့လူ့အဖွဲ့အစည်းတခုအတွင်း နိုင်ငံတခုအတွင်းမှာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြပြီဆိုရင် ပညာရပ်နယ်ပယ် အသီးသီး အလိုက် ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေ လိုအပ်လာပါတယ်။ မြန်မာစာ အသုံးအနှုန်းမှာတော့ အသိပညာရှင်၊ အတတ် ပညာရှင် ဆိုပြီး ပြောလေ့ရှိပါတယ်။ စက်မှုလက်မှုတွေ ထွန်းကားလာဖို့၊ လယ်ယာစိုက်ပျိုးရေးတွေ ခေတ်မီလာဖို့၊ ကျန်းမာရေးပညာရေး အဆင့်အတန်းမြင့်မားလာဖို့ ပညာရှင်တွေ ကျွမ်းကျင်သူတွေ လိုