ရန်ကုန်မြို့တွင် ရင်ဆိုင်နေရသော ပြဿနာများအနက် တခုမှာ ပရမ်းပတာ ပစ်ထားသော အမှိုက်များ၊ စည်ပင်က နိုင်နင်းမှု မရှိသည့် အမှိုက်စွန့်ပစ်မှုများနှင့် မိုးရာသီတွင် အမှိုက်များ ပိတ်ဆို့ရာ ရေပုပ်ရေဆိုးများ လျှံတက်ခြင်းတို့ ဖြစ်သည်။
အမှိုက်ကိစ္စ ပြည်သူ လူထုက ပူးပေါင်းပါဝင်ရန် ပညာပေးရေး၊ တနိုင်တပိုင် အမှိုက်ကင်းစင်ရေး ဆောင်ရွက်နေမှုများ၊ အမှိုက် ကင်း စင်ရေး လှုပ်ရှားမှု ထိရောက်မှု အတိုင်းအတာ စသည်တို့ကို သိရှိနိုင်ရန် အမှိုက်ကင်းစင်ရေးအတွက် စည်းရုံးလှုပ်ရှား ဆောင်ရွက် နေသည့် နာရေး ကူညီမှု အသင်း အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေကို ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် စမ်းယမင်းအောင်က မေးမြန်းထားပါသည်။
မေး။ ။ အမှိုက်ကင်းစင်ရေး လုပ်ငန်းကို ဘယ်လိုလုပ်သွားမှာလဲ။
ဖြေ။ ။ အမှိုက်သိမ်းတာက ကျမတို့ချည်း လုပ်လို့ရတဲ့ကိစ္စ မဟုတ်ဘူး။ ရပ်ရွာက ပူးပေါင်းမှ အောင်မြင်မှာ။ ဒါကြောင့် ရပ်ရွာက ပူးပေါင်းချင်လာအောင် အသိပညာပေးတာတွေ အရင်လုပ်သွားမယ်။ ပြီးတော့မှ ရပ်ရွာအားနဲ့ ပေါင်းပြီး ရပ်ကွက်ကို သန့်ရှင်းရေး လုပ်မယ်။ ရှင်းပြီးသွားရင် အမှိုက်ပုံးတွေ ချပေးမယ်။ အမှိုက်ပုံးမှာလည်း အမှိုက်စို၊ Recycle အမှိုက်နဲ့ အန္တရာယ်ရှိတဲ့ အမှိုက်တွေ ဆိုပြီး ခွဲခြားပေးထားတဲ့ အတိုင်း ပစ်ပေးရမယ်။ ပြီးရင် တလဖြစ်စေ၊ ကျမတို့က ပြန်ပြီး မြက်ရှင်းတာတွေ လုပ်ပေးရမှာပေါ့။
အဲဒီအချိန်မှာ သူတို့ကို ကြည့်မယ်၊ သူတို့မြောင်းတွေထဲမှာ အမှိုက်တွေ ပစ်ထားတာကိုတွေ့ရင် ကျမတို့က အဲဒီရပ်ကွက်ကို စာမေး ပွဲကျတယ် ပေါ့၊ ကျမတို့ ဆက်လုပ်ဖို့ မအောင်မြင်ဘူး ဆိုပြီးတော့ အဲ့ဒီရပ်ကွက်ကနေ ထွက်ပြီးတော့ တခြား ရပ်ကွက်မှာ လုပ်မယ်၊ အဲဒီလို ရည်ရွယ်ထား တယ်။ သူတို့ဘက်က စနစ်တကျ ပစ်ပေးတယ် ဆိုရင် အမှိုက်ပုံး ဆက်ထားပြီး အမှိုက်သိမ်းပေးတာကို ဆက်လုပ်သွား မယ်။
မေး။ ။ အမှိုက်သိမ်းတာနဲ့ ပတ်သက်ပြီး ဘယ်လိုအသိပညာ ပေးသလဲ။
ဖြေ။ ။ မြန်မာလူမျိုးက အမှိုက်ဆိုတာ အရေးမကြီးဘူး။ သိပ်ပြီးတော့ အရေးစိုက်ရမယ့် ကိစ္စ မဟုတ်ဘူးလို့ နားလည်နေတာ ကိုး။ အဲ့ဒါကြောင့် အမှိုက်ဆိုတာ အရမ်းအရေးကြီးတယ်။ အမှိုက်ကြောင့် ဘာတွေဖြစ်နိုင်တယ် နားလည်အောင် လုပ်ပေးရမယ်။ အထူး သဖြင့် အခြေခံလူတန်းစားက ပိုဆိုးတယ်။ အမှိုက်တောထဲမှာ နေရတာကို ဘယ်လိုမှ မနေဘူး။ နောက် ကျမတို့နိုင်ငံမှာက အမှိုက် ပစ်တာနဲ့ ပတ်သက်ပြီး တခါမှ ပညာပေးခြင်း မရှိခဲ့ဘူး။ အဲဒါလေးကို အခုပေးရ တော့မှာပေါ့။ အမှိုက်က အခုဆို ရာသီဥတု ဖောက်ပြန်မှုတွေ၊ စားနပ်ရိက္ခာ ရှားပါးတာတွေနဲ့ ဂေဟစနစ် ပျက်စီးတာတွေ အထိပါ၊ အမှိုက်ကြောင့် ပါလာပြီ။ အခုလို မိုးတွင်း ရန်ကုန်မြို့ ရေလျှံတယ် ဆိုတာမှာလည်း ဒီအမှိုက်တွေ မြောင်းတွေထဲမှာ ပိတ်ဆို့ကုန်လို့ အများကြီးပါတယ်။ ဒါကြောင့် လူတွေရဲ့စိတ်ကို အရင် ပြောင်းပေး ရမယ်။ လူတိုင်းသာ အမှိုက်ကို စနစ်တကျပစ်ရင် ဒီအမှိုက်ပြဿနာက ဖြေရှင်းလို့ရတယ်။
မေး။ ။ အခုလက်ရှိ ဘယ်မှာ စလုပ်နေပြီလဲ။ နောက်ပိုင်းရော ဘယ်လိုမျိုး ချဲ့သွားမလဲ။
ဖြေ။ ။ မေလဆန်း လောက်ကစပြီး မြောက်ဒဂုံ ၄၂ ရပ်ကွက်မှာ စလုပ်နေပြီ။ ကျမတို့ နာရေးကူညီမှု အသင်းရုံးရှိတဲ့ ရပ်ကွက်ပေါ့။ တခြား စိတ်ဝင်စားပြီး ပူးပေါင်းချင်တဲ့ ရပ်ကွက်တွေ ရှိရင်လည်း လုပ်ပေးသွားမယ်။ တခြား အဖွဲ့အစည်းတွေကလည်း လိုက်လုပ် လာအောင် လှုံ့ဆော်ပေးသွားမယ်။ လိုအပ်တာတွေလည်း ကျမတို့ ကူညီပေးသွားမယ်။
မေး။ ။ ဘာကြောင့် အမှိုက်ကင်းစင်ရေး လုပ်ငန်းကို လုပ်ဖြစ်သွားတာလဲ။
ဖြေ။ ။ အရင်တုန်းက အမှိုက်တွေက မြေဆွေးဖြစ်သွားတယ်။ အမှိုက်ပုံးထဲက မြေဆွေးတောင် သွားဝယ်ရသေးတယ်။ အခု နောက်ပိုင်းတော့ ပလတ်စတစ် ယဉ်ကျေးမှု ထွန်းကားလာတဲ့နောက်မှာ အမှိုက်တွေက သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ အရာတွေ ဖြစ်လာပြီ။
အခုက သစ်ပင်ခုတ်တာနဲ့ ရေနံတွေ မတရားတူးလို့ သဘာဝပတ်ဝန်းကျင် ပျက်စီးတာက တပိုင်း၊ လူတွေက အမှိုက်တွေပစ်လို့ ပျက်စီးတာက တပိုင်းပေါ့။ ကျမတို့က သစ်ပင်ခုတ်တာကိုလည်း သွားမတားနိုင်သေးဘူး။ ရေနံတူးတာကိုလည်း မတားနိုင်ဘူး။ အာ ဏာပိုင်တွေ လုပ်မှ ရမှာ။ အမှိုက်ပစ်တာက လူတဦးချင်း ပြင်လိုက်ရင် ရနိုင်တဲ့ကိစ္စ ဖြစ်တဲ့ အတွက် လုပ်ဖြစ်တာပါ။
