မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှု ကြီးထွားနေဆဲ ဖြစ်သည်ဟု အမေရိကန် အောက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ က ပြောဆိုလိုက်သည်။
ကယ်လီဖိုးနီးယား ပြည်နယ် ရီပတ်ဘလီကန် အထက်လွှတ်တော် အမတ်လည်း ဖြစ်သည့် မစ္စတာ အက်ဒ်ရွိုက်စ်က ဇူလိုင် ၉ ရက်က ကျင်းပသော အမေရိကန် အောက်လွှွတ်တော် လူ့အခွင့်အရေး ကြားနာပွဲ တခု၌ ပြောကြားခြင်း ဖြစ်သည်။
အေမေရိကန် အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှု ကြီးထွားနေဆဲ ဖြစ်သည့်အတွက် ဗီဇာ ပိတ်ပင်ခြင်း အပါအဝင် မြန်မာ-အမေရိကန် စစ်တပ်ချင်း ပူးပေါင်း ဆောင်ရွက်မှု ချက်ချင်း ရပ်တန့်ရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
ထို့အပြင် လာမည့် နိုဝင်ဘာတွင် မြန်မာနိုင်ငံသို့ လာရောက်မည့် အမေရိကန် သမ္မတ ဘားရက် အိုဘားမားနှင့် သြဂုတ်လတွင် မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ တို့၏ ခရီးစဉ် မတိုင်မီ မြန်မာနှင့် အမေရိကန် ဆက်ဆံရေး အကန့်အသတ် ထားရှိရန် အဆိုပါ ကြားနာပွဲသို့ တက်ရောက်သူများကလည်း ပြောဆိုကြသည်။
မြန်မာ့ တပ်မတော်အား အမေရိကန်စစ်တပ်က လေ့ကျင့် သင်တန်းပေးမှု ဆိုင်ရာများကို အမေရိကန် အရာရှိများနှင့် မြန်မာ ခေါင်းဆောင်များ အကြား မကြာသေးခင်က ဆွေးနွေးခဲ့သည့်အပေါ်ကိုလည်း မစ္စတာ အက်ဒ်ရွိုက်စ်က အချိန်မကျသေးကြောင်း ဝေဖန် ထောက်ပြခဲ့သည်။
နိုင်ငံတကာက မြန်မာနိုင်ငံ အပေါ် ယခင်က ထားရှိခဲ့သည့် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုများ ဆက်လက် ထားရှိသင့် မသင့် ကို အထူး စောင့်ကြည့်သွားရန် လိုအပ်ကြောင်းလည်း မစ္စတာ အက်ဒ်ရွိုက်စ် က ပြောဆိုသည်ဟု Foreign Policy မဂ္ဂဇင်း သတင်း တရပ်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် အစောပိုင်း ကာလက တိုးတက်လာခဲ့သော လူ့အခွင့်အရေး အခြေအနေများ ဆုတ်ယုတ်သွားမှုကြောင့် ယခု အခါ လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှုများဖြင့် အုပ်စုဖွဲ့၍ စနစ်တကျ အကြမ်းဖက် သတ်ဖြတ်မှုများက လူ့အခွင့်အရေး အခြေ အနေများ အပေါ် အလွန် စိုးရိမ်စရာ ကောင်းလာကြောင်းလည်း မစ္စတာ အက်ဒ်ရွိုက်စ် က ထောက်ပြသည်။
“လူနည်းစု တိုင်းရင်းသား လူမျိုးစုတွေနဲ့ ရိုဟင်ဂျာ (ဘင်္ဂါလီ) မွတ်စလင်များ အပေါ် စနစ်တကျ ဖိနှိပ်မှုတွေ ရပ်တန့်မှု မရှိမချင်း ၂ နိုင်ငံ စစ်တပ်ချင်း ဆက်ဆံရေး ချက်ချင်း ရပ်တန့်ဖို့ လိုအပ်နေပါတယ်”ဟု မစ္စတာ အက်စ်ရွိုက်စ် က ဆိုသည်။
အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းရှိ အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရသော ဒုက္ခသည် ၁ သိန်း ၄ သောင်းကျော်သည် ကျန်းမာရေး စောင့်ရှောက်မှုနှင့် အစားအသောက် အကူအညီများ ရရှိရန် ငြင်းပယ်ခံ နေရသည် ဟု သူက ဆက်လက် ပြောဆိုသည်။
