နော်ဝေ သံအမတ်ဟောင်း Katja Nordgaard ကို ၂၀၁၀ ဝန်းကျင်မှာ စပြီး ဘန်ကောက်မှာ တွေ့ခဲ့ဖူးပါတယ်။ သူနဲ့ ပတ်သက်ပြီး ပထမဆုံးရတဲ့ Impression ကတော့ မြန်မာပြည်နဲ့ ပတ်သက်ပြီး သူဟာ ဘာမှ သိပ်မသိပါဘူး။
အထူးသဖြင့် ရှုပ်ထွေးနက်နဲတဲ့ တိုင်းရင်းသား ပဋိပက္ခတွေနဲ့ စစ်ဗိုလ်ချုပ်တွေ အကြောင်းကို ပြောရင် သူ့ရဲ့ လေ့လာမှုဟာ တိမ် တယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည် အပေါ်မှာတော့ စိတ်ဝင်စားတာကတော့ အသေအချာ ပါပဲ။
အဲဒီ အချိန်တွေမှာ မြန်မာနိုင်ငံမှာ နိုင်ငံတကာက ပြစ်တင်ရှုတ်ချပြီး ပြည်သူပြည်သားတွေ အော့နှလုံးနာတဲ့ စစ်အစိုးရ (အခုတော့ မဲလိမ်ပြီး တက်လာတဲ့ အရပ်သားအစိုးရ) အုပ်စိုးနေတဲ့ အချိန်ကာလ ဖြစ်ပါတယ်။ ရွှေဝါရောင် သံဃာ့ အရေးအခင်းနဲ့ နာဂစ် ဆိုင်ကလုန်း မုန်တိုင်း အရှိန်တွေရဲ့ လှုပ်ခတ်မှုတွေက ဘန်ကောက် သံတမန်လောကမှာ အကြီးအကျယ် ရှိနေပါသေးတယ်။

Katja Nordgaard အကြောင်းကို ပြောရတဲ့ အကြောင်းရင်းကတော့ မကြာခင်က Telenor ဆက်သွယ်ရေး ကုမ္ပဏီကြီးက ဒီနှစ်မှာ သံအမတ်တာဝန် ကနေ အငြိမ်းစားယူခဲ့ပြီဖြစ်တဲ့ သူ့ကို ကုမ္ပဏီကြီးရဲ့ ထိပ်တန်း(Top Executive) နေရာကို ပေးခဲ့လို့ပဲ ဖြစ်ပါတယ်။ ဒီသတင်းကို မေလ ၁၆ ရက်နေ့မှာ Telenor က ထုတ်ပြန်ခဲ့ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး မြန်မာအတိုက်အခံတွေ၊ မြန်မာ့အရေး လှုပ်ရှားသူများနဲ့ ဧရာဝတီသတင်းဌာနက Telenor ကုမ္ပဏီကြီးကိုရော၊ နော်ဝေ နိုင်ငံခြားရေး ဝန်ကြီးဌာနကိုပါ မေးခွန်းထုတ်ခဲ့ ပါတယ်။ အကျိုးစီးပွား ပဋိပက္ခ(Conflict of Interest) ရှိ၊ မရှိ ဆိုတာပဲ ဖြစ်ပါတယ်။
တယ်လီနော ပြောရေး ဆိုခွင့်ရှိသူ Glenn Mandelid ကတော့ တယ်လီနော ကုမ္ပဏီကြီး မြန်မာနိုင်ငံမှာ လုပ်ကိုင်ခွင့် လိုင်စင် ရခဲ့ တာဟာ တယ်လီနောရဲ့ ကိုယ်ပိုင်ကြိုးစားမှု ဒေသတွင်းမှာထားတဲ့ ကုမ္ပဏီရဲ့ နာမည်ကောင်းနဲ့ အတွေ့အကြုံတွေ အပေါ်မှာ ရင်းနှီးပြီး ရခဲ့တာ ဖြစ်ပါတယ်လို့ ဧရာဝတီက မေးမြန်းတာကို ဖြေခဲ့ပါတယ်။