မေး။ ။ ဘယ်လို စလုပ်ဖြစ်တာလဲ။
ဖြေ။ ။ ကျမတို့က မနှစ်က လုပ်ဖို့ကြိုးစားတယ်။ မနှစ်က မေလလောက်မှာ ကျမတို့ မြောက်ဥက္ကလာနဲ့ ဆိပ်ကမ်းတွေမှာ အမှိုက် သွားကောက်တယ်။ ဒါပေမယ့် အစိုးရက ပေးမလုပ်ခဲ့ဘူး။ သူတို့ နိုင်ပါတယ်၊ သူတို့မှာ စီမံကိန်းတွေ ရှိပါတယ်လို့ ပြောတယ်။ ဒီတော့ ကျမတို့ မလုပ်ခဲ့ရဘူး။ ဒီကြားထဲမှာ ကျမတို့ ပညာရေးလုပ်ငန်းတွေကို ထပ်ချဲ့တယ်။ ထပ်ချဲ့ရင်းနဲ့ ကျမတို့ ဒီအမှိုက်ကို တော့ မေ့ထားလို့မရဘူး ဆိုပြီး ပြန်စလုပ်ဖြစ်တာပါ။
မေး။ ။ အမှိုက်သိမ်းတာကို ကျတော့ စည်ပင်က တာဝန်မရှိဘူးလား။
ဖြေ။ ။ သူတို့ဘက်က အချိန်မီ မသိမ်းနိုင်ဘူး။ သူတို့လည်း ကြိုးတော့ ကြိုးစားပါတယ်။ အမှိုက်ကိုလည်း အမှိုက်စို၊ အမှိုက်ခြောက် ဆိုပြီး ခွဲပြီးထည့်ဖို့ ချပေးထားပေမယ့် လူတွေက မထည့်ကြဘူး။ လူတွေ မထည့်တာကလည်း နှစ်မျိုး ဖြစ်နိုင်တယ်။ သူတို့ကို အယုံ အကြည် မရှိတာလည်း ဖြစ်နိုင်တယ်၊ တချို့ကျတော့လည်း ရွဲ့တာပေါ့။ အစိုးရလုပ်တာ ငါတို့ ကန့်လန့် တိုက်ရမယ် ဆိုတဲ့ စိတ် ဓာတ် ရှိတယ်။
တချို့ကျတော့လည်း နားကို မလည်တာ၊ နားလည်အောင် မပြောပြဘဲ ဒီတိုင်း ချပေးလို့လည်း မရဘူးလေ။ နားလည်အောင် ပြော ပေးပြီးတော့မှ လုပ်ရမယ်၊ သူတို့ကိုယ်နှိုက်ကလည်း သူတို့အတွက်ကောင်းအောင် တကယ်လုပ်ပေးနေပါလားဆိုတဲ့ ယုံကြည် စိတ်ချ တဲ့ အဖွဲ့အစည်း လုပ်ရင်တော့ သူတို့ ပါလိမ့်မယ်လို့ ကျမ မျှော်လင့်ပါတယ်။
မေး။ ။ အခုလက်ရှိ အစ်မတို့ ဘာတွေ လုပ်နေလဲ။ အခုနတုန်းက အစ်မတို့ ပန်းဖလက်တွေ လုပ်နေတယ် ဆိုတာလေးပေါ့။ ဒီအမှိုက် သိမ်းတဲ့ လုပ်ငန်းနဲ့ ပတ်သက်ပြီး။
ဖြေ။ ။ ကျမတို့ ကတော့ နိုင်ငံခြားက ပုံတွေရှိတာပေါ့။ ဒီအမှိုက်မျိုး ခွဲခြားတာတွေပေါ့။ အမျိုးအစားခွဲတာတွေ၊ အဲ့ဒီဟာတွေကို တိုက်ရိုက်ကူးလို့တော့ မရဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဗမာ့နည်း၊ ဗမာ့ဓလေ့နဲ့ ကိုက်ညီတဲ့၊ ဗမာပြည်မှာ သုံးတဲ့ပစ္စည်းနဲ့၊ သူတို့ဆီမှာသုံးတဲ့ပစ္စည်း တချို့က မတူဘူးလေ။
အခြေခံ လူတန်းစားသုံးတဲ့ ပစ္စည်းလေး တွေပေါ့၊ ကျမတို့ဆီမှာ ဆိုရင် ကွမ်းယာအိတ်ကလေးတွေ ပါမယ်လေ၊ သူတို့ ဆီမှာ မပါဘူး၊ အဲ့ဒီလိုမျိုးလေးတွေကို ပြန်ပြီးတော့ တီထွင်ကြံဆပြီးတော့ စတစ်ကာတွေ လုပ်နေတယ်၊ အဲ့ဒီ စတစ်ကာတွေကို အမှိုက်ပုံးမှာ ကပ်ထားမယ် ပေါ့။ အသင်းမှာလည်း အဲဒါက လုပ်တုန်းဖြစ်သေးတယ်၊ မကပ်ရသေးဘူး။
အဲဒီလိုမျိုးလေးတွေ လုပ်ပြီးတော့မှ ကျမတို့က စစချင်းကတော့ ရပ်ရွာတွေ ပါမယ်။ ရပ်ရွာအားနဲ့ ကျမတို့အားနဲ့ ဖြစ်နိုင်ရင်တော့ စည်ပင်သာယာတို့ ပါလာရင်တော့ ကောင်းတာပေါ့။ အဲဒီအားနဲ့ ကျမတို့က ဒီရပ်ကွက်ကို သန့်ရှင်းရေး အရင် လုပ်လိုက်မယ်။
မေး။ ။ မနှစ်က လုပ်ဖြစ်တာကျတော့ ဘယ်အချိန်လောက် ဖြစ်မလဲ။
ဖြေ။ ။ မနှစ်က သူတို့လုပ်တာ မေလလောက် ထင်တယ်။ ကျမက ခရီးသွားနေတာ။ ဆရာမ (သန်းမြင့်အောင်) နဲ့ ကိုကျော်သူတို့ လုပ်လိုက်တယ်။ ဒါပေမယ့် ကျမလာတဲ့ အခေါက်မှာ အမှိုက်ကောက်မယ် ဆိုတော့ ပေးမလုပ်တော့ဘူး။ ကျမလာတဲ့ အခေါက်က မြို့ထဲမှာ အမှိုက်ကောက်မယ် ဆိုတော့ ပေးမလုပ်တော့ဘူး။
သူတို့ကတော့ မြောက်ဥက္ကလာမှာ နှစ်ခါလောက် ကောက်လိုက်တယ် ပေါ့။ သူတို့လည်း ဆိပ်ကမ်းတို့ ဘာတို့ သွားကောက်တယ်။ အဲဒီအချိန် တုန်းကလည်း နာရေးအသင်းက ကောက်တယ် ဆိုပြီးတော့၊ သူတို့လည်း ဝိုင်းကောက်တော့ အဆင်ပြေပါတယ်။ လူတွေ နည်းနည်း စိတ်ဝင်စားခဲ့ပါတယ်။ ဟိုတနေ့က ပွဲကျတော့ ကျမတို့ကမ္ဘာကရော၊ မြန်မာပြည် တပြည်လုံးကရော ကြည့်နေတဲ့ ပွဲ ဆိုတော့ ကျမ ဖြစ်စေချင်တာ နောက်ပွဲနောက်ပွဲတွေပေါ့၊
အထူးသဖြင့် ဒီမိုကရေစီ ဘက်တော်သားတွေ လုပ်ကြတဲ့ပွဲ တွေမှာ၊ ဒီလိုမျိုး စည်းကမ်းတကျလေးတွေ ပေါ့။ ပြီးတော့ ပွဲမစခင်မှာလည်း မိုက်ခရိုဖုန်းနဲ့အော်နေတဲ့ လူတွေလည်း နည်းနည်းပါးပါး ပြောပေးစေချင်တယ် ပေါ့။ ကိုယ့်အမှိုက်လည်း ကိုယ်သိမ်းသွားပေါ့၊ ကျမတို့က ဘာဖြစ်လို့လဲ ဆိုတော့ လက်တွေ့ ကိုယ့်တာဝန်ကိုယ် ယူပြလိုက်ခြင်း ပေါ့၊ လက်တွေ့ ပထမဆုံး ဒီမိုကရေစီ ခြေလှမ်းကို စလှမ်းလိုက်ခြင်းလို့ ကိုယ့်ကိုယ်ကိုယ် ခံစားပြီးတော့ ခံယူပြီးတော့ လုပ်စေချင်ပါတယ်။
မေး။ ။ (ပညာပေး) ဟောပြောပွဲ နှစ်ခုလုပ်ပြီးတော့ ခုန အစ်မပြောသလို အန္တရာယ်ရှိတဲ့ အမှိုက်တွေရယ်၊ Recycle လုပ်လို့ရတဲ့ အမှိုက်တွေရယ်၊ မီးဖိုချောင်သုံး အမှိုက်တွေကို ခွဲဖို့ အတွက် လုပ်နေတာပေါ့။
