ရွေးကောက်ပွဲစနစ် တခုအား ပြန်လည် လေ့လာသုံးသပ်ရာတွင်ဖြစ်စေ အသစ်တခု ရွေးချယ်ရာတွင် ဖြစ်စေ ပထမဦးစွာ စဉ်းစားရန်မှာ ထိုရွေးကောက်ပွဲစနစ်အား မည်သို့ အသုံးချလိုသနည်း ဆိုသည့်အချက် ဖြစ်သည်။ မည်သည့် ရွေးကောက်ပွဲစနစ်မျှ မဲဆန္ဒရှင်များ၏ ဆန္ဒများအားလုံး သို့မဟုတ် ထိုလူ့အဖွဲ့အစည်း၏ ကွဲပြားခြားနားမှုများ သို့မဟုတ် ထိုလူအဖွဲ့အစည်းအတွင်းရှိ နိုင်ငံရေးပါတီများ၏ တည်ရှိနေပုံအား ရိုးရိုးရှင်းရှင်း ထင်ဟပ်နိုင်ခြင်း မရှိချေ။ ရွေးကောက်ပွဲ စနစ်တိုင်းသည် ၎င်း၏ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းရှိ လူမှုဝန်းကျင်အား တကြိမ်ပြီးတကြိမ် အကြိမ်ကြိမ် ပုံဖော်ကြပြီး ထိုသို့ပုံဖော်ခြင်းကို ရွေးကောက်ပွဲစနစ် တခုနှင့်တခု မတူကွဲပြားစွာ ပြုမူဆောင်ရွက်လေ့ရှိသည်။ ဤစာတမ်းတွင်
ရွေးကောက်ပွဲဆိုင်ရာ စာအုပ်စာတမ်းများ၌ တွေ့ရမည့် ရွေးကောက်ပွဲစနစ်များ၏ ရည်ရွယ်ချက်တချို့ကို ထုတ်နုတ် တင်ပြပြီး ၎င်းတို့နှင့်ပတ်သက်၍ လေ့လာသုံးသပ်ချက်ကို တင်ပြကာ ရွေးကောက်ပွဲစနစ်ကို ပိုမိုနားလည် သဘောပေါက်စေရန် ရေးသားတင်ပြထားသည်။
ပထမဦးစွာ ရွေးကောက်ပွဲစနစ်နှင့် ပတ်သက်၍ လူအများ၏ အခြေခံကောက်ချက်အား ရှင်းလင်းလိုပါသည်။ အများ၏ အဆိုအရ “အကောင်းဆုံးသော ရွေးကောက်ပွဲစနစ် ဆိုသည်မှာ မဲဆန္ဒရှင်များ၏ ဆန္ဒများအား အလွယ်ကူဆုံးနှင့် အမှန်ကန်ဆုံး ထပ်ဟပ်စေသည့်စနစ် ဖြစ်သည်” ဟု ဆိုပါသည်။ ရွေးကောက်ပွဲစနစ် ဆိုသည်မှာ သဘောသဘာဝအားဖြင့် လူများ၏ဆန္ဒအား စုစည်းကာ ရွေးကောက်ပွဲရလဒ်အဖြစ် အသွင်ပြောင်းပေးခြင်းသာ ဖြစ်သည်။ သို့သော် မည်သည့်စနစ်မျှ လူတဦးချင်းစီ၏ ဆန္ဒများအား လူအများစု၏ ရွေးချယ်မှုတခုအဖြစ်သို့ ဘက်လိုက်မှုကင်းကင်းဖြင့် အလွယ်တကူ အဖြေထုတ်နိုင်သည် မဟုတ်ချေ။ ထို့အပြင် ရွေးကောက်ပွဲစနစ်တိုင်းမှ ရရှိလာသော ရွေးကောက်ပွဲရလဒ်များသည် ဘက်လိုက်မှုကင်းသော ဖြစ်စဉ် မဟုတ်သည့်အလျောက် ရွေးကောက်ပွဲစနစ်တခုကို ရွေးချယ်အသုံးပြုလိုက်သည်နှင့် မဲဆန္ဒရှင်များ အနေဖြင့် တခြားသော စနစ်တခုအောက်တွင် ရရှိနိုင်မည့် ပြုမူပုံများနှင့် ရွေးချယ်ပုံများကို ရတော့မည် မဟုတ်ချေ။
ထိုကြောင့် ရွေးကောက်ပွဲစနစ်များသည် မဲဆန္ဒရှင်များ၏ ဆန္ဒများအား ဖော်ပြရာတွင် ချွင်းချက်များ ရှိနေသည့်အပြင် မဲဆန္ဒရှင်များ၏ အပြုမူကိုပါ ပုံဖော်နေပါသည်။ သို့ဖြစ်ပါ၍ မဲဆန္ဒရှင်များ၏ ရွေးချယ်မှုတိုင်းသည် ရွေးကောက်ပွဲစနစ်၏ သက်ရောက်မှုမှ ကင်းလွတ်ကာ လွတ်လွတ်လပ်လပ် ပြုမူနိုင်ကြသည် မဟုတ်ချေ။ ထို့ကြောင့် ရွေးကောက်ပွဲ စနစ်တိုင်းသည် မတူညီသော အဂတိ အစွဲတမျိုးမျိုးအပေါ်တွင် အခြေခံထားသောကြောင့် စနစ်တခုကို ရွေးချယ်ခြင်းဆိုသည်မှာ ဘက်တခု၊ အစွဲတခုကို ရွေးချယ်ခွင့်ရခြင်း သဘောသာ ဖြစ်ပါသည်။ တနည်းဆိုသော် မိမိကြိုက်နှစ်သက်ရာ မူဝါဒတခုကို ရွေးချယ်အသုံးပြုခြင်းဟု ဆိုပါက ဆိုနိုင်ပါသည်။ ထို့ကြောင့် ဘက်လိုက်မှုအစွဲ ပါသောစနစ်ကို တမင်ရွေးချယ်ခြင်း မဟုတ်လျှင်ပင်၊ ထိုသို့ရွေးချယ်လိုက်သည့် စနစ်၏ ရည်မှန်းချက် ပန်းတိုင်များကို ထုတ်ဖော်ပြောလာနိုင်ပါသည်။ အဂတိအမျိုးမျိုး၊ အစွဲအမျိုးမျိုးနှင့် ပေါင်းစပ်ထားသည့် စနစ်အမျိုးအမည်များ ရှိလာသည်နှင့်အမျှ ရည်မှန်းချက်အမျိုးမျိုး၊ ပန်းတိုင်အမျိုးမျိုး ပေါ်ပေါက်လာရပါသည်။ ရွေးကောက်ပွဲစနစ်က ပေါ်ထွက်စေတတ်သော ရလဒ်များနှင့် တွဲဖက် စဉ်းစားလိုက်သောအခါ ထိုရည်မှန်းချက် ပန်းတိုင်များသည် လူအဖွဲ့အစည်းအတွင်း နေထိုင်သူများ၏ လုပ်ငန်းရည်ရွယ်ချက်များ ဖြစ်နေကြသလို ရှောင်ရှားလိုသော အချက်များလည်း ဖြစ်နေကြပါသည်။ တနည်းဆိုသော် ထိုရည်မှန်းချက်များကို အများအပြား ရေးချနိုင်ပြီး ထိုရည်မှန်းချက်များသည် ကြောင်းကျိုးမဆီလျော်ဘဲ တဖက်သတ် ဆန်နေနိုင်ပါသည်။
နောက်ဆုံး သတိချပ်စရာ အချက်တချက်မှာ ကျွနု်ပ်တို့အနေဖြင့် ရည်မှန်းပန်းတိုင်များအား အကောင်အထည် ဖော်ရာတွင် မည်သည့် ရွေးကောက်ပွဲ စနစ်မျိုးဖြစ်စေ ရွေးကောက်ပွဲစနစ် တခုတည်းဖြင့် လုံးလုံးလျားလျား အကောင်အထည် ဖော်နိုင်သည် မဟုတ်ချေ။ ရွေးကောက်ပွဲ စနစ်များသည် နိုင်ငံရေးသမားများနှင့် ၎င်းတို့၏ မဲဆန္ဒရှင်များ၏ အမူအကျင့်တို့အပေါ် လွှမ်းမိုးပုံဖော်သည်ဟု ဆိုရာတွင် အမှန်တကယ်အားဖြင့် အစိတ်အပိုင်း တခုမျှသာဖြစ်ပြီး နိုင်ငံရေး အမူအကျင့်အပေါ်တွင် ဖြစ်စေ ရွေးကောက်ပွဲစနစ်သည် တစိတ်တဒေသသာ လွှမ်းမိုးပုံဖော်နိုင်ပါသည်။ ရွေးကောက်ပွဲ စနစ်အား ပြောင်းလဲလိုက်ရုံဖြင့် လူ့အဖွဲ့အစည်းကြီး တခုလုံး နေချင်းညချင်း ပြောင်းလဲသွားမည် မဟုတ်ချေ။ ရွေးကောက်ပွဲ၏ ရလဒ်အဖြေ ပြောင်းလဲနိုင်သည့် အလားအလာ အခြေအနေမျိုး ဖန်တီးစီစဉ်နိုင်လင့်ကစား လူအဖွဲ့အစည်း၏ အမူအကျင့်မှာ နေချင်းညချင်း ပြောင်းလဲမည်ဟု မျှော်လင့်၍မရ၊ တဖြည်းဖြည်းခြင်းသာ ပြောင်းလဲမည်ဖြစ်သည်။ သို့သော်လည်း ထိုတဖြည်းဖြည်းချင်း တဆင့်ချင်း ပြောင်းလဲဖြစ်ထွန်းမှုသည် တခါတရံ အလွန်ကြီးမားသော ပြောင်းလဲမှုပင်ဖြစ်သည်။
ရည်မှန်းချက် ၆ ခု
ရွေးကောက်ပွဲစနစ်များ၏ ရည်မှန်းချက်ဟု ဆိုလိုက်သည်နှင့် ရည်မှန်းချက် ၆ ခု စိတ်ထဲတွင် ဝင်လာသည်။ တချို့သော ရည်မှန်းချက်များသည် တခုနှင့်တခု လိုက်လျောညီထွေ ဖြစ်သော်လည်း တချို့မှာ တခုနှင့်တခု ဝိရောဓိ ဖြစ်နေကြသည်။ ထို့ကြောင့်ပင်လျှင် တခုခုအား ဦးစားပေးရွေးချယ်ရာတွင် အဘယ်ကြောင့် ရွေးချယ်ရသည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း သိရှိရန် အလွန်အရေးကြီးပါသည် (ရွေးကောက်ပွဲစနစ်များကို အကောင်အထည် ဖော်ရာတွင် တနေရာနှင့် တနေရာ မတူညီနိုင်သည့် အလျောက် ရွေးကောက်ပွဲစနစ်များကို ရွေးချယ်အသုံးပြုရာတွင် လက်ရှိ နိုင်ငံရေးဝန်းကျင်၏ အခြေအနေ အရပ်ရပ်တို့နှင့် ကိုက်ညီသည့်စနစ်ကို အမှန်တကယ် ရွေးချယ်အသုံးပြုရန်လည်း လိုအပ်သည်)။ ရွေးကောက်ပွဲ စနစ်များ၏ ဖြစ်နိုင်ခြေအရှိဆုံး အဓိကရည်မှန်းချက် ၆ ခုမှာ အောက်ပါအတိုင်း ဖြစ်သည်။
(၁) ဆန္ဒမဲနှင့် အချိုးညီသော ကိုယ်စားပြုမှု၊ (၂) မဲဆန္ဒနယ်အား တာဝန်ခံမှု၊ (၃) ခိုင်မာသည့် အစိုးရဖွဲ့စည်းနိုင်မှု၊ (၄)
မဲဆန္ဒရှင်အများဆုံး ကြိုက်နှစ်သက်သူသာ အနိုင်ရခြင်း (Condorcet winner)၊ (၅) မတူညီသော လူမျိုးစု တိုင်းရင်းသားများ၊ မတူညီသော ဘာသာရေးအဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်နိုင်မှု၊ (၆) လူနည်းစု ကိုယ်စားလှယ်များ ရွေးကောက်တင်မြောက်ခံရခြင်း စသည်တို့ ဖြစ်သည်။ ဆက်လက်၍ ရည်မှန်းချက်တရပ်ချင်းအား ဆွေးနွေးလိုပါသည်။
(၁) ဆန္ဒမဲနှင့် အချိုးညီသော ကိုယ်စားပြုမှု ။ ။ ပညာရှင်များနှင့် ဆုံးဖြတ်ချက်မှတ်သူ အများစုမှာ ရွေးကောက်ပွဲစနစ်များ၏ အရည်အသွေးများအား အကဲဖြတ်ရာတွင် ဆန္ဒမဲများအား အချိုးညီသော ကိုယ်စားပြုမှုရလဒ် အဖြစ်သို့ ပြောင်းလဲနိုင်ခြင်း ရှိ၊ မရှိ ဟူသော အချက်အပေါ် ပိုမိုအခြေခံလာကြသည်။ ဆိုလိုသည်မှာ အကယ်၍ လူထုထောက်ခံမှုသည် ပါတီတခုတည်းတွင် စုမနေဘဲ အနည်းငယ် ပြန့်ကြဲနေသော နယ်မြေတွင် ကျင်းပသော ရွေးကောက်ပွဲမျိုးတွင် မဲအရေအတွက် ရာခိုင်နှုန်း ၂၀ ရာခိုင်နှုန်း ရရှိသော နိုင်ငံရေးပါတီသည် ကိုယ်စားလှယ် အရေအတွက် ထိုရာခိုင်နှုန်း ထက်နည်းသော သို့မဟုတ် တဦးမျှ ရွေးချယ်မခံရခြင်းမျိုး မဖြစ်သင့်ဘဲ ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်း မဖြစ်မနေ ရရှိရမည်ဖြစ်သည်။ မဲအရေအတွက် ၅၀ ရာခိုင်နှုန်းရရှိသော ပါတီအနေဖြင့်လည်း ဤအယူအဆအရ ကိုယ်စားလှယ် အရေအတွက် ၅၀ ရာခိုင်နှုန်းသာ အရွေးချယ်ခံရသင့်ပြီး ၆၀ သို့မဟုတ် ၆၅ ရာခိုင်နှုန်း အရွေးချယ် ခံရခြင်းမျိုး မဖြစ်သင့်ချေ။ ဤအယူအဆအား အသေးစိတ် ဆက်လက်ဆွေးနွေးလိုပါသည်။
စာရင်းအလိုက် ကိုယ်စားပြုမှုစနစ် (PR) – (အဓိကအမျိုးအစားနှစ် မျိုးဖြစ်သည့် နိုင်ငံအဆင့်စာရင်းနှင့် မဲဆန္ဒနယ် အခြေပြုစာရင်း) အပါအဝင် လွှဲပြောင်း၍ရနိုင်သော တမဲတည်းစနစ် (Single Transferable Vote – STV) စသည့် စနစ်များအား အသုံးပြုကာ အချိုးကျစွာ ကိုယ်စားပြုသည့် ရွေကောက်ပွဲရလဒ်အား အနည်းနှင့်အများ ဆိုသလို ရယူနိုင်ပါသည်။ ဤရွေးကောက်ပွဲ စနစ်များအား အချိုးကျရလဒ် မဟုတ်ဘဲ တခြားသော ရည်ရွယ်ချက်များ အတွက် တခြားသော ရွေးကောက်ပွဲစနစ်များနှင့် ပေါင်းစပ်ကာ အသုံးပြုကြသော်လည်း PR စနစ်သည် တခြားရွေးကောက်ပွဲ စနစ်များ၏ ရလဒ် ရည်ရွယ်ချက်နှင့် တခါတရံ စပ်ဟပ်မှု မရှိသည်ကို တွေ့ရသည်။ ထိုအကြောင်းအား နောက်ပိုင်းတွင် ဆက်လက်ရှင်းလင်းပါမည်။ အချိုးကျစွာ ကိုယ်စားပြုနိုင်သည့် ရွေးကောက်ပွဲ ရလဒ်သည်သာ တရားမျှတသော ရလဒ်ဖြစ်သည်ဟူသော အယူအဆတွင် အခြေခံသည့် မျှော်မှန်းချက်သည် ရွေးကောက်ပွဲ၏ ရည်မှန်းချက်များထဲမှ တခုသာဖြစ်ဖြစ်ပြီး တခုတည်းသော အရေးအကြီးဆုံး ရည်မှန်းချက်တော့ မဟုတ်ချေ။ သို့သော် ထင်သာမြင်သာရှိပြီး တိုင်းတာ၍ ရနိုင်ခြင်းကြောင့်သာလျှင် အချိုးကျမှုရလဒ်သည် တခြားသော ရည်မှန်းချက်များ အားလုံး၏ ရှေ့တန်းတွင် တည်ရှိနေခြင်းဖြစ်သည်။ အချိုးကျ ကိုယ်စားပြုနိုင်မှုအား တခြားသော ရည်မှန်းချက်များ မပါဝင်ဘဲ ဆွေးနွေး နှီးနှောခြင်းသည် အချဉ်းအနှီးသာ ဖြစ်သည်။
ရွေးကောက်ပွဲစနစ်ကြောင့် မဟုတ်ဘဲ အချိုးအစား မညီမှုများကို ပေါ်ပေါက်စေသည့် တခြား အကြောင်းအရင်းများကို ဂရုစိုက် လေ့လာခြင်းအားဖြင့် PR စနစ် မဟုတ်သော တခြား ရွေးကောက်ပွဲစနစ်များတွင် ဖြစ်ပေါ်သော အချိုးအစား မညီမှုများကို နည်းပါးအောင် လုပ်နိုင်ပါသည်။ ထိုအကြောင်းအရင်းများတွင် မဲဆန္ဒနယ်မြေ သတ်မှတ်ရေးဆွဲရာတွင် အချိုးမညီခြင်းသည် ရွေးကောက်ပွဲရလဒ် အချိုးမညီမှုအား အဆိုးဝါးဆုံး ဖြစ်ပေါ်စေသော အဓိက အကြောင်းအရင်းတရပ် ဖြစ်သည် (မဲဆန္ဒနယ် မညီမျှမှုသည် ကိုယ်စားလှယ်လောင်း တဦးအား ရွေးချယ်ရာတွင် တခြား မဲဆန္ဒနယ်များထက် မဲဆန္ဒရှင် ဦးရေ ၂ ဆ၊ ၃ ဆ ပို၍ မဲထည့်ရခြင်းမျိုးများကို ဖြစ်စေသည်)။ PR စနစ်တွင်လည်း ထိုနည်းအတိုင်းပင်။ အမတ်နေရာ အများအပြား ရွေးချယ်ရသော မဲဆန္ဒနယ်များတွင် ပါတီတခုချင်းစီက ကိုယ်စားလှယ်လောင်း အများအပြားကို စေလွှတ်ယှဉ်ပြိုင်ခိုင်းလျှင် မဲဆန္ဒနယ်ခွဲခြမ်းမှု အချိုးမညီခြင်းကြောင့် ပါတီကြီးများကို အခွင့်အလမ်း ပိုမိုရရှိစေမည့် ရလဒ်များဖြစ်စေနိုင်ပါသည်။
(၂) မိမိ၏ မဲဆန္ဒနယ်အား တာဝန်ခံမှု ။ ။ လွှတ်တော်အမတ်များသည် သူတို့ကို ရွေးချယ်လိုက်သည့် မဲဆန္ဒရှင်များအား တစုံတခုသော အတိုင်းအတာအထိ တာဝန်ခံနိုင်ရမည် ဟုယူဆပြီး ရွေးကောက်ပွဲများကို ကျင်းပကြခြင်းဖြစ်သည်။
ကိုယ်စားလှယ်လောင်းများအား ပါတီဗဟိုခေါင်းဆောင်များက ရွေးချယ်ပေးနေခြင်းကို ကန့်သတ်တားမြစ်သော ရွေးကောက်ပွဲ စနစ်ကြောင့် မဲဆန္ဒနယ်များအား ပိုမိုတာဝန်ခံနိုင်သည့် ကိုယ်စားလှယ်များ ပိုမို အရွေးခံရနိုင်သည်ဟု ယေဘုယျ ဆိုနိုင်ပါသည်။ နိုင်ငံအဆင့်စာရင်း PR စနစ်သည် ရွေးကောက်ပွဲတွင် မည်သူ့အား ရွေးချယ်တင်မြောက်မည် ဆိုသည့် အခွင့်အာဏာအား ပါတီခေါင်း ဆောင်များထံတွင် ပိုမိုအပ်နှံထားသည်။ ထိုသို့ ပါတီ၏ ဗဟိုခေါင်းဆောင်များတွင် ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းများနှင့် ပတ်သက်သည့် လုပ်ပိုင်ခွင့်များ တည်ရှိနေခြင်းသည် မဲဆန္ဒရှင်များအနေဖြင့် ၎င်းတို့နှစ်သက်သည့် ကိုယ်စားလှယ်အား ရွေးချယ်ခွင့်ရခြင်းထက် ပါတီခေါင်းဆောင်များ သတ်မှတ်ရွေးချယ်ထားသော ကိုယ်စားလှယ်များကိုသာ ရွေးချယ်ခွင့်ရစေသည်။
ဤသို့သော အခြေအနေမျိုးတွင် မဲဆန္ဒနယ် အခြေခံစနစ်များဖြစ်သည့် မဲအများဆုံးရသူ အနိုင်ရသည့်စနစ် First-past-the-post (FPTP) နှင့် မဲဆန္ဒအခြေခံ စာရင်း PR စနစ် (ကိုယ်စားလှယ်နေရာ ၃ နှင့် ၄ နေရာခန့်သာရှိသော မဲဆန္ဒနယ်) စနစ်မျိုးကသာ ပိုမိုအဆင်ပြေ ကောင်းမွန်သည်ဟု ဆိုရပါမည်။ သို့သော်လည်း စာရင်း PR စနစ်တွင် ပါတီဗဟို ခေါင်းဆောင်များ၏ ချုပ်ကိုင်မှုအား လျှော့ချနိုင်သည့် နည်းလမ်းများ ရှိပါသည်။ တနည်းမှာ မဲဆန္ဒရှင်များအား
၎င်းတို့နှစ်သက်ရာ ကိုယ်စားလှယ်ဦးစားပေး အစီအစဉ်အား ပြောင်းလဲခွင့်ပေးခြင်း ဖြစ်သည်။ (ဥပမာ – အမှတ်စဉ် ၃ နေရာတွင်ရှိသော ကိုယ်စားလှယ်အား မရွေးချယ်ဘဲ အမှတ်စဉ် ၆ တွင် ရှိနေသော ကိုယ်စားလှယ်အား ရွေးချယ်ခြင်း)။ ဤနည်းလမ်းတွင် သတိချပ်ရန်မှာ တိုင်းရင်းလူမျိုးစုများပြားသော ဒေသများတွင် မမျှော်လင့်ထားသော ရွေးကောက်ပွဲ ရလဒ်များ ထွက်ပေါ်လာစေသည်။
(၃) ခိုင်မာသော အစိုးရ။ ။ ရွေးကောက်ပွဲ စနစ်တခုသည် မဲဆန္ဒရှင်တဦးချင်း၏ သီးခြားအကြိုက် ဆန္ဒများအားလုံးအား ကိုယ်စားပြု ဖော်ပြနိုင်မည် မဟုတ်ချေ။ သို့သော် တချို့သော ရွေးကောက်ပွဲစနစ်များသည် ထိုသို့ အမျိုးမျိုးကွဲပြားနေသာ မဲန္ဒရှင်များ၏ အမြင်အားလုံးအား ထင်ဟပ်ရန် ကြိုးစားကြသည်။ သို့ရာတွင် ထိုသို့မြောက်များလှသော ကွဲပြားခြားနားသော အမြင်များအား ထင်ဟပ်ရန် အားထုတ်ခြင်းဖြင့် အဆုံးသတ်တွင် မည်သည့်ပါတီမျှ ကိုယ်စားလှယ် ၅၀ ရာခိုင်နှုန်းနီးပါး မရတော့ဘဲ ဂိုဏ်းဃဏ အကွဲပြဲများဖြင့်သာ အဆုံးသတ်ရလေ့ရှိသည်။ ထိုအခြေအနေမျိုးတွင် ညွန့်ပေါင်းဖွဲ့စည်းရန် လိုအပ်သည်။ သို့သော်လည်း လွှတ်တော်အတွင်းရှိ ဂိုဏ်းဃဏ ကွဲပြားမှုမှာ နက်ရှိုင်းသည်နှင့်အမျှ ထိုညွန့်ပေါင်းအဖွဲ့၏ ခိုင်မာမှုမှာ ရေရှည်တည်တံ့ မည်မဟုတ်ချေ။ အကယ်၍ ထိုသို့သော အမြင်ကွဲပြားမှုများသည် ပါတီများကြားတွင် ဖြစ်ခြင်းထက် ပါတီအတွင်း၌သာ ဖြစ်ပေါ်ပါက လွှတ်တော်အတွင်း ပါတီအရေအတွက်ကို လျှော့ချနိုင်သည့်အပြင် ပိုမိုခိုင်မာသော အစိုးရအား ဖွဲ့စည်းနိုင်မည်ဖြစ်သည်။ မူဝါဒများ တည်ငြိမ်ခိုင်မာမှု၊ တာဝန်ခံနိုင်မှုတို့ကြောင့် ခိုင်မာသော အစိုးရတရပ် ဖွဲ့စည်းနိုင်ခြင်းသည် အရေးကြီးပါသည်။ အားနည်းသော သို့မဟုတ် ခန့်မှန်းရခက်သော ညွန့်ပေါင်း အစိုးရများကို ရှောင်ရှားနိုင်ခြင်း၊ အစိုးရတဖွဲ့နှင့် တဖွဲ့ကြား ကြားဖြတ်ကာလများတွင် ဖြစ်တတ်သော မတည်ငြိမ်မှုများကို ရှောင်ရှားနိုင်ခြင်းတို့ကြောင့် ခိုင်မာသော အစိုးရတရပ် ဖွဲ့စည်းနိုင်ခြင်းသည် ပိုအရေးကြီးပါသည်။
(၄) လူအများ အမှန်တကယ် ထောက်ခံသူ (Condorcet Winner) သာ ရွေးချယ်ခြင်း ။ ။ လူအများ အမှန်တကယ် ထောက်ခံသူ (ဝါ) ကွန်ဒိုဆေး ကိုယ်စားလှယ်ဆိုသည်မှာ ဝင်ရောက်ယှဉ်ပြိုင်သူ တခြားသော မည်သည့် ကိုယ်စားလှယ်လောင်း နှင့်မဆို တဦးချင်းနှိုင်းယှဉ်ပါက မဲအများဆုံးရသူ ကိုယ်စားလှယ်ဖြစ်သည်။ ထို့ကြောင့် ကွန်ဒိုဆေး အနိုင်ရသူသည် လူအများစုက ထောက်ခံသူ ရွေးချယ်သူအဖြစ် သတ်မှတ်ပါသည်။ သို့သော်လည်း ရွေးကောက်ပွဲတိုင်းတွင် ကိုယ်စားလှယ်လောင်း တဦးထက်မက ပါဝင်ယှဉ်ပြိုင်ကြသည့် အလျောက် တချို့သော ရွေးကောက်ပွဲ စနစ်များသည် ကွန်ဒိုဆေး ကိုယ်စားလှယ် မပေါ်ပေါက်စေသည့် ရွေးကောက်ပွဲ ရလဒ်များ ထွက်ပေါ်စေပါသည်။ တခါတရံ FPTP စနစ်တွင် ၎င်းအခြေအနေမျိုးကို တွေ့ရသည်။ ဥပမာ – ကိုယ်စားလှယ် X သည် မဲ ၄၅ ရာခိုင်နှုန်း၊ ကိုယ်စားလှယ် Y သည် ၄၀ ရာခိုင်နှုန်း၊ ကိုယ်စားလှယ် Z သည် ၁၅ ရာခိုင်နှုန်း အသီးသီးရရှိသည် ဆိုပါစို့။ FPTP စနစ်တွင် ကိုယ်စားလှယ် X သည် အနိုင်ရသူဖြစ်သည်။ သို့သော် အကယ်၍ ကိုယ်စားလှယ် Y နှင့် X နှစ်ဦးတည်းသာ နှိုင်းယှဉ်ပါက Y သည် လူအများက ထောက်ခံသူ ဖြစ်ကောင်းဖြစ်လာနိုင်သည်။ ထို့အတူပင် ကိုယ်စားလှယ် Z နှင့် နှိုင်းယှဉ်ရာတွင်လည်း Y သည်သာ လူကြိုက်များသော ကိုယ်စားလှယ် ဖြစ်နိုင်သည်။ ထိုကြောင့် ကွန်ဒိုဆေး အနိုင်ရသူကို အားမပေးသည့် ရွေးကောက်ပွဲ စနစ်မျိုးအား ပြည့်စုံမှုမရှိသော စနစ်ဟု ဆိုရပါမည်။ သို့သော်လည်း ၎င်းစနစ်တို့တွင်လည်း သက်ဆိုင်ရာ အားသာချက် အများအပြားရှိနေသည်မှာ ငြင်းဆန်ဖွယ်ရာ မရှိချေ။
မည်သို့ပင်ဆိုစေ ကွန်ဒိုဆေး ကိုယ်စားလှယ်အား ကောင်းမွန်စွာ ရွေးချယ်ပေးနိုင်သည့် ရွေးကောက်ပွဲ စနစ်များ အများအပြား ရှိနေပါသည်။ ဒုတိယ လူကြိုက်အများဆုံး ကိုယ်စားလှယ်များကို FPTP စနစ်တွင် မပေါ်ထွက်စေသော်လည်း AV (Alternative Vote) နှင့် Coombs စနစ်ကြောင့် ပေါ်ထွက်စေပါသည်။ ဤစနစ် နှစ်မျိုးလုံးတွင်လည်း အားနည်းချက် တချို့ကို မလွဲမသွေ တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲစနစ်တခုအား ရွေးချယ်ခြင်းဆိုသည်မှာ ပထမဦးစွာ မိမိ၏ လိုအပ်ချက်အား ရှင်းရှင်းလင်းလင်း သိမြင်ခြင်းနှင့် ရွေးချယ်စရာ စနစ်အများအပြား အနက်မှ တခုအား ရွေးခြယ်ခြင်းသာ ဖြစ်သည်။ ရွေးချယ်လိုက်သည့် မည်သည့်စနစ်၌မဆို အားနည်းချက်များ ရှိနေမည်သာ ဖြစ်သည်။
(၅) တိုင်းရင်းသား လူမျိုးစုများနှင့် ဘာသာရေးမတူညီမှုများ သင့်မြတ်ပေါင်းစည်းခြင်း ။ ။ အချိုးကျကိုယ်စားပြုမှု သို့မဟုတ် မဲဆန္ဒရှင်များအား တာဝန်ခံမှု သို့မဟုတ် ခိုင်မာသော အစိုးရဖွဲ့စည်းနိုင်မှု စသည့် ရွေးကောက်ပွဲရလဒ်များ ဖန်တီးပေးနိုင်သော ရွေးကောက်ပွဲစနစ်သည် တိုင်းရင်းသား လူမျိုးစုများ သင့်မြတ်ပေါင်းစည်းရေးအား ဖန်တီးပေးနိုင်ရန်မှာ မသေချာချေ။ ရွေးကောက်ပွဲစနစ်များနှင့် တိုင်းရင်းသားလူမျိုးစုများ သင့်မြတ်ပေါင်းစည်းရေး၏ ဆက်စပ်မှုအား စဉ်းစားရာတွင် လက်ရှိ အသုံးပြုနေသော ရွေးကောက်ပွဲစနစ်သည် ရွေးကောက်ပွဲတွင် အနိုင်ရရန် နိုင်ငံရေး သမားများအား တခြားသော တိုင်းရင်းသားများနှင့် အလျှော့အတင်း ပြုလုပ်၍ ညှိနှိုင်းဆက်ဆံရန် အခြေအနေ ဖန်တီးပေးထားခြင်း ရှိမရှိအား လေ့လာရမည်ဖြစ်သည်။ တချို့သော ရွေးကောက်ပွဲစနစ်များသည် ထိုအခြေအနေမျိုးအား ဖန်တီး ပေးတတ်ကြသည်။ လက်ဘနွန်နိုင်ငံတွင် စတင် တီထွင်ကျင့်သုံးခဲ့သော ရွေးကောက်ပွဲစနစ်သည် တိုင်းရင်းသား လူမျိုးစုများအတွက် ကိုယ်စားလှယ်နေရာ၊ ကိုယ်စားလှယ် တဦးထက် ပိုရွေးချယ်သော မဲဆန္ဒနယ်နှင့် ကိုယ်စားလှယ် တယောက်ချင်းစီကို တနိုင်လုံးရှိ မဲဆန္ဒရှင်များက ရွေးချယ်ရသော ရွေးကောက်ပွဲ (Common-roll election) များ စသည်ဖြင့် သတ်မှတ်ထားခြင်းဖြင့် မိမိအားထောက်ခံသူများ သက်သက်ဖြင့် အနိုင်မရနိုင်သော နိုင်ငံရေးသမားများအား တခြားသော အဖွဲ့များနှင့် အတူတကွ ပူးပေါင်းလာစေရန် အခွင့်အလမ်းများ ပံ့ပိုးထားသည်။ မဲဆန္ဒနယ် တခုတည်းတွင် ဖြစ်သော်လည်း သီးခြားပုံသေ သတ်မှတ်ထားသော အမတ်နေရာများအတွက် ပါဝင်ယှဉ်ပြိုင်ကြသော တခြားသော ကိုယ်စားလှယ်များ၏ ထောက်ခံမဲများ ဖလှယ်ခြင်းဖြင့် မဲများ စုဆောင်းနိုင်သည်။ ထို့နည်းတူပင် တိုင်းရင်းသား လူမျိုးစုများ တနေရာတည်းတွင် စုစည်းနေသည့် လူမျိုးစုဒေသမျိုးဖြစ်ပြီး နယ်မြေနှင့် တိုင်းရင်းသားအရေးသည် အတူတူဖြစ်နေသည် ဆိုပါက တနိုင်ငံလုံး၏ ထောက်ခံမှုအပြင် ဒေသဆိုင်ရာ ထောက်ခံ လိုအပ်သော စနစ်မျိုးတွင် တခြားအဖွဲ့များနှင့် သင့်မြတ် ပူးပေါင်းဆောင်ရွက်ရန် အခွင့်အလမ်း ပိုမိုများပြားသည်။ နိုက်ဂျီးရီးယားနိုင်ငံတွင် ၎င်း၏ သမ္မတ ရွေးကောက်ပွဲအား ဤနည်းဖြင့် ချဉ်းကပ်သကဲ့သို့ အင်ဒိုနီးရှား နိုင်ငံသည်လည်း အလားတူ လမ်းကြောင်းသို့ ဦးတည်နေသည်ကို တွေ့ရသည်။
ထို့ကြောင့် အကယ်၍ ရွေးကောက်ပွဲ စနစ်တခုသည် နိုင်ငံရေးသမားများအား ပူးပေါင်းဆောင်ရွက်စေသည့် အလေ့အကျင့် နှင့် အခြေအနေမျိုးအား ဖန်တီးထားခြင်း မရှိပါက ရွေးကောက်ပွဲအလွန် ကာလတွင် ပူးပေါင်းဆောင်ရွက်ရန် အလွန်ပင် ခက်ခဲပါလိမ့်မည်။ အကယ်၍ ပူးပေါင်း နိုင်ခဲ့လျှင်လည်း ထိုပူးပေါင်းမှုသည် အစိုးရဖွဲ့ရန် လိုအပ်သော ၅၁ ရာခိုင်နှုန်းအတွက် ပူးပေါင်းခြင်းသာဖြစ်သဖြင့် တိုင်းရင်းသားရေးရာ ပြဿနာများ ပေါ်ပေါက်လာပါက အလွယ်တကူ အစည်းပြေသွားလေ့ ရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် တိုင်းရင်းသားလူမျိုးစုများ အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရေးနှင့် ပတ်သက်ပါက ရွေးကောက်ပွဲစနစ် တခုအနေဖြင့် နိုင်ငံရေးသမားများနှင့် ပါတီများ၏ ရွေးကောက်ပွဲ အကြိုကာလ တင်ကြို တွက်ချက်မှုများအား မည်သို့သက်ရောက်စေသည်ကို စဉ်းစားရန်ဆင်ခြင်ရန်ပင် ဖြစ်သည်။
(၆) လူနည်းစု အားရွေးချယ်တင်မြှောက်ခြင်း။ ။ အချို့သော စာရေးသူ၊ ပညာရှင်များနှင့် တိုင်းရင်းသား လူမျိုးစုအရေး တက်ကြွလှုပ်ရှားသူများက လူမျိုးစုအဖွဲ့လိုက် ကိုယ်စားပြုမှု အချိုးညီမှုသည် ရွေးကောက်ပွဲစနစ်၏ ရည်မှန်းချက်တခု ဖြစ်သင့်သည်ဟု ဆိုကြပါသည်။ ဤ (အငြင်းပွားဖွယ်ရာ) အဆိုအရ အကယ်၍ လူမျိုးစု A သည် လူဦးရေ၏ ၁၀ ရာခိုင်နှုန်း ရှိပါက လွှတ်တော်အတွင်းရှိ ကိုယ်စားလှယ် အရေတွက်၏ ၁၀ ရာခိုင်နှုန်း ကိုယ်စားပြုခွင့် ရသင့်ပါသည်ဟု ဆိုပါရမည်။ သို့သော် ကိုယ်စားပြုမှုအား ရွေးကောက်ပွဲရလဒ် အချိုးညီမှုအဖြစ်သာ ရှုမြင်ကြသည့်အပြင် ထိုအုပ်စုများသည် လူဦးရေ တခုလုံးနှင့်စာလျှင် အလွန်နည်းပါးသည့် ပမာဏဖြစ်သည့်အတွက် ရွေးကောက်ပွဲစနစ် အများစုသည် လူနည်းစုများ အတွက် အလွန်နည်းပါးသော လွှတ်တော်အမတ်နေရာသာ ရွေးချယ်ပေးလေ့ရှိပါသည်။ လူနည်းစု တိုင်းရင်းသားများ နေရာအနှံ ပျံ့ကျဲနေထိုင်သော ဒေသတွင် FPTP စနစ်ဖြင့် ရွေးကောက်ပွဲကျင်းပပါက လူများစု ကိုယ်စားလှယ်သည်သာ အနိုင်ရနိုင်ပါသည်။ ထိုကြောင့် လူနည်းစု ကိုယ်စားလှယ်အား ရွေးချယ် တင်မြောက်ခြင်းဟူသော ရည်မှန်းချက်သည်လည်း မဲအရေအတွက်နှင့် အမတ်နေရာအရေအတွက် အချိုးညီအောင် ကြိုးပမ်းမှုနှင့် အတူတူသာ ဖြစ်သည်ဟု မြင်ရနိုင်ပါသည်။ သို့သော် ဤနေရာတွင်တော့ လူမျိုးစုအလိုက် အချိုးညီမှု မဟုတ်ဘဲ ပါတီအလိုက် အချိုးညီမှု ဖြစ်ပါသည်။
နိုင်ငံအချို့၊ အထူးသဖြင့် အမေရိကန်နိုင်ငံတွင် လွှတ်တော်တွင်း လူနည်းစုများ၏ ကိုယ်စားပြုမှုအား မြှင့်တင်ရန် အပြင်းအထန် အားထုတ်လျက်ရှိသည်။ လူမျိုးစုတူများ တစုတဝေးတည်း နေထိုင်ရာဒေသများအဖြစ် ဖန်တီးနိုင်ရန် မဲဆန္ဒနယ်များကို ပြန်လည်သတ်မှတ် ရေးဆွဲခြင်းအားဖြင့် မဲပေးခွင့် ဥပဒေအား Plurality စနစ် ရွေးကောက်ပွဲပုံစံမျိုးတွင်
ပြန်လည် အဓိပ္ပါယ်ဖွင့်ထားကြသည်။ ထိုသို့ လုပ်ဆောင်မှသာ အဆိုပါ နယ်မြေများတွင် လူနည်းစုများက လူဦးရေ ထက်ဝက်ကျော်နေထိုင်ပြီး လူနည်းစု ကိုယ်စားလှယ်များကို ရွေးချယ် တင်မြှောက်နိုင်မည်ဖြစ်သည်။ ထိုရည်ရွယ်ချက် အထမြောက်စေရန် ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲဖို့ တချို့ကလည်း အကြုံပြုပါသည်။ တချို့သော လူနည်းစု အခွင့်အရေး လှုပ်ရှားသူများက မိမိကြိုက်နှစ်သက်သူကိုသာ မဲစုပုံထည့်သည့်နည်း (Cumulative Vote) အား အသုံးပြုရန် ဆော်သြကြသည်။ ထိုစနစ်အရ မဲဆန္ဒရှင်တဦးထက် ပိုရွေးကောက်သော မဲဆန္ဒနယ်မြေများတွင် မဲဆန္ဒရှင်များအား ၎င်းတို့နှစ်သက်ရာ ကိုယ်စားလှယ်လောင်းအား စုပုံမဲပေးခွင့်ပြုခြင်းအားဖြင့် လူနည်း ကိုယ်စားလှယ်လောင်းများထံတွင် မဲများစုပုံနေပြီး ထောက်ခံသူများသော်လည်း ထိုထောက်ခံသူများ တနေရာတည်းတွင် စုစုဝေးဝေး ရှိမနေသည့် ကိုယ်စားလှယ်လောင်းမျိုးအား ကျော်ဖြတ်ကာ အနိုင်ရစေပါသည်။ တမျိုးတမည်သော မဲဆန္ဒရှင်အုပ်စုတခုလုံးကို သိမ်းကျုံးဆွဲဆောင်ရန် ကိုယ်စားလှယ်လောင်းများက အစွန်းရောက် အယူအဆများကို စွဲကိုင်ရန် လိုအပ်သဖြင့် ထိုနည်းသည် နိုင်ငံရေးတွင် အုပ်စုကွဲပြားမှုအား ပိုမိုအားပေးသလို ဖြစ်တတ်ပါသည်။
သို့သော်လည်း ဤအခြေအနေမျိုးသည် လူနည်းစု ကိုယ်စားလှယ်များ ရွေးချယ်ခံရရေးနှင့် လူမျိုးစုများ ပြန်လည် ရင်ကြားစေ့ရေးဆိုသည့် ရည်မှန်းချက်များ အထမြောက်အောင် လူမျိုးစု အုပ်စုများအကြား အပြန်အလှန် အလျှော့အတင်း ပြုလုပ်ကာ ညှိနှိုင်းဆောင်ရွက်မှုကိုလည်း ဖြစ်စေနိုင်ပါသည်။ သို့သော် လူနည်းစုများ လူဦးရေ အချိုးအစားအလိုက်
ရွေးကောက်ခံရရေး သည်ပင်လျှင် လွှတ်တော်၏ နိုင်ငံရေးဖြစ်စဉ်တွင် ၎င်းတို့၏ အကျိုးစီးပွားများအား အလေးထား လာမည်ဟု အာမခံချက် ပေးမထားချေ။ လူနည်းစု ရွေးကောက် တင်မြှောက်ခံရခြင်းကို အားပေးခြင်းသည် လူနည်းစု ကိုယ်စားပြုမှုကို အားနည်းသွားစေနိုင်ပါသည်။ အကြောင်းမှာ လူမျိုးတမျိုးတည်း အဓိကအများစု နေထိုင်သည့် နယ်မြေများကို ဖန်တီးခြင်းသည် အခြားတဖက်တွင် လူများစုများ လွှမ်းမိုးသည့် နယ်မြေ အများအပြားကို ပိုမို ပေါ်ထွက်လာစေပြီး ထိုနယ်မြေများတွင် နေထိုင်သော လူနည်းစုများ၏ ထောက်ခံမှု ရယူဖို့ မလိုအပ်တော့သလို လူနည်းစုများ၏ အကျိုးစီးပွားကိုလည်း လျစ်လျူပြုထားနိုင်ပါသည်။
(ဆက်လက်ဖော်ပြပါမည်)
(ဒေါ်နယ်၊ အယ်လ်၊ ဟိုရိုဝစ်ဇ် (Donald L. Horowitz) သည် Duke University မှ ဥပဒေနှင့် နိုင်ငံရေး သိပ္ပံ ပါမောက္ခဖြစ်ပြီး The Deadly Ethnic Riot (2001) စာအုပ်ကို ရေးသားသူလည်းဖြစ်သည်။ ယခုစာတမ်းသည် Universiti Kebangsaan Malaysia ရှိ Institute for Malaysian and International Studies ၏ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ အတွက် ပြုစုထားသော စာတမ်းအား အခြေခံ၍ ရေးသားထားခြင်း ဖြစ်သည်။ Educational Initiatives အဖွဲ့ (www.eduinitiatives.org) သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)