေ တွေ့နိုင်ပါတယ်။

ကိုထွန်းထွန်း အသုဘကို လူထောင်ပေါင်းများစွာ လိုက်ပါပို့ဆောင်ကြပါတယ်။ ကျုံးကို လှည့်ပါတယ်။ လိုက်ပါ ပို့ဆောင်သူတွေထဲမှာ တုတ်တွေ ဓားတွေကို ပေါ်ပေါ်တင်တင် ကိုင်ဆောင်သူတွေလည်း ပါဝင်ကြပါတယ်။ ဒါတွေအားလုံး သက်ဆိုင်ရာ လက်နက်ကိုင် ရဲတွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဘာမှဟန့်တားတာ မရှိလေ တော့ နောက်ဆက်တွဲ အကြမ်းဖက်မှု တချို့ ထပ်ကျူးလွန်ကြပြန်ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ဘာသာ နှစ်ခု ရောနှောနေထိုင်တဲ့ ရပ်ကွက်တွေက ဗုဒ္ဓဘာသာဝင်တွေဟာ သူတို့ နေအိမ် တိုက်ခိုက်ခံရမှာ စိုးရိမ်လို့ သာသနာ့အလံ ထောင်တာတွေ လုပ်လာပါတယ်။ ဒါဟာ အစ္စလမ်ဘာသာဝင် အိမ်တွေကို အကြမ်းဖက်သမား တွေ အလွယ်တကူ တိုက်ခိုက်နိုင်အောင် လမ်းညွှန်ပြသ ပေးသလို ဖြစ်သွားတာကိုတော့ သူတို့ မသိကြပါဘူး။ နောက် အစ္စလမ်ဘာသာဝင်တချို့ နေရပ်စွန့်ခွာ ထွက်ပြေးတာမျိုး ရှိလာပါတယ်။ ဖြစ်ရပ်အားလုံးကို ခြုံငုံသုံး သပ်လိုက်ရင် မန္တလေးကလူနည်းစု အစ္စလမ် ဘာသာဝင်တွေ အကြမ်းဖက်ခံရတာပါ။ နိုင်ငံတကာ သတင်း မီဒီယာ အားလုံးလိုလိုကလည်း ဒီအတိုင်း ပုံဖော်နေကြပါပြီ။

ဒီ ပြဿနာနဲ့ ပတ်သက်ပြီး ပထမဆုံး တာဝန်ရှိ သူကတော့ အုပ်ချုပ်ရေးအစိုးရရဲ့ ခေါင်းဆောင် နိုင်ငံတော် သမ္မတပါ။ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေဟာ ခုမှ ဘွားခနဲ ပေါ်လာတာ မဟုတ်ပါဘူး။ သမ္မတ ဦးသိန်းစိန် စတက်လာပြီး ကတည်းက မကြာခဏဆိုသလို အကြိမ်ကြိမ် ဖြစ်ပြီး ခဲ့ပါပြီ။ ရခိုင်၊ မိတီ္ထလာ၊ လားရှိုး၊ ပဲခူးတိုင်းနဲ့ ရန်ကုန် တိုင်းတွေမှာ ဖြစ်ပွားခဲ့ပြီးပါပြီ။ အဓိက ရေခံ မြေခံဟာ အမုန်းတရား ဖြန့်ဖြူးမှုဆို တာ သမ္မတကြီး ကောင်းကောင်း သိပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ ၂၀၁၃ ဇူလိုင် ၂ ရက် မိန့်ခွန်းမှာ “ကျနော် တို့ အနေနဲ့ နိုင်ငံအတွင်းမှာ တဖက်နဲ့ တဖက်အကြား အမုန်းတရားတွေ ကြီးထွားအောင် လှုံ့ဆော်ဆောင်ရွက်မှု တွေကို ဥပဒေနဲ့အညီ ထိထိရောက်ရောက်အရေးယူ ဆောင်ရွက်ဖို့နဲ့ ထပ်မံပေါ်ပေါက်ခြင်းမရှိအောင် ကာကွယ် တားဆီးဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းကြရမှာ ဖြစ်တယ်” လို့ ဆိုပါတယ်။ အခုဆို သမ္မတအဲဒီ မိန့်ခွန်းပြောတာ တနှစ်တိတိရှိသွားပါပြီ။ အကြမ်း ဖက်မှုတွေ ဖြစ်ပွားမှုရဲ့ အဓိက လက်သည် တရားခံ ဖြစ်တဲ့ အဲဒီအမုန်းတရား ဖြန့်ဖြူးသူ တဦးတယောက်ကိုမှ အစိုးရက အရေးယူတာမရှိခဲ့ပါဘူး။ ဒါကြောင့်လည်း အမုန်းတရားဖြန့်ဖြူး သူတွေဟာ ပိုပြီး အတင့် ရဲ၊ ပိုပြီး ဆိုးရွားလာ၊ နောက်ထပ် အကြမ်းဖက်မှုတွေ အချိန်မရွေး ဖြစ်လာနိုင်သေး တယ်ဆိုတဲ့ အခြေ အနေမျိုး ကြုံတွေ့ရလာတာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ အမုန်းတရားဖြန့်ဖြူးတဲ့ သူတွေကို အရေးယူမယ်ဆိုတဲ့ မိန့်ခွန်းပြောပြီးတနှစ် အကြာ အခု ဇူလိုင် ၃ ရက်နေ့မှာ နောက်ထပ် မိန့်ခွန်းတစ်ခု ပြောခဲ့သလို မန္တလေး အကြမ်းဖက်မှု ကြီးနဲ့လည်း တိုက်တိုက်ဆိုင်ဆိုင် ပြန်ဖြစ်လာတာ ကြုံရပါတယ်။