ထို့အပြင် မြန်မာလွှတ်တော်က ဘာသာရေး လွတ်လပ်မှုကို ကန့်သတ် ထိန်းချုပ်သည့် တရားမျှတမှု မရှိသော ဥပဒေ တရပ်ကို မကြာခင်က အတည်ပြု ပေးသကဲ့သို့ လာမည့်နှစ် ရွေးကောက်ပွဲတွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့် ပိတ်ပင်ထားမှုလည်း ဆက်လက်ရှိနေသေးကြောင်း အမေရိကန် ကွန်ဂရက် လွှွတ်တော်၏ လူ့အခွင့်အရေး ကြား နာပွဲတွင် သူက ပြောကြားခဲ့သည်။
သမ္မတ အိုဘားမားက သူ့အစိုးရ၏ နိုင်ငံခြားရေး ပေါ်လစီ အောင်မြင်ကြောင်း မြန်မာနိုင်ငံကို ဥပမာပေး၍ မကြာခင်က ပြော ဆိုခဲ့မှု အပေါ် ယခုကဲ့သို့ အမေရိကန် ကွန်ဂရက်လွှတ်တော်က သတိပေးလိုက်ခြင်း ဖြစ်သည်။
ကွန်ဂရက် ကြားနာပွဲတွင် မစ္စတာ အက်ဒ်ရွိုက်စ်က ရိုဟင်ဂျာ ဘင်္ဂါလီများအပေါ် အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး မြန်မာ တာဝန် ရှိသူများကို အမေရိကန် သို့ ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ခြင်း အပါအဝင် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ နာမည်ပျက် စာရင်း သွင်းပြီး ၎င်းတို့၏ စီးပွားရေး လုပ်ငန်း၊ ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရန် အတွက် အမည် စာရင်းများ ထပ်မံထည့်သွင်း ပေး ရန် လည်း သမ္မတ အိုဘားမား အစိုးရအား တောင်းဆိုခဲ့သည်။
အမေရိကန် ပြည်ထောင်စု၏ လူမျိုးတုန်း သတ်ဖြတ်မှု အဆုံးသတ်ရေး ညီညွတ်စွာ ဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌ သောမတ်စ် အင်ဒရူးကလည်း အဆိုပါ ကြားနာပွဲတွင် ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ဒုက္ခသည်များအရေး အလေးပေး ပြောဆို ခဲ့ပြီး လူ့အခွင့် အရေး ချိုးဖောက်မှု အခြေအနေများ ပိုမို ဆိုးဝါးလာခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
သောမတ်စ် အင်ဒရူးက အမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည် သုံးသပ်ရန် လိုကြောင်း၊ အမေရိကန်မှ မြန်မာနိုင်ငံ သို့ နောက်ထပ် ထောက်ပံ့ ကူညီမည့် အစီအစဉ်များ အပါအဝင် မြန်မာနိုင်သို့ သွားမည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် သမ္မတ အိုဘားမားတို့၏ ခရီးစဉ်များကိုလည်း ဝေဖန် ထောက်ပြ သွားခဲ့သည်။
ဗာဂျီးနီးယား ပြည်နယ် ဒီမိုကရက်အမတ် ဂျယ်ရီ ကွန်နိုလီက မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းက အကြမ်းဖက်မှုများကို ရည်ညွှန်း၍ ရိုဟင်ဂျာနှင့် အခြားတိုင်းရင်းသား လူနည်းစုများအား ခွဲခြားကန့်သတ် ဖိနှိပ်မှုများအပေါ် ကွန်ဂရက်က အာရုံထားမှု ရှိကြောင်းကို ကြားနာပွဲတွင် ထုတ်ဖော် ပြောဆိုသည်။
သို့သော် အမေရိကန် နိုင်ငံခြားရေးဋ္ဌာန တာဝန်ရှိသူများကမူ ၎င်းတို့၏ ထောက်ပြမှုများ အပေါ် မည်သို့မျှ တုံ့ပြန် ဖြေကြားခြင်း မရှိကြောင်း Foreign Policy မဂ္ဂဇင်း၏ သတင်းတွင် ရေးသားထားသည်။