မြန်မာနိုင်ငံ၏ ဒုတိအကြီးဆုံးဖြစ်သော မန္တလေးမြို့တွင် ယခုအပတ် အစောပိုင်းက မွတ်စလင် ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များကြား အဓိကရုဏ်းတခု ရုတ်ချည်းပေါ်ပေါက်ခဲ့ပြီးနောက် မန္တလေးတွင် အခြေအနေ အေးဆေးငြိမ်သက်နေပြန်သည်။
ညမထွက်ရ အမိန့်ထုတ်ပြန်ထားပြီးနောက် လူသူခြောက်ကပ်နေသည့် မြို့တော်၏ လမ်းများပေါ်တွင် ရဲအဖွဲ့က ကင်းလှည့်လျက်ရှိသည်။ သို့သော်လည်း ပဋိပက္ခအကြောင်း သတင်းယူသည့် စာနယ်ဇင်းသမားများ အတွက်ကတော့ ပြဿနာက အခုမှ စ စိုးရိမ်စရာ ဖြစ်လာသည်။
နောက်ဆုံးဖြစ်ပေါ်ခဲ့သည့် အဓိကရုဏ်းအကြောင်း ပြည်သူတွေကို သတင်းပို့ဖို့ သူတို့အလုပ် သူတို့ လုပ်ခဲ့ကြသည့် စာနယ်ဇင်းသမားများ အနေဖြင့် အစွန်းရောက်များ၏ ပစ်မှတ်ဖြစ်လာနေသည်က စိတ်မချမ်းမြေ့စရာပင်။ ဧရာဝတီ သတင်းထောက်များနှင့် ဓာတ်ပုံဆရာများ သူတို့၏အသက်ကို ခြိမ်းခြောက်မှုတွေနှင့် ရင်ဆိုင်ခဲ့ရသည်။ သတင်းထောက်များကို လူအုပ်က ဝိုင်းရန်ရှာခံရသည်။ ဓာတ်ပုံဆရာများ လူအုပ်က ဝိုင်းလိုက်သဖြင့် ထွက်ပြေးခဲ့ရသည်။ သတင်းထောက်များနှင့် နိုင်ငံခြား မီဒီယာများအတွက် အလုပ်လုပ်နေသည့် အလွတ်တန်း သတင်းထောက်များကိုလည်း “ဒေါသထွက်နေသည့် လူအုပ်ကြီး” က ပြင်းစွာသော ဖိအားတွေပေးခဲ့သည်။ အွန်လိုင်းပေါ် ပေါ်ပေါ်တင်တင် ခြိမ်းခြောက်ခံလာရသည်။
ရဲအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးချုပ် ဝင်းခေါင်က အမုန်းစကားများ ပြန့်ပွားနေခြင်းကို တားဆီးနိုင်ရန် အစိုးရက Facebook ကို ပိတ်ထားခဲ့သည်ဟု ပြောဆိုခဲ့ခြင်းကလည်း မှတ်သားစရာ ဖြစ် ခဲ့သည်။ Facebook သည် မွတ်စလင်ဆန့်ကျင်ရေး ကောလာဟလများ ဖြန့်ဖြူးရန်နှင့် စာနယ်ဇင်းသမားများကို အမျိုး၊ ဘာသာကို သစ္စာဖောက်သူများအဖြစ် သရုပ်ဖော်ရန် မြန်မာနိုင်ငံတွင် လူသုံးအများဆုံး လူမှုကွန်ရက်တခုဖြစ်သည်။ သို့သော်လည်း အစိုးရက အမုန်းစကားများ ဖြန့်ဖြူး၍ သွေးထိုးလှုံ့ဆော်သူများကို အရေးယူရန် မမျှော်လင့်ပါနှင့်။ ဖြစ်လာမည် မဟုတ်ပါ။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း တောမတ်စ်အို ဟေးကင်တာနာက မွတ်စလင်များကို တိုက်ခိုက်ရာတွင် “အစိုးရ ပါဝင်ပတ်သက်မှုရှိခဲ့သည်” ဆိုသော တိုင်ကြားမှုများ ရရှိခဲ့ကြောင်းနှင့် အာဏာပိုင်များသည် ၎င်းတို့၏ “မျက်စိရှေ့မှောက်တွင် အကြမ်းဖက် ရက်စက်မှုများ ဖြစ်ပေါ်နေသည့်တိုင် ရပ်ကြည့်နေခဲ့ကြပြီး စနစ်တကျ စုစည်းထားသည့် အစွန်းရောက် အမျိုးသားရေးဝါဒီ လူစုလူဝေးများလည်း ပါဝင်ကြောင်း” ယမန်နှစ်က ပြောကြားခဲ့သည်။