ဒါကြောင့်  အခု မန္တလေးပြဿနာ သမ္မတ ဦးသိန်းစိန်မှာ တာဝန်ရှိပါတယ်။ အဲ မန္တလေးတိုင်း ဝန်ကြီးချုပ် ကိုင်တွယ်တာ ညံ့လို့ဆိုရင်တော့သမ္မတက တိုင်းဝန်ကြီးချုပ်ကို တိုက်ရိုက်အရေးယူရုံပါပဲ။ ဒါမျိုး လုပ်မယ်လို့ တော့ မမျှော်လင့်နိုင်ပါဘူး။

ဒုတိယ တာဝန်ရှိသူကတော့ ရဲတပ်ဖွဲ့ကို ကိုင် တွယ်တဲ့ ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီး ဒုဗိုလ်ချုပ် ကြီးကိုကို ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဟာ အမုန်းတရား ဖြန့်ဖြူးသူတွေကို ဥပဒေအရ အရေးယူ ကိုင်တွယ်မှု မလုပ်တာ၊ ပဋိပက္ခ ဖြစ်လာရင် အကြမ်းဖက်သူတွေကို မြင်ပါလျက်နဲ့ အရေးယူကိုင်တွယ် ဖမ်းဆီးတာမျိုး မလုပ်ပဲ ရပ်ကြည့်နေတာ၊ ဖမ်းဟယ် ဆီးဟယ်ဆိုတော့လည်း မမျှမတ လုပ်တာ စတာတွေအတွက် တာဝန်ရှိလို့ ဖြစ်ပါတယ်။ တကယ်လို့ ရဲတပ်ဖွဲ့ကို တိုက်ရိုက်ညွှန်ကြားသူဟာ ပြည်ထဲရေးဝန်ကြီးဌာန မဟုတ်ဘဲ တိုင်းဝန်ကြီးချုပ်ဆိုရင်လည်း တိုင်း ဝန်ကြီး ချုပ်ကို အရေးယူဖို့ပဲ ရှိပါတယ်။

တတိယ တာဝန်ရှိတာက လွှတ်တော်အကြီးအကဲ သူရဦးရွှေမန်းနဲ့ အမတ်တွေပါ။ တိုင်းပြည်အတွက် ဒီလောက် အရေးကြီးပြဿနာ ဖြစ်နေတာတောင်လွှတ်တော်ထဲ အရေးကြီးအဆိုတင်တာ၊ အစိုးရအဖွဲ့ လုပ်ရပ် ထောက်ပြ တာ မတွေ့ရပါဘူး။ တရားဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း ဘာမှမပြောပါဘူး။ အစီရင်ခံစာတွေပဲ စောင့်ဖတ်နေတာလား မသိပါ။

