ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရေရှည်တည်တံ့စေရန်အတွက် ဆွေးနွေးပွဲများတွင် ပြည်သူများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပါဝင်ရန် လိုအပ်ကြောင်း အရပ်ဘက် အဖွဲ့အစည်းများက ပြောသည်။
ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ယမန်နေ့က ကျင်းပသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြည်သူလူထုပါဝင်မှု ဆွေးနွေးပွဲတွင် တက်ရောက်လာသည့် အရပ်ဖက်အဖွဲ့အစည်းများက ပြောကြားခြင်း ဖြစ်သည်။
ဆွေးနွေးပွဲ၌ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပြည်သူလူထုပါဝင်ရန်အတွက် လိုအပ်ချက်များ၊ အခက်အခဲများကို အဓိက ဆွေး နွေးခဲ့သည်။ ယင်းဆွေးနွေးပွဲကို Internews Myanmarက ဦးဆောင်ကျင်းပခြင်း ဖြစ်သည်။
မီဒီယာနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများကြား ငြိမ်းချမ်းရေးနှင့်ဆိုင်ရာများကို အပြန်အလှန် ဆွေးနွေးကြကြောင်း၊ တိုင်းရင်းသား ဒေသများမှ တက်ရောက်လာသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများထံမှ ၎င်းတို့နယ်မြေများ၏ အခြေအနေများကို သတင်းသမား များ သိရှိရန် နှင့် အရပ်ဘက် အဖွဲ့အစည်းများကလည်း မီဒီယာများနှင့် ထိတွေ့ပြောဆိုခြင်းဖြင့် သတင်း လိုအပ်ချက်များကို ပိုမို နား လည် လာနိုင်ကြောင်း၊ ယင်း ဆွေးနွေးပွဲသည် မြန်မာငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အကျိုးဖြစ်စေရန် ဦးတည်မျှော်လင့်ထားကြောင်းကိုလည်း Internews Myanmar မှ Myanmar Media Lab Project Director Michael Panက ပြောကြားသည်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက“အပစ်အခတ် ရပ်စဲရေးက ခဏခဏ သဘောတူညီ ချက် တွေ လုပ်တယ်။ ဒါပေမယ့် ဘာတွေသဘောတူညီပြီး ဘာတွေလုပ်လဲ ဆိုတာ ကိုတော့ ပြည်သူတွေက မသိလိုက်ဘူး။ ဘာမှလည်း ဝင်ရောက်ဆွေးနွေးခွင့် မရဘူး။ အပစ်အခတ်ရပ်စဲရေး ပျက်သွားပြီ ဆိုရင်တော့ ပြည်သူတွေက ပြေးရတယ်”ဟု ပြောသည်။
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပြည်တွင်းစစ်ဒဏ်ကို ခံနေရသည့် ပြည်သူများ၏ အခန်းကဏ္ဍမပါဘဲ ငြိမ်းချမ်းရေး လုပ်နေသည်မှာ ရပ်သင့် ကြောင်းလည်း ဦးကိုကိုကြီးက ဆက်ပြောသည်။
ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ငြိမ်းဖောင်ဒေးရှင်းမှ ဦးဂျော်ဂွန်း ကလည်း“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ပြည်သူတွေပါဝင်မှု အားနည်းနေသေးတယ်။ စစ်ပွဲအပစ်အခတ် က ပြည်သူတွေ ပိုပြီးခံစားရတဲ့အတွက်မလို့ ပြည်သူတွေပိုပြီး ပါဝင်သင့်ပါတယ်”ဟု ပြောကြားသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆွေးနွေးမှုများတွင် ပြည်သူများ၏ ဘဝ အဓိက ထိခိုက်နိုင်သည့် အကြောင်းအရာ အချက်အလက်များ ပါဝင်မှသာ လူထုပါဝင်သည့် ငြိမ်းချမ်းရေးဖြစ်စဉ်တရပ် ဖြစ်လာမည်ဖြစ်ကြောင်း နိုင်ငံတကာက စစ်မှန်သည့်ငြိမ်းချမ်းရေး လမ်းစဉ်များတွင်လည်း လူထုပါဝင်မှုမည်မျှရှိသည်ကို အဓိကထားကြောင်းကိုလည်း ဦးဂျော်ဂွန်းက ထပ်မံပြောဆိုသည်။
“ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ ဘယ်သူအတွက်လည်း ပြည်သူတွေအတွက်ရော ဟုတ်ရဲ့လား သေချာရင် ဘာကြောင့် ပြည်သူတွေပါဝင်ခွင့်မရတာလဲ။ ပြည်သူတွေကို ပါဝင်ခွင့်မပေးဘူးဆိုရင် ငြိမ်းချမ်းရေးက ပြည်သူတွေအတွက်မဟုတ်ဘူး။ ကျမတို့ နိုင်ငံသား အတွက် လုပ်တာမှန်ရင်တော့ ကျမတို့ကိုပါဝင်ခွင့် ပေးကိုပေးရမယ်။ ကျမတို့မပါဘဲ ဆွေးနွေးလိုက်တဲ့ အကြောင်းအရာတွေ သဘောတူညီချက်တွေဟာ ကျမတို့ ဘယ်လိုမှ ခံစားလို့မရပါဘူး”ဟု ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက် (Gender Equality Network) မှ မမေစံပယ်ဖြူကလည်း ပြောသည်။
ဆက်လက်၍ ငြိမ်းချမ်းရေးတွင် ပြည်သူများပါဝင်မှု ခက်ခဲနေရခြင်းနှင့်ပတ်သက်ပြီး ဦးကိုကိုကြီးက“တည်ဆဲဥပဒေ ဆိုတဲ့ကိစ္စဟာ တကယ်ပဲ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ကျနော်တို့ တကယ်ပဲ ဘယ်လို ကျော်လွှားမယ်။ ဖြစ်စဉ်ရပ်သွားရင် ကျနော်တို့ကိုယ်တိုင် တည် ဆဲ ဥပဒေနဲ့ ငြိစွန်းနေတယ်။ ပါဝင်ပတ်သက်တဲ့ သူတွေကို အာမခံစေချင်တယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ပါဝင်ပတ်သက်သူတွေအတွက် အာမခံချက် မရှိသေးဘူး”ဟု ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်သည့်အဖွဲ့အစည်းများမှာ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ငြိမ်းဖောင်ဒေးရှင်း၊ ညီမျှခြင်း – မြန်မာ၊ အဖြူရောင်တွဲလက်များ၊ Gender and development Initiative၊ Civil Society For Peace ၊ Kachin Peace Network၊ Union Of Karenni State Youth၊ Kayan Women Organization၊ ရှမ်းလူငယ်ကွန်ရက် နှင့် ကလျာဏ မိတ္တဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း တို့ ဖြစ်ကြောင်း သိရသည်။
တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်နိုင်ရန် အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ စုပေါင်း ပါဝင်သည့် အစည်းအဝေးကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလထဲတွင် ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေဖြစ်သည့် လိုင်ဇာ မြို့၌ ပြုလုပ်ခဲ့ပြီး ဒုတိယ အကြိမ် တွေ့ဆုံပွဲကို ကရင်အမျိုးသား အစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ လော်ခီးလာတွင် ကျင်းပခဲ့ သည်။
တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်နေသော်လည်း လက်ရှိအခြေအနေအထိ ကချင် လွတ်လပ်ရေး တပ်မတော်( KIA) ၊ ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA)၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက် ရေး တပ်မတော် (TNLA) နှင့် အစိုးရကြား တိုက်ပွဲများ ဖြစ်ပွား နေဆဲ ဖြစ်သည်။