လွန်ခဲ့သော ၃ နှစ်ခန့် မြန်မာနိုင်ငံ တံခါးဖွင့်လာခဲ့ပြီး နောက်ပိုင်းတွင် တိုင်းပြည်အတွင်း၌ မွတ်စလင်နှင့် ဗုဒ္ဓဘာသာဝင် အသိုင်းအဝိုင်းများကြား ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ မွတ်စလင် ဆန့်ကျင်ရေးရောဂါကလည်း လူမှုမီဒီယာများနှင့် လက်ဘက်ရည်ဆိုင်များအတွင်း မုန်တိုင်းထန်လာသည်။
မွတ်စလင် ဆန့်ကျင်ရေး သဘောထားများ ရုတ်တရက် မြင့်တက်လာခြင်းသည် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၂၀၁၂ ခုနှစ် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး နောက်ပိုင်း လအနည်းငယ်အတွင်း ဖြစ်ပေါ် လာခဲ့ကြောင်း မြန်မာ့အရေး စောင့်ကြည့်လေ့လာသူများက သတိထားမိခဲ့သည်။ မဲရလဒ်က ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် မရိုးမသားပြုလုပ်၍ အနိုင်ရရှိခဲ့သော လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ဆူးနှင့်ထိုးပြီး သတိပေး လိုက်သလို ဖြစ်သွားသည်။
ထိုအချိန်မှစ၍ လူမျိုးဘာသာပေါင်းစုံ ပေါင်းစပ်ထားသည့် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း မွတ်စလင်များသည် သတိထားရမည့် ခြိမ်းခြောက်မှုတခုအဖြစ် ပုံဖော်ခံလာခဲ့သည်။ “ရက်ရက်စက်စက် ထိရောက်သည့် တိုက်ခိုက်မှုများလည်း ဖြစ်ပွားလာခဲ့သည်” ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ်ဟောင်း ဖြစ်သည့် ဗီဂျေနမ်ဘီးယားကလည်း ပြောဆိုခဲ့ဖူးသည်။
ထို ဒဏ်ရာများအတွင်းသို့ ဆားထပ်သိပ်သည့် အနေဖြင့် သမ္မတ ဦးသိန်းစိန်၏ အစိုးရက ဘာသာကူး ပြောင်းမှုတွင် တင်းကြပ်စွာထိန်းချုပ်ခြင်း၊ ဘာသာခြားနှင့် လက်ထပ်မည့် အမျိုးသမီးများ ခွင့်ပြုချက် တောင်းခံရန် လိုအပ်ခြင်း စသည့် အချက်များပါဝင်သည့် ဥပဒေများကို အဆိုပြုလာသည်။ သက်ရောက်မှု အနေဖြင့် မွတ်စလင်များသည် လူ့အဖွဲ့အစည်းအတွက် ခြိမ်းခြောက်မှုဆိုသည့် အမြင်ကို အတည်ပြုပေးသလို ဖြစ်သည်။
လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းသည် အမျိုးနှင့် ဘာသာကို ကာကွယ်ရန်အတွက် ပြဋ္ဌာန်းရန် အဆိုပြုထားသော “မျိုးစောင့်ဥပဒေ” ၏ တစိတ်တပိုင်း ဖြစ်သည်။ အမျိုးသားရေးဝါဒီ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အဖွဲ့တဖွဲ့က ကမကထပြု၍ ဆော်ဩနေသည့် မျိုးစောင့်ဥပဒေတွင် မယားပြိုင်စနစ်ကို ပိတ်ပင်ခြင်း၊ လူဦးရေထိန်းချုပ်သည့် ဥပဒေ များပြဋ္ဌာန်းခြင်းနှင့် ဘာသာကူးပြောင်းခြင်းကို ထိန်းချုပ် ကန့်သတ်ခြင်းများပါဝင်သည်။ အဆိုပါ ဥပဒေများကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည့် အရပ်ဘက် အဖွဲ့အစည်းများနှင့် ဘာသာပေါင်းစုံအဖွဲ့ အစည်းများသည် အသက်ကို ခြိမ်းခြောက်ခြင်းနှင့် အခြားသော ခြိမ်းခြောက်မှု အမျိုးမျိုးခံခဲ့ကြရသည်။