တာဝန်အရှိဆုံးကတော့ လက်တွေ့ အကြမ်းဖက်မှု ကျူးလွန်သူတွေနဲ့ အမုန်းတရား ပြန့်ပွားအောင် နည်းနာ ပေါင်းစုံနဲ့ လှုံ့ဆော်နေသူတွေပါ။ လူသတ်မှု နှစ်မှုဖြစ်ပွားခဲ့ရာမှာ လက်သည်ဘယ်သူလဲ ဒီနေ့ ချိန်အထိ ဖမ်းမမိ သေးပါဘူး။ ဦးစိုးမင်း အသတ်ခံရမှုဆိုရင် သက်ဆိုင်ရာရဲတပ်ဖွဲ့ တာဝန်ရှိသူတွေဟာ သူ့မိသားစုဝင်တွေကို မေးမြန်းစုံစမ်းတာမျိုးတောင် လုံးဝမလုပ်ဘူးလို့ ဆိုပါတယ်။ ရဲတွေ အမုန်းမီးကို ရှို့နေသူတွေကို ဘာကြောင့် မဖမ်းဆီးရဲသလဲ။

မန္တလေး မဘသ အဖွဲ့ဆိုရင် ဇူလိုင် ၂ ရက်နေ့ က ထုတ်တဲ့ ကြေညာချက်ထဲမှာ “ ဗုဒ္ဓဘာသာဝင် မြန်မာ မိန်းကလေး မစိုးစိုးအား အဓမ္မပြုကျင့်ခဲ့သော နေကဖေး၊ ဆန်းကဖေး ပိုင်ရှင်နေဝင်းခေါ် ဂူလူး၊ ဆန်းမောင်ခေါ် အူစမန်း တရားခံများကို အမြန်ဆုံး ဖော်ထုတ်၍ ထိရောက်စွာအရေးယူပေးရန် တောင်း ဆိုလိုက်သည်” ဆိုပြီး ထည့်သွင်းထားပါတယ်။ တနှစ် ကို မုဒိမ်းမှု ၆၀ဝ- ၇၀ဝ ဖြစ်နေတဲ့ ဒီလိုနိုင်ငံမှာ ဒီလို မုဒိမ်းမှုကိုမှ ဘာကြောင့် ကျယ်ပြန့် စေချင်ရသလဲ ဆိုတာ မေးခွန်းထုတ်စရာပါ။ ဘုရားသားတော် အမည်ခံ ရဟန်းတွေဟာ ဒီလိုရွေးချယ် ထားတဲ့မုဒိမ်း မှုတွေကို စုံစမ်းပြီး ကျယ်ပြန့်အောင် လုပ်တယ်ဆိုတာ အမုန်းတရားပွားများအောင် လုပ်တာလား၊ သာသနာ ပြုတာလားလို့ မေးစရာပါ။

ဒီ တာဝန်ရှိသူ အသီးသီး သူတို့တာဝန် သူတို့ မခံယူနိုင်သေးသ၍၊ အပြစ်ပေး အရေးယူဖို့ လိုသူ တွေကို အပြစ်ပေး အရေးယူမှု မလုပ်နိုင်သေးသ၍ ခုလိုပဲ အကြမ်းဖက်မှုတွေ ဆက်ပြီး ပေါ်ပေါက်လာဦးမှာ ဖြစ်ပါ ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

(စာရေးသူသည် ရန်ကုန် အခြေစိုက် သတင်းစာဆရာ တဦးဖြစ်သည်။ လတ်တလော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အဖြစ်အပျက်များ အပေါ် ဝေဖန် သုံးသပ်ချက် ဆောင်းပါးများကို သတင်းစာ၊ ဂျာနယ်များတွင် ရေးသားလျက် ရှိသည်။)

Your Thoughts …
Tags: MandalayRiot
စည်သူအောင်မြင့်

စည်သူအောင်မြင့်

Contributor

Similar Picks:

မန္တလေးရောက် စစ်ရှောင်တို့ နေရေးစားရေး အခက်ကြုံ

မန္တလေးရောက် စစ်ရှောင်တို့ နေရေးစားရေး အခက်ကြုံ

by ဧရာဝတီ
23 July 2024
1.5k

စစ်ရှောင်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများလည်း ရှားပါးနေသလို အထွေထွေကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် နေ့စဉ့် စားသောက်ရေးအတွက် အခက်အခဲများပါ ရင်ဆိုင်နေရသည့်အပြင် အချို့အိမ်ရှင်များက စစ်ရှောင် ငှားရမ်းနေထိုင်မှုကို လက်မခံကြကြောင်း