ဖြေ။ ။ ခွဲပြီးလုပ်မယ် ပေါ့၊ အဲဒါတွေကို ရပ်ကွက်ကလူကြီးတွေနဲ့ နည်းနည်းတော့ တိုင်ပင်ပြီးတော့ ဒီထက်ပိုပြီးတော့ သူတို့ ရပ်ကွက်တွေကို ပိုသိအောင် လုပ်ပေးပါဦး ဆိုတယ်။ တက်ကြွတဲ့သူက တက်ကြွတာပေါ့။ ကျန်တဲ့သူတွေကတော့ ဆွယ်ရဦးမယ်။ ရပ်ကွက်တိုင်းမှာလည်း အဲဒီလို ဖြစ်နေတာပေါ့။ တက်ကြွတဲ့သူက သုံးလေးယောက်တော့ ထွက်လာမှာပေါ့။ သူ့ဘာသာလည်း အိမ်တရာ လောက်မှာ သုံးလေးယောက်တော့ ထွက်လုပ်လို့လည်း မရဘူး။ အိမ်တရာမှာ တရာလုံး တအိမ်တယောက်နှုန်း အနေနဲ့တော့ လာ ရ မှာပေါ့။
မေး။ ။ အမှိုက်ပုံး သုံးမျိုးကို ရပ်ကွက်တိုင်းမှာ ချပေးမှာပေါ့၊ နာရေးကူညီမှု အသင်းကနေ။
ဖြေ။ ။ ရပ်ကွက်ထဲမှာ ကျမတို့ လိုအပ်သလောက်တွက်မှာ ပေါ့၊ အိမ်နှစ်ဆယ်မှာ တပုံးထားမလား၊ သုံးပုံး ထားမလားပေါ့။ သုံးပုံး သုံးပုံးပေါ့၊ အဲ့လိုမျိုးလုပ်ပေးမှာ ပေါ့။ ကျမတို့ ဒီရပ်ကွက်ကတော့ ၅၈ လမ်းရှိတယ် ပြောတယ်။ အပိုင်နှစ်ပိုင် ရှိတယ် ပြောတယ်။ အိမ်ခြေ ၂၅၀ဝ၀ လောက်ရှိတယ် ပြောတယ်။ ဒါပေမယ့် အားလုံးကို ကျမတို့ လုပ်မှာ။ အဆစ်ပါတဲ့ လမ်းကအစ တလမ်းဖြစ်ချင်ဖြစ် မယ်။ တရပ်ကွက်လုံး ကျမတို့ ထားချင်မှ ထားမှာ။ ပြီးရင် ကျမတို့ အမှိုက်ကားဝင်မယ်။ အမှိုက်ကားနဲ့ သိမ်းပေးမယ် ပေါ့။
ဒါပေမယ့် ကျမတို့နဲ့ ပူးပေါင်းမယ့် ရပ်ကွက် ဆိုရင် ဒီလမ်းကနေ စမှာပေါ့။ ၅ လမ်း ဖြစ်ချင်ဖြစ်မယ်၊ ၁ လမ်းဖြစ်ချင် ဖြစ်မယ်။ ၁၀ လမ်း ဖြစ်ချင်ဖြစ်မယ်၊ အဲဒီလိုဟာက စတာပေါ့။ တခါတည်း တပြိုင်နက် အကုန်လုပ်ဖို့တော့ မလွယ်ဘူး။ မလွယ်ဘူးဆိုတာ လူတွေက မပါလာရင် မလုပ်ပေးနိုင်ဘူး။
ဒါက ရေရှည်လုပ်ငန်းကို၊ စောစောက ပြောသလို နာရေးလုပ်ငန်းလိုမျိုး တနှစ်တခါ အလောင်းသွား သယ်၊ ဒါမှမဟုတ် နာရေး အသင်းကြီးမှာ ဆေးခန်းကြီး ဖွင့်ထားပြီးတော့ လူတွေကိုခေါ်၊ ဆေးခန်းကြီးထဲမှာ လက်ခံပြီး ဆေးကုပေးတာမျိုး၊ ဝင်းထဲမှာ ကျောင်း ဖွင့်ပြီးတော့ ကလေးတွေကို စာသင်ပေးတာမျိုး မဟုတ်ဘဲနဲ့ သူတို့ ရပ်ကွက်ထဲမှာ သွားလုပ်မှာဆိုတော့ သူတို့ပါမှ ကျမတို့ လုပ် လို့ရမှာပေါ့။
မေး။ ။ နာရေးကူညီမှု အသင်းလို အဖွဲ့ကျတော့ ပြည်သူပါ ပါတာပေါ့။ အမှိုက်သိမ်းတာကျတော့ ဘယ် အချိန်က စတင်မလဲ။
ဖြေ။ ။ မသိသေးဘူးပေါ့။ စဖြစ်ရင်တော့ ကျမတို့ အမှိုက် စသိမ်းရမှာပေါ့။ သိမ်းတဲ့အခါမှာလည်း ခုနကပြောသလို Recycle ပစ္စည်း ကို Recycle ဆိုင်မှာ တခါတည်း သွင်းလိုက်မယ်၊ သွင်းမယ်ဆိုတဲ့ နေရာမှာလည်း ကျမတို့က ရေသန့်ဘူး ဆိုရင်လည်း တခါတည်း ပြားချပ်လိုက်တယ်၊ Recycle တကယ်သုံးမယ့် ဆိုင်မျိုးကို ကျမတို့ ပို့မှာပေါ့။
ဘာဖြစ်လို့လဲဆိုတော့ ဒီထဲမှာ အမျိုးသားတွေလည်း ရှူးပေါက်တတ်ကြတယ်၊ ကွမ်းတံတွေးတွေလည်း ထွေးထား တတ်တယ်။ နောက်ပြီးတော့ တခါတလေကျတော့လည်း အဲဒါတွေကို ဆေးကျင်းပြီးတော့ ငံပြာရည် လုပ်တဲ့ဘူးတို့ ပြန်သုံးရင်လည်း ကျမတို့အတွက် အန္တရာယ်များတာပဲလေ၊ ဆိုတော့ အဲဒီလိုမျိုး ကျမတို့ ရည်ရွယ်ထားပါတယ်။
Recycle ပြီးတဲ့အခါ ကျတော့ အမှိုက်စိုကျတော့လည်း အမှိုက်စို သက်သက်ပေါ့၊ စည်ပင်သာယာနဲ့ ညှိရမှာပေါ့၊ ဘယ်နေရာမှာ ပစ် ရ မလဲ၊ ပစ်ရမယ့်နေရာမှာ သွားပစ်မယ်ပေါ့။ နောက်တခါ အန္တရာယ်အမှိုက်ကို ဘယ်နေရာ ပစ်ရမလဲ၊ ကြွင်းတွေ ဘာတွေ တူးပြီးတော့ ပစ်ရမယ် ဆိုရင်လည်း တနေရာ သတ်မှတ်ပြီး ပစ်မှာပေါ့။
မေး။ ။ အစ်မ ခုနပြောသလို ဒီရပ်ကွက်မှာ မအောင်မြင်ဘူးဆိုရင် တခြားနေရာပြောင်းမှာပေါ့၊ ဘယ်လိုနေရာမျိုးမှာ ဆက်ပြီးတော့ လုပ်သွားဖို့ရှိလဲ။
ဖြေ။ ။ ဒီရပ်ကွက်ကို မြင်လို့ အားကျတဲ့ ရပ်ကွက်တွေ ပေါ့၊ အားကျပြီး ကျနော်တို့ ရပ်ကွက်လည်း ဒီလိုမျိုး ဖြစ်စေချင်ပါတယ် ဆိုရင် ကျမတို့လုပ်ပေးဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် စောစောက ပြောသလို ကျမတို့ ဘက်ကတော့ ပံ့ပိုးနိုင်တဲ့ အတိုင်းအတာ တခု အထိတော့ ပံ့ပိုးပေးမယ်၊ ပါရမှာ၊ လုပ်ရမှာတော့ သူတို့ဘက်က ပေါ့။
မေး။ ။ အစ်မက အမှိုက်သိမ်းတဲ့ လုပ်ငန်းမှာကျတော့ ဘယ်လိုနေရာမှာပါလဲ။
ဖြေ။ ။ ကျမကတော့ နာရေးကူညီမှုအသင်းရဲ့ အတွင်းရေးမှူးပေါ့နော်၊ ကျမတို့အဖွဲ့ကနေ အတွင်းရေးမှူး၊ ဥက္ကဋ္ဌ၊ အမှုဆောင်၊ အုပ်ချုပ်ရေးမှူး အားလုံးက ဒီအလုပ်တွေကို အားလုံး ခွဲလုပ်ရတာပေါ့လေ။ ခွဲလုပ်ရတာမှ အားလုံးကို ခွဲလုပ်ရတာပေါ့။