မြန်မာ့နိုင်ငံရေးကို ကာလရှည်ကြာစွာ စောင့်ကြည့်လေ့လာခဲ့ကြသူများကမူ မြန်မာနိုင်ငံ လမ်းများပေါ်တွင် အမျိုးသားရေး အမည်ခံလူမိုက်များ အုပ်ဖွဲ့သောင်းကျန်းခြင်းများ ရုတ်တရက်ပေါ်ပေါက် လာခြင်းသည် အံ့ဩဖွယ်ရာမဟုတ်ဟု ပြောကြသည်။ အတိတ်ကလည်း မြန်မာစစ်အာဏာပိုင်များသည် သူတို့အတွက် ခြိမ်းခြောက်မှုရှိသည်ဟု ခံစားရသည့်အခါတိုင်း လူ့အသိုင်းအဝိုင်းကြား တိုက်ခိုက်သတ်ဖြတ်မှုများ ဖြစ်ပွားလာစေပြီး ငြိမ်ဝပ်ပိပြားမှုကို ပြန်လည်ထိန်းသိမ်းရန် လိုအပ်သည်ဟု အကြောင်းပြတတ်ကြသည်။
လတ်တလော ဖြစ်ပေါ်ခဲ့သည့် နောက်ဆုံး အဓိကရုဏ်း မတိုင်မီတွင် တိုင်းရင်းသားခေါင်းဆောင် အချို့က လာမည့်နှစ်တွင် ကျင်းပရန်ရှိနေသည့် ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတစွာ ကျင်းပပေး ရန်အစိုးရက သတ္တိမရှိကြောင်း ကျနော့်ကို ပြောခဲ့ကြသည်။ “အရင်တုန်းကအတိုင်းပဲ ရွေးကောက်ပွဲမှာ သူတို့ ထပ်ပြီးတော့ မဲခိုးလိမ့်မယ်။ ဒါမဟုတ် အဲဒီလို သူတို့ မလုပ်နိုင်ဘူးဆိုရင် ဒါကို (ရွေးကောက်ပွဲကို) ရွှေ့ဆိုင်းဖို့ အကြောင်းရှာလိမ့်မယ်” ဟု သူတို့က ပြောခဲ့သည်။
အုပ်ချုပ်နေသော စစ်ခေါင်းဆောင်များ အကြားတွင်လည်း ဒီဇာတ်လမ်းအတွက် လိုအပ်သော အခြေခံ လုပ်ငန်းတွေ ချထားပေးပြီးပုံရသည်။ မလွှဲမရှောင်သာသည့် အခြေအနေသို့ ရောက်ရှိလာလျှင် တိုင်းပြည်ကို ထိန်းချုပ်ပြီး ဒီမိုကရေစီ၏ မာရ်နတ်များ လက်ထဲမှ ကယ်တင်ဖို့ အဆင်သင့် ဖြစ်ချင်နေပေလိမ့်မည်။
ဦးသိန်းစိန် အစိုးရအပေါ် အစောပိုင်းနေ့များက ပြုပြင်ပြောင်းလဲရေး အစိုးရအဖြစ် အကောင်းမြင်ခဲ့မှုများ လျင်လျင်မြန်မြန် ပျောက်ကွယ်နေခြင်းနှင့် ပတ်သက်၍ အံ့ဩစရာမရှိပါ။ မေလအတွင်းက NLD ပါတီ အင်အားပြခဲ့သည့် မန္တလေးက မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အဓိက စစ်မြေပြင်တခု ဖြစ်လာခဲ့ခြင်းကလည်း အနည်းငယ် အံ့ဩစရာသာ ဖြစ်သည်။
များပြားသည့် ထောက်ခံသူများကို မိန့်ခွန်းပြောရင်း ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်အရာရှိများကို မှန်သောအလုပ်သာ လုပ်ဆောင်ရန်နှင့် တိုင်းပြည်ကို စစ်တပ်ကသာ အလုံးစုံချုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ အတင်းပြဋ္ဌာန်းခဲ့သော ဒီမိုကရေစီမဆန်သည့် ၂၀ဝ၈ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ရန် တောင်းဆိုခဲ့သည်။