ဧရာဝတီ သတင်းဌာနက မေးတဲ့ မေးခွန်းကိုတော့ နော်ဝေနိုင်ငံခြားရေး ဝန်ကြီးဌာနက Katja Nordgaard ရဲ့ တယ်လီနောက ရာထူးအသစ်နဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနက စူးစမ်းလေ့လာမှုတွေ ပြုလုပ်ခဲ့ကြောင်း၊ Katja Nordgaard ရဲ့ ပူးပေါင်းမှုကိုလည်း ရခဲ့ကြောင်း၊ ဒီလို တယ်လီနောရဲ့ ရာထူးသစ်ကို လက်ခံခဲ့တာဟာ သံအမတ် ရာထူးကို နုတ်ထွက်ပြီးမှ ဖြစ်တာကြောင့် ဝန်ကြီး ဌာနရဲ့ ကျင့်ဝတ် (ethic) ကို မချိုးဖောက်ကြောင်း၊ Conflict of Interest လည်း မရှိကြောင်း တုံ့ပြန်ခဲ့ ပါတယ်။
Katja Nordgaard ကိုယ်တိုင် ဧရာဝတီကို အီးမေးလ်နဲ့ ပြန်ဆိုတဲ့ အဖြေကတော့ သူ့အနေနဲ့ ရာထူးအသစ်မှာ မြန်မာနိုင်ငံ တနိုင်ငံ တည်းကို မဟုတ်ဘဲ နိုင်ငံပေါင် ၁၂ နိုင်ငံကို Cover လုပ်ရမှာ ဖြစ်ပြီး ထိုင်းနိုင်ငံလည်း ပါပါတယ်လို့ ပြောကြားခဲ့ပါတယ်။ Katja Nordgaard အဖြေမှာတော့ ၂၀၁၂ တယ်လီနောနဲ့ မြန်မာအစိုးရ တွေ့ဆုံပွဲမှာ သူက ပါဝင်ခဲ့ပေမယ့် သူက တယ်လီနော လိုင်စင်ရဖို့ကို ကူညီဖို့မှာ လုံးဝပါဝင်ခြင်း မရှိပါဘူးလို့ ပြန်ကြားခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကို ၂၀၁၃ နိုဝင်ဘာလ ညအထိ ထမ်းဆောင်ခဲ့ ပါတယ်။ ဒီနှစ် ဩဂုတ်လ ၄ ရက်မှာ တယ်လီနောရဲ့ တာဝန်ကို စတင်ထမ်း ဆောင်တော့မယ် လို့ သိရပါတယ်။
မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကို နှစ်ပေါင်း ၂၀ ကျော် ကူညီခဲ့တဲ့ နော်ဝေဟာ ၂၀ဝ၈ နောက်ပိုင်း လောက်က စပြီး စစ်အစိုးရဘက်ကို ယိမ်းခဲ့တာလို့ ပြည်တွင်းပြည်ပ အတိုက်အခံတွေ လေ့လာသူတွေက သုံးသပ်ပါတယ်။
အဲဒီအချိန်မှာ မြန်မာနိုင်ငံတွင်းမှာ တတိယအုပ်စု ဆိုတာလည်း စတင်ပြီး ပေါ်ပေါက်လာပြီ ဖြစ်တဲ့ အတွက် အဲဒီ အုပ်စုက လူတွေဟာ စစ်အစိုးရဘက်ကို ပါတဲ့သူတွေ ဖြစ်သလို ဘန်ကောက်ကို မကြာခဏ လာပြီး သံတမန်တွေကို လာရောက် ဖြားယောင်းသွေးဆောင် သိမ်းသွင်းတဲ့ ကာလလည်း ဖြစ်ပါတယ်။ အဲဒီ တတိယ အုပ်စုကတော့ အခုဆိုရင် Myanmar Peace Center (MPC) ကို ထောင်ထားပြီး လူကြီး အများစုဟာ သမ္မတရဲ့ အကြံပေးတွေပဲ ဖြစ်ပါတယ်။
နော်ဝေနဲ့ ပတ်သက်ပြီးနောက် အငြင်းပွားဖွယ် ကိစ္စတခုကတော့ ဒုနိုင်ငံခြားရေး ဝန်ကြီးဟောင်း Torgeir Larsen နဲ့ နော်ဝေရဲ့ Statoil ပါဝင်ပတ်သက်မှုပဲ ဖြစ်ပါတယ်။ Torgeir Larsen ဟာ ဒုနိုင်ငံခြားရေး ဝန်ကြီးတာဝန်ကို ထမ်းဆောင်နေစဉ် ၂၀၁၂ ဝန်းကျင် မှာ မြန်မာနိုင်ငံကို လာရောက် လည်ပတ်ခဲ့ပြီး နော်ဝေ Statoil ရေနံ ကုမ္ပဏီအတွက် အကြီးအကျယ် ကြော်ငြာတွေ လုပ်ခဲ့တယ် လို့ နော်ဝေ သတင်းစာတွေက ရေးသားဖော်ပြခဲ့ကြ ပါတယ်။
ဒီနှစ်မှာတော့ Statoil ကုမ္ပဏီဟာ မြန်မာနိုင်ငံ ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ကွက် AD-10 မှာ စတုရန်း ကီလိုမီတာ ၉၀ဝ၀ ရှိတဲ့ လုပ်ကွက်ရဲ့ ၆၇ ရာခိုင်နှုန်းကို အမေရိကန် Conoco Philips နဲ့ ဖက်စပ်လုပ်ပိုင်ခွင့် ရခဲ့ပါတယ်။ အဲဒီနေရာကတော့ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပြီး ကမ်းလွန်ရေနံ ရှာဖွေရေးပဲ ဖြစ်ပါတယ်။
Torgeir Larsen ဟာ သူ့ရဲ့ခရီးစဉ်အတွင်း ပြည်တွင်းစစ်ကြောင့် တိမ်းရှောင်နေရတဲ့ ကရင်ဒုက္ခသည် တွေနဲ့ ဓာတ်ပုံ တွဲရိုက်ခဲ့ပြီး Publicity လုပ်ခဲ့တာကို ကရင်အရေး လှုပ်ရှားသူတွေက ဝေဖန်ခဲ့သလို နော်ဝေအစိုးရက MPSI ခေါ် Myanmar Peace Support Initiative ကို ငွေကြေးကူညီ ထောက်ပံ့ခဲ့တာ တွေကိုလည်း ထောက်ပြခဲ့ပါတယ်။
မြန်မာ စစ်အာဏာရှင် အစိုးရ ဘဝဟောင်းကတည်းက ဘောင်းဘီချွတ်မယ့် ဗိုလ်ချုပ်ကြီးတချို့နဲ့ နော်ဝေဟာ တဖက်နဲ့ တဖက် မျက်စပစ်နေခဲ့ကြတယ် ဆိုတာ ပေါ်လွင်ပါတယ်။
နော်ဝေသံအမတ်တွေ အပါအဝင် သံတမန် တော်တော်များများနဲ့ သိကျွမ်းရင်းနှီးခဲ့ဖူးတဲ့ ကျနော်ဟာ သံတမန် မဆန်ဘဲနဲ့ ရင့်ရင့် သီးသီး ဆက်ဆံတတ်တဲ့ နော်ဝေသံတမန် တဦးကိုလည်း တွေ့ခဲ့ဖူးပါတယ်။
သူကတော့ အခု မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ် မလာခင်အထိ ရန်ကုန်က နော်ဝေသံရုံးမှာ သံရုံးယာယီ တာဝန်ခံ (Charge’ d’Affaires) လုပ်ခဲ့တဲ့ Arne Jan Flolo ပါပဲ။ ၂၀ဝ၈-၂၀ဝ၉ ကတည်းက “မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်တော့မယ် ဆိုတာကို စပြီး သိခဲ့တာ ငါတို့ကွ” လို့ ပြောဖူးတာ ကတော့ သူပါပဲ။
နော်ဝေဟာ မနှစ်က မြန်မာနိုင်ငံ အနေနဲ့ ပါရီကလပ် (Paris Club) ပေါ်မှာ တင်နေတဲ့ ကြွေးမြီတွေကို ဂျပန်နဲ့ ပေါင်းပြီး ပေးလျော်ခဲ့ ပါတယ်။ မြန်မာက ပါရီကလပ်အပေါ် ပေးဆပ်ရမယ့် အကြွေးက ဒေါ်လာ ၅ ဘီလီယံကျော် ဖြစ်ပါတယ်။

ပါရီကလပ်ဆိုတာ နိုင်ငံပေါင်း ၁၉ နိုင်ငံပါဝင်တဲ့ Creditor အုပ်စုဖြစ်ပါတယ်။ နော်ဝေက မြန်မာနိုင်ငံပေါ်မှာ ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို စောစောစီးစီး ပယ်ဖျက်ခဲ့ပြီး နော်ဝေကုမ္ပဏီတွေ အလုံးအရင်းနဲ့ ဝင်ရောက်လုပ်ကိုင်ဖို့ကို လမ်းဖွင့်ပေးခဲ့ ပါတယ်။ ပြီးတော့ ငြိမ်းချမ်းရေး လုပ်ဆောင်မှု ပရောဂျက်တွေမှာ ငွေကြေးထောက်ပံ့ ကူညီခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ နော်ဝေကို ထုတ်ဖော်ပြီးတော့ ချီးကျူး ကျေးဇူးတင်ခဲ့ရတာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း Telenor ရခဲ့တာ မဆန်းဘူးလို့ သုံးသပ်ကြပါတယ်။ (တယ်လီနောနဲ့ အူရီဒူးလို နိုင်ငံတကာ ကုမ္ပဏီကြီး တွေလို မြန်မာအစိုးရက ရွေးချယ် ခဲ့တာဟာလည်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ သုံးသပ်သူတွေ အများအပြား ရှိကြပါတယ်)။
ဒါပေမယ့် အခု နော်ဝေက သတင်းစာတွေရော ဧရာဝတီကပါ မေးခွန်းထုတ် နေတာကတော့ Public Service မှာ အစိုးရဝန်ထမ်း လုပ်နေသူတွေရဲ့ Conflict of Interest ပဲ ဖြစ်ပါတယ်။ သူတို့ တာဝန် ထမ်းဆောင်နေစဉ် ကာလမှာ သူတို့ရဲ့ ရာထူးအရှိန် အဝါတွေကို အသုံးချပြီး သူတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် ဘာတွေကို လုပ်ခဲ့တာလဲ ဆိုတာပဲ ဖြစ်ပါတယ်။
သံအမတ်တွေ အငြိမ်းစားယူပြီးရင် Private Sector ကို ကူးကြတာ ဓမ္မတာ ထုံးတမ်းစဉ်လာလို ဖြစ်နေတော့ လက်ရှိ တာဝန် ထမ်း ဆောင် နေဆဲ လိုက်နာရမယ့် ကျင့်ဝတ်တွေကို မသိသေးဘဲ ဖြစ်ဖြစ်၊ သိသိကြီးပဲ ဖြစ်ဖြစ် ချိုးဖောက်ပြီး မိမိရဲ့ ကိုယ်ကျိုးစီးပွား အတွက် ဘာတွေ လုပ်ဆောင်ခဲ့သလဲ ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။
နောက်ဆုံး မေးခွန်းထုတ်ခံရသူကတော့ မြန်မာ့အရေးမှာ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေးကို တတွတ်တွတ် ပြောခဲ့ပြီး နိုင်ငံတကာ စင်မြင့်မှာရော၊ မြန်မာ့နိုင်ငံရေး ဇာတ်ခုံမှာပါ ပါဝင် ကပြခဲ့သူ အာရှနဲ့ ပစိဖိတ် ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ်းဘဲလ် (Kurt Campbell) ပဲ ဖြစ်ပါတယ်။