မေး။ ။ အမှိုက်နဲ့ပတ်သက်ပြီး ပညာပေးတာမျိုး အရင်တုန်းက မရှိတဲ့ အတွက် အဓိကက အဲ့ဒါကြောင့် ပေါ့နော်။
ဖြေ။ ။ ဟိုငယ်ငယ်တုန်းကတော့ နည်းနည်းတော့ ရှိခဲ့တာပေါ့၊ အမှိုက်ခွံ၊ ငှက်ပျောခွံကို လမ်းမပေါ်မပစ်နဲ့၊ ဘာညာဆိုပြီးတော့၊ ဒါပေမယ့်လို့ အမှိုက်ပုံတွေကို အဲဒီလိုမျိုး စနစ်တကျ သေသေချာချာ ပစ်ခဲ့တာမျိုးတော့ မရှိခဲ့ဘူးပေါ့။ ငယ်ငယ်ကတည်းက အစ်မ မှတ်မိ သလောက် ကတော့ အမြဲတမ်း အမှိုက်ပုံကြီးတွေနဲ့ ရေတွင်းတွေနဲ့ နံစော်နေတဲ့ ဘဝကနေ အစ်မတို့ နေခဲ့ရတာပါ။
ဒါပေမယ့်လည်း အဲဒီတုန်းကတော့ သူ့ဟာသူ တဖြည်းဖြည်း ဆွေးသွားတော့ သိပ်ပြီးတော့ ဒါကြီးက သဘာဝပတ်ဝန်းကျင်ကို ပျက် စီးတာလည်း မဟုတ်ဘူး။ လူတွေရဲ့ ကျန်းမာရေးကိုလည်း အဲဒီလောက် အထိ နံတာတခုပဲ ရှိတယ်၊ ပျက်စီးတာကြီးတွေက သိပ်ပြီး တော့ မရှိဘူးလေ၊ အဲဒီနောက်မှာ ပိုးမွှားတွေ ထွက်လာလို့၊ ကြွက်တွေပေါလာလို့ လူတွေကျန်းမာရေး ချို့တဲ့လာတာ၊ အဲ့ဒါလောက် ပဲ ရှိတာပေါ့။
ဒါပေမယ့် Chemical အဆိပ်တွေနဲ့ လူတွေ ဒုက္ခရောက်တာမျိုးတော့ မရှိဘူးပေါ့။ အခုကျတော့ အဲဒါတွေ အရမ်းဒုက္ခ ပေးလာကြပြီ လေ။ ဆိုတော့ ဒါတွေက အရမ်း သတိထားရတော့မယ်၊ လူတွေရဲ့ ကျန်းမာရေးရော၊ ကမ္ဘာကြီးကိုရော ဖျက်ဆီးတော့မှာကိုး။
မေး။ ။ မြောင်းတွေကို သန့်ရှင်းရေးတွေ၊ သဘာဝ ပတ်ဝန်းကျင်မှာ အားလုံးနဲ့ ပတ်သက်လာပြီပေါ့၊ တော်တော် အရေးကြီး လာပြီ ပေါ့။
ဖြေ။ ။ စောစောကပြောသလို ပလတ်စတစ်တွေ ရေတွေ ပါသွားတယ်၊ ရေထဲမှာ သူတို့ရဲ့ ပလတ်စတစ်ကနေ ထွက်လာတဲ့ Process ကနေပြီးတော့ အဲ့ဒီ အဆိပ်တွေက ရေထဲမှာ ရေနေသတ္တဝါတွေကို သေစေနိုင်တယ် ပေါ့။ အဲဒါတွေက ကြာရင် ငါတို့ အစားအသောက်တွေ ရှားပါးတာတွေ ပါလာတော့မှာ။
ပြီးတော့ သစ်ပင်တွေ စိုက်လို့ မရတော့ဘူး၊ မြေကြီးတွေက ဖြစ်လာမှာလေ၊ အဆိပ်တွေပေါ့ စွန့်ပစ်ပစ္စည်းရဲ့ ပြဿနာတွေကြောင့် ဆိုးကျိုးတွေကြောင့် သစ်ပင်တွေ မစိုက်နိုင်တာတွေ အများကြီး ဖြစ်လာတော့မှာ ပေါ့၊ စားနပ်ရိက္ခာတွေ ရှားပါးတာတွေလာ တော့မှာ ပေါ့။ အခုဆိုရင် တော်တော်ကြီး ရှားလာပြီလေ၊ ငါး၊ ဖားတွေဆို တော်တော်ကို နည်းကုန်ပြီလေ။