“ကျမသူတို့ (စစ်တပ်အရာရှိများ) ကို ဒီနှစ်အတွင်းမှာ ဖွဲ့စည်းပုံကို လွှတ်တော်ကနေတဆင့် ဥပဒေ ဘောင်အတွင်းကနေ ပြင်ဆင်ပေးဖို့ စိန်ခေါ်ချင်ပါ တယ်။ တိုင်းပြည်ကို တကယ်ချစ်ရင်၊ ပြည်သူတွေကို လေးစားပါ။ တိုင်းပြည်ရဲ့အနာဂတ်အတွက် စဉ်းစားပါ။ သတ္တိရှိကြပါ” ဟု လူထုကြီးကိုပြောခဲ့ရာ လက်ခုပ်သံတွေ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့၏။
ယခုအချိန်တွင် ထင်ရှားသည့် နိုင်ငံရေး အကျဉ်းသားဟောင်း ကျောင်းသားခေါင်းဆောင်များနှင့် ပူးပေါင်း၍ အခြေခံဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုများ ပြုလုပ်နေရာ အတော် အရှိန်ရနေပြီဖြစ်သည်။ သို့သော်လည်း မိမိကိုယ်မိမိ “မြန်မာ ဘင်လာဒင်” ဟု ကင်ပွန်းတပ်ထားသည့် ဘုန်းကြီး ဦးဝီရသူ၏ စည်းရုံးလှုပ်ရှားမှု များကြောင့် မြန်မာ့ ဒီမိုကရေစီ အင်အားစုများသည် မျက်ကန်း အမျိုးသားရေးဝါဒ၏ တိုက်ရိုက် စိန်ခေါ်ရင်ဆိုင်မှုနှင့် ကြုံတွေ့နေကြရသည်။
လူမှုမီဒီယာများတွင် ကြံ့ခိုင်ရေးပါတီမှ သဘောထားတင်းမာသည့် ခေါင်းဆောင်များနှင့် သူ့ကို ဗုဒ္ဓဘာသာကို အမှန်တကယ် ကာကွယ်နေသူအဖြစ် အရှက်ကင်းမဲ့စွာ ကြေညာပေးနေသည့် အခြားသော သူများ၏ လှူဒါန်းမှုကို လက်ခံယူနေသည့် ဓာတ်ပုံများကို ပေါ်ပေါ်တင်တင် မြင်တွေ့နေရသည် ဖြစ်ရာ ဦးဝီရသူ မွတ်စလင် မုန်းတီးရေး လှုံ့ဆော်မှုများကို အစစ်အဆေးမရှိ ခွင့်ပြုထားခြင်းကလည်း အံ့ဩစရာ မဟုတ်တော့။
အံ့အားသင့်ဖွယ်ရာ ကောင်းသည်မှာကား နိုင်ငံခြား အစိုးရ တာဝန်ရှိသူများက မြန်မာနိုင်ငံ၏ တံခါးဝတွင် ဆက်လက်တန်းစီ နေကြဆဲဖြစ်ပြီး တိုင်းပြည်ကို ဒီမိုကရေစီစနစ်သို့ အပြည့်အဝ ပြန်လည်ရောက်ရှိစေလိုသော ပြည်သူများ၏ ဆန္ဒကို စိတ်ဝင် စားအလေးထားမှု အနည်းငယ်သာ ပြသနိုင်ကြသည့် စစ်အစိုးရ ခေါင်းဆောင်ဟောင်းများနှင့် အလုပ်လုပ်ရန် စိတ်အားထက်သန်နေကြခြင်း ဖြစ်သည်။
မကြာသေးခင်က ရောက်ရှိခဲ့သည့် ဧည့်သည်များမှာ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘိရှော့နှင့် မြန်မာ စစ်တပ်နှင့် ဆက်သွယ်ဆောင်ရွက်ရန် “အချိန်ကျပြီ”ဟု ထုတ်ဖော်ပြောခဲ့သော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားဆိုင်ရာ ဒုတိယဝန်ကြီး တွမ်မလင်နောင်းစကီးတို့ဖြစ်သည်။
၂၀၁၁ ခုနှစ်တွင် နှစ်နိုင်ငံ စစ်တပ်ချင်း ဆက်ဆံမှု ပြန်လည်စတင်ခဲ့ပြီး နောက်ပိုင်း ပထမဆုံး အမေရိကန် ဗိုလ်ချုပ်ကြီး တဦးအနေဖြင့် အမေရိကန် စစ်တပ်မှ ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယတပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး အန်ထော်နီ ခရက်ချ်ဖီးလ် နေပြည်တော် အမျိုးသားကာကွယ်ရေး ကောလိပ်တွင် မိန့်ခွန်းပြောကြားခဲ့မှုက အဆင့်သစ်တခုသို့ ရောက်ရှိခဲ့သည်။