မတ္တရာ စစ်ရေးအခြေအနေ ပြင်းထန်နေ (ရုပ်/သံ)

မတ္တရာ စစ်ရေးအခြေအနေ ပြင်းထန်နေ (ရုပ်/သံ)

by ဧရာဝတီ
12 October 2024
1.2k

မန္တလေးတိုင်း၊ မတ္တရာမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေအကြား စစ်ရေး အခြေအနေ ပြင်းထန်နေပါတယ်။

မန္တလေး လုံခြုံရေးအခြေအနေ စစ်ခေါင်းဆောင် စိုးရိမ် (ရုပ်/သံ)

မန္တလေး လုံခြုံရေးအခြေအနေ စစ်ခေါင်းဆောင် စိုးရိမ် (ရုပ်/သံ)

by ယဉ်မွန်
28 August 2024
1.1k

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ခံစစ်ပြင်နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတဲ့ မန္တလေးမြို့ကို ဩဂုတ်လ ၂၅ ရက်နေ့ ၂၆ ရက်နေ့တွေမှာသွားရောက်ခဲ့ပါတယ်။

သမိုင်းဝင် စည်ရှည်တံတား ဘယ်သူဖျက်

သမိုင်းဝင် စည်ရှည်တံတား ဘယ်သူဖျက်

by ဆူးငှက်
28 June 2014
10k

စည်ရှည် တံတားကြီးကို လွန်ခဲ့တဲ့ ၅ နှစ် ၀န်းကျင်က တဦးတယောက် (သို့မဟုတ်) တဖွဲ့တစည်းရဲ့ တချက်လွှတ် အမိန့်နဲ့ နာရီမဆိုင်း အုတ်တစ၊ သဲတမှုန့် မကျန်အောင် ထိုးကော် ဖျက်ဆီးပစ်လိုက် ပါတော့တယ်။

မိတီ္ထလာက အမုန်းမီးတောက်များ

မိတီ္ထလာက အမုန်းမီးတောက်များ

by ဂျေဆင်ဇပ်
23 April 2013
15.5k

ရွှေဆံညှပ်ပိုင်ရှင် ဒေါ်အေးအေးမြင့်က ခုချိန်ထိ ထိတ်လန့် တုန်လှုပ်နေဆဲ ရှိသေးသည်။ “အသတ်ခံလိုက်ရတဲ့ မူဆလင်တွေ အတွက် ကျမ စိတ်မကောင်းပါဘူး၊ လူတွေအားလုံး တူတူပါပဲ။ ကျမ ဆံညှပ် ကလေးကြောင့် ဘာတွေဖြစ်လာရတယ် ဆိုတာ ကျမ မသိတော့ပါဘူး”

မြို့ပျက်ကြီးလိုဖြစ်သွားပြီ (ရုပ်/သံ)

မြို့ပျက်ကြီးလိုဖြစ်သွားပြီ (ရုပ်/သံ)

by ဧရာဝတီ
1 April 2025
442

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ဟာ အင်အားပြင်း ငလျင်ကြောင့် လူနေအဆောက်အဦတွေ၊ သာသနိက အဆောက်အဦတွေ၊ နံရံတံတိုင်းတွေနဲ့ လမ်းတွေ ဆိုးဆိုးဝါးဝါး ပျက်စီးသွားခဲ့ပြီး ပြိုပျက်နေတဲ့ အဆောက်အဦတွေအောက်မှာ ပိတ်မိနေတဲ့ ရုပ်အလောင်းတွေကိုလည်း မတ်လ ၃၁ ရက်နေ့အထိ ထိရောက်တဲ့ ကယ်ဆယ်ရေးတွေ...

Next Post
သံတွေနဲ့ Conflict of Interest

သံတွေနဲ့ Conflict of Interest

မလေးရှား , မြန်မာနိုင်ငံသား , တိုက်ခိုက် သတ်ဖြတ် , ခုနစ်ရက်သားသမီး နာရေးကူညီမှုအသင် , ကွာလာလမ်ပူ နာရေးကူညီမှုအသင်း , မြန်မာ သံရုံး

မလေးရှားမှာ ၁၀ ရက်အတွင်း မြန်မာ ၄ ဦး အသတ်ခံရ

Please login to join discussion
No Result
View All Result

Recommended

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate