အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်(ILO) နှင့် မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့ ပူးပေါင်းပြီး ပြည်တွင်းရှိ အလုပ်သမား အခွင့်အရေး ဆိုင်ရာများ လုပ်ဆောင်သွားမည်ဟု သိရသည်။
“အလုပ်သမားတွေ အခွင့်အရေး အပြည့်အဝရရေးနဲ့ သာယာတဲ့လုပ်ငန်းခွင် ဖြစ်ရေးပေါ့။ ဒါတွေကို အဓိကအရေးကြီးဆုံး လုပ်သွားမှာပါ”ဟု UMFCCI ဥက္ကဌ ဦးဝင်းအောင်က ပြောသည်။
ယင်းသို့ ဆောင်ရွက်မှု စတင်နိုင်ရန် နားလည်မှု စာချွန်လွှာ(MoU) လက်မှတ် ရေးထိုးပွဲကို ဇူလိုင် ၉ ရက်က ရန်ကုန်မြို့ UMFCCI ရုံးချူပ်တွင် နှစ်ဖက် တာဝန်ရှိသူများက လက်မှတ် ရေးထိုးခဲ့ကြပြီး အလုပ်ရှင် အဖွဲ့အစည်းများစွာ ဖွဲ့စည်းမှုဖြင့် စတင်သွားမည် ဖြစ် ကြောင်း ဦးဝင်းအောင်က ပြောသည်။
ILO က UMFCCI နှင့် ပူးပေါင်းပြီး အလုပ်ရှင် အဖွဲ့အစည်းများ ဦးစွာ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း၊ အဆိုပါ အဖွဲ့အစည်းများမှ တဆင့် အလုပ်သမားများနှင့် အလုပ်ရှင်များအကြား လိုအပ်သော ဝန်ဆောင်မှုများ ဆောင်ရွက်ပေးသွားမည်ဟုလည်း သတင်း ထုတ်ပြန်သည်။
ILO ၏ အဆိုပါ စီမံကိန်းကာလကို ယခုနှစ် ဇူလိုင် ၉ ရက်မှ စတင်ကာ ၂၀၁၆ ခုနှစ် ဧပြီလ အထိ သတ်မှတ်ထားကြောင်း သိရ သည်။
“အခုစပြီး သူတို့ဘက်က ပညာရှင် လက်ထောက် ဒီမှာ ရုံးစထိုင်ပါပြီ’’ဟု ဦးဝင်းအောင်က ပြောသည်။
ယခု ပူးပေါင်း လုပ်ဆောင်မည့် စီမံကိန်း အမည်ကို “Developing the Capacity of Employer Organization in Myanmar to Romote Decent work Principles and Sustainable Enterprises”ဟု ပေးထားပြီး အလုပ်ရှင်များ အရည်အသွေး မြှင့်တင်နိုင် ရေး အသိပညာပေး လုပ်ငန်းများလည်း ပါဝင်မည်ဟု ဆိုသည်။
လုပ်ဆောင်သွားမည့် အစီအစဉ်များနှင့်ပတ်သက်ပြီး ဦးဝင်းအောင်က “လုပ်ငန်းရှင်တွေ အားလုံးက တာဝန်ကိုလည်း သိဖို့လိုတယ်။ အလုပ်သမားတွေရဲ့ အခြေခံ လိုအပ်ချက်ပေါ့။ ဒါကို သိဖို့လိုတယ် အခြေခံ မဖြစ်မနေ ရထိုက်တဲ့ အခွင့်အရေးတွေ ပေးဖို့ပေါ့။ ဒါမျိုးတွေကို လုပ်ငန်းရှင်တွေ သိလာအောင် အသိပေး လုပ်မယ့် ပရိုဂရမ်တွေ ပါတယ်’’ဟု ပြောသည်။
ယင်းအစီအစဉ်များတွင် အလုပ်ရှင်နှင့် အလုပ်သမားများ အကြား အငြင်းပွားမှုများ ဖြစ်နေသည့် အချက်များကို ဝင်ရောက် ညှိနှိုင်း စေ့စပ်ပေးခြင်း၊ အလုပ်ရုံ ဆွေးနွေးပွဲများ လုပ်ဆောင်ပေးခြင်းတို့ကို ပြုလုပ်သွားမည်ဟု သိရသည်။
လက်ရှိ ပြည်တွင်းတွင် အလုပ်သမားများနှင့် ပတ်သက်၍ အနည်းဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရေးကို အကောင်အထည် ဖော်နိုင် ရန် လုပ်ဆောင်နေဆဲ ဖြစ်ပြီး အတည်မပြုနိုင်သေးသည့် အခြေအနေ ရှိနေသည်။
အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ်မှ ကောက်ယူထားသော စစ်တမ်းအရ အနည်းဆုံး လုပ်ခလစာ နှုန်းထားမှာ တနေ့လျှင် ၇၀၀၀ ကျပ် ဖြစ်ပြီး မြန်မာ့ ဖွံ့ဖြိုးတိုးတက်ရေး အရင်းအဖြစ် အဖွဲ့အစည်း (MDRI) က ကောက်ယူထားသော စစ်တမ်မှာလည်း အလားတူ နှုန်း ထား ဖြစ်ကြောင်း သိရသည်။
၂၀၁၃ ခုနှစ် မတ်လ၂၂ ရက်တွင် အတည်ပြု ပြဌာန်းခဲ့သော အနည်းဆုံး အခကြေးငွေ ဥပဒေနှင့် နောက်ဆက်တွဲ ဇူလိုင် ၁၂ ရက် တွင် ပြဌာန်းသော လုပ်ထုံးလုပ်နည်း ဥပဒေများကို ပြဌာန်းခဲ့သည်။ အလုပ်ရှင်၊ အလုပ်သမားနှင့် အစိုးရတို့ ပါဝင်သော အနည်း ဆုံး အခကြေးငွေ ဆိုင်ရာ ကော်မတီများ ဖွဲ့စည်းခဲ့ပြီး အနည်းဆုံး လုပ်ခ သတ်မှတ်ရေး အတွက် ဆွေးနွေးနေကြောင်းလည်း သိရသည်။