သူ့ရဲ့ Hight Profile ဖြစ်တဲ့ မြန်မာခရီးစဉ်တွေနဲ့ မြန်မာပြည် အပေါ်ထားတဲ့ သမ္မတ အိုဘားမားရဲ့ Policy တွေကို ထုတ်ပြန်ရသူ ဖြစ်တဲ့ အတွက်ကြောင့် ကာ့တ် ကမ်းဘဲလ်ကို သိတဲ့သူတွေ များပါတယ်။
သူ့ကို မြန်မာနိုင်ငံရေးရာ မူဝါဒ အဓိကပုံသွင်းသူ(Policy Chief Architect) အဖြစ် နိုင်ငံတကာ သတင်းစာတွေက တင်စား ခေါ်ဝေါ်ကြပါတယ်။ ၂၀၁၃ ဖေဖော်ဝါရီလ အထိ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ တာဝန် ထမ်းဆောင်ခဲ့ ပါတယ်။
ကာ့တ် ကမ်းဘဲလ်ဟာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးက ထွက်ပြီး စင်ကာပူမှာ အခြေစိုက်တဲ့ The Asia Group ကို ထောင်ခဲ့ ပါတယ်။ ၂၀၁၃ မေလမှာတော့ The Asia Group က ရန်ကုန်လေဆိပ် အဆင့်မြှင့် တည်ဆောက်ရေး အတွက် လျှောက်တဲ့ ကုမ္ပဏီ ထဲမှာ ပါခဲ့ပါတယ်။ ဒေါ်လာသန်း တထောင်တန် ပရောဂျက်ပဲ ဖြစ်ပါတယ်။
၂၀၁၂ တုန်းက တာဝန်ထမ်းဆောင်ဆဲ ကာ့တ် ကမ်းဘဲလ်ဟာ အမေရိကန် အစိုးရအနေနဲ့ မြန်မာအပေါ်မှာ ထားတဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ တားမြစ်ချက် (Investment ban) ကို ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့သူ ဖြစ်ပါတယ်။ သဘောကတော့ အမေရိကန် ကုမ္ပဏီ တွေ ဝင်ပြီး စီးပွားရေး လုပ်ခွင့်ရအောင် ဖြစ်ပါတယ်။
ဒီနေရာမှာလည်း နိုင်ငံတကာ သတင်းစာတွေက ကာ့တ် ကမ်းဘဲလ်ကို ဝိုင်းပြီးဝေဖန် မေးခွန်းထုတ် ခဲ့ကြပါတယ်။ ကာ့တ် ကမ်းဘဲလ် ဟာ ဝန်ကြီးရာထူးက အနားယူပြီး ကုမ္ပဏီထောင်တာ မြန်မာပြည်နဲ့ မဆိုင်ပါ။ သူ့ကုမ္ပဏီက အာဖရိကမှာ သွားပြီး ရင်းနီးမြှုပ်နှံမယ် ဆိုရင်လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျင့်ဝတ်အရ မေးခွန်းထုတ်ကြမှာ မဟုတ်ပါ။
ဒါပေမယ့် မြန်မာပြည်ရဲ့ Chief Architect အဖြစ် တာဝန်ယူခဲ့သူက တာဝန်က နုတ်ထွက်ပြီးတာနဲ့ သူ့ရဲ့ ကုမ္ပဏီ အသစ်စက်စက် က ဒေါ်လာသန်း တထောင်တန် ပရောဂျက်ကို လျှောက်တာက ပြဿနာပဲ ဖြစ်ပါတယ်။
မြန်မာအစိုးရကတော့ မပေးခဲ့ပါဘူး။ Conflict of Interest ဖြစ်တာ မဖြစ်တာတော့ နားလည်၊ မလည် မသိပါဘူး။ ဒါပေမယ့် မြန်မာ အစိုးရကတော့ မပေးလိုက်ပါဘူး။ ။
(အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူ ဖြစ်သည်။)