စောစောက ပြောသလိုပေါ့၊ ငါးသေးသေးလေးတွေက သေကုန်တယ်၊ ငါးသေးသေးလေးတွေကို စားတဲ့ ငါးအလတ် လေးတွေက စားစရာ မရှိတော့ဘူး၊ ငါး အလတ်လေးတွေ မရှိတော့ ငါးအကြီးတွေ၊ အဲဒီ ဂေဟစနစ်တွေ တော်တော် ပျက်ကုန်တာ၊ အမှိုက်တွေကြောင့် အများကြီး ပါတယ်။
မေး။ ။ ရှေ့ဆက်ပြီးတော့ အသိပညာပေးပြီး Awareness(နားလည် သဘောပေါက်မှု) လုပ်တာတွေ ဘယ်လိုများ လုပ်သွားဖို့ ရှိသေးလဲ။
ဖြေ။ ။ လုပ်ကြမှာပါ၊ အဲဒါကတော့ ဆရာမ ဒေါ်သန်းမြင့်အောင်တို့၊ ဂျူးတို့၊ ဆရာ ထင်လင်းဦးတို့နဲ့ ကျမတို့ လုပ်နိုင်သလောက် လုပ်သွားဦးမှာပါ။
မေး။ ။ အမှိုက်သိမ်းတာနဲ့ အမှိုက်စွန့်ပစ်တာ Service လုပ်တဲ့ နေရာမှာ ဘယ်လိုမျိုး အခက်အခဲတွေရှိလဲ။
ဖြေ။ ။ အခက်အခဲကတော့ အများကြီး တွေ့ရမှာပေါ့၊ ပြီးတော့ အမှိုက်သိမ်းတဲ့ နေရာကိုလည်း အခုထိ မညှိရသေးဘူး ပေါ့၊ ဘယ် လိုလာဦးမလဲ မသိဘူး၊ ဘယ်နေရာကို ပေးပစ်မလဲ မသိဘူး။ ဆိုတော့ အဲ့ဒါတွေလည်း ညှိရဦးမှာပေါ့။ အမှိုက်သိမ်းတာလည်း ဖြစ်နိုင်ရင်တော့ စည်ပင်သာယာလည်း ဝိုင်းပြီးတော့ သူတို့ တပိုင်တနိုင်ပေါ့၊ ဝိုင်းလုပ်ပေးမယ်ဆိုရင်တော့ အဆင်ပြေမှာပေါ့။ အဲ့ဒါလည်း သွားညှိရဦးမှာပဲ။
တကယ်တော့ သူတို့ လုံးဝ မလုပ်ဘူးဆိုရင်တော့ အစ်မတို့ ကိုယ်ပိုင်တဲ့ အပိုင်းလေးကို ကိုယ့်ဘာသာ လုပ်ရမှာပေါ့။ တကယ်လို့ စည်ပင်သာယာက ကျနော်တို့ တရက်သိမ်းမယ်၊ အစ်မတို့ တရက်သိမ်း ဆိုရင်တော့ ပိုပြီးတော့ သက်သောင့်သက်သာ ပြီးသွားမှာ ပေါ့၊ အဲဒီလို မဟုတ်ဘဲနဲ့ စည်ပင်သာယာက တပတ်တခါပဲ သိမ်းမယ်ဆိုရင်လည်း OK… နှစ်ခါသိမ်းရမယ် ဆိုရင် အစ်မတို့ တခါသိမ်းမယ်၊ သူတို့ တခါသိမ်းပေါ့။ သုံးခါသိမ်းရမယ် ဆိုရင် သူတို့ တခါသိမ်း၊ အစ်မတို့ နှစ်ခါသိမ်းမယ်ပေါ့။ လေးခါဆိုရင် သူတို့နှစ်ခါ အစ်မတို့နှစ်ခါ လုပ်သွားနိုင်ရင်တော့ ပိုကောင်းတာပေါ့။
မေး။ ။ အစ်မတို့ လုပ်တဲ့အခါမှာ တားတာ ပြုတာမျိုးတွေ ရှိလာရင် ဘယ်လိုလုပ်မလဲ။
ဖြေ။ ။ အခုအချိန်ထိတော့ မရှိသေးဘူး၊ အစ်မတို့ ပြောတယ်ပေါ့၊ သွားတိုင်ပင်ထားတယ်၊ အစ်မတို့ အမှိုက်သိမ်းတဲ့အဆင့် လုပ်မှာ တွေ၊ Process တွေတော့ ပြောထားပါတယ်။ ဒါကတော့ မြို့နယ်ပေါ၊့ မြောက်ဒဂုံကို သွားပြောတာတော့ ဘာမှတော့ မကန့်ကွက်ပါဘူး။ ။