“ဒီလို ဆက်ဆံ ဆောင်ရွက်ရခြင်းရဲ့ အခြေခံ ရည်ရွယ်ချက်က မြန်မာစစ်တပ်ကို လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ အရပ်သားပြည်သူ ထိန်းချုပ်မှုတွေရဲ့ အရေးကြီးပုံကို ပြောပြဖို့ ဖြစ်ပါတယ်” ဟု တွမ်မလင်နောင်းစကီးက ပြောသည်။ ဆက်ဆံမှုသည် သတိကြီးစွာထားသော ဆက်ဆံမှုအဖြစ် သူက သရုပ်ဖော်ခဲ့သော်လည်း “အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ မဟုတ်ရင်တောင် အနာဂါတ်မှာ ပိုပြီး နက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှု တခုရှိလာဖို့ အလားအလာ ကောင်းပါတယ်” ဟု ပြောခဲ့သည်။
မေလအတွင်း အာဏာသိမ်းယူခဲ့သည့် ထိုင်းနိုင်ငံ စစ်ခေါင်းဆောင်သစ်က မြန်မာစစ်တပ် ခေါင်းဆောင်ကို အားပါးတရ ပွေ့ဖက်ခဲ့သည့်အတွက် အိပ်မက်ဆန်ဆန် ဖြစ်ခဲ့သည်။ မြန်မာကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘန်ကောက်သို့ အလည်အပတ် ရောက်ရှိချိန်တွင် ထိုင်းဘုရင့် တပ်မတော် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး တနာဆက်ပတီ မာပရာကွန်းက ထိုင်းနိုင်ငံ၏ သွေးမစွန်းသော အာဏာသိမ်းယူမှုကို မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီအုပ်ချုပ်ရေးသို့ ကူးပြောင်းနိုင် ရေးတောင်းဆိုကြသည့် ထောင်နှင့်ချီသော ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို သေနတ်နှင့်ပစ်၍ ရက်စက်စွာ နှိမ်နင်းခဲ့သည့် ခေတ်သစ် မြန်မာ့သမိုင်းနှင့် ခိုင်းနှိုင်း၍ ပြောဆိုခဲ့သည်။
“ထိုင်းနိုင်ငံမှာ တိုင်းပြည်ပြန်လည် တည်ငြိမ်ရေးအတွက် လုပ်ဆောင်နေတာကို မြန်မာအစိုးရက သဘောတူပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်က ကျနော်တို့နဲ့ အလားတူ အတွေ့အကြုံမျိုး ရှိခဲ့တဲ့အတွက် သူတို့နားလည်ပါတယ်”ဟု ထိုင်းစစ်ဦးစီးချုပ်က ပြောသည်။
အဆိုပါ မှတ်ချက်စကားက အကြောင်းအကျိုး ညီညွတ်ခြင်း မရှိပါ။ သို့သော်လည်း တိုင်းပြည်၏ ဒီမိုကရေစီ မျှော်လင့်ချက်များ အိပ်မက်ဆိုးများ အဖြစ်သို့ ပြောင်းလဲသွားရန် အလားအလာများ တိုးလာနေသည့်တိုင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို အကောင်းဘက်မှ ဆက်လက်ရှုမြင်နေကြသော အနောက်ကမ္ဘာ၏ သုံးသပ်ဆုံးဖြတ်မှုများလောက် စိတ်အနှောင့်အယှက်ဖြစ်ဖွယ် မကောင်းပါ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်း အွန်လိုင်းတွင် ဖော်ပြခဲ့သော Aung Zaw ၏ Violence Gives the Lie to Burma’s ‘Reforms’ ကို ဆီလျော်အောင် ဘာသာပြန်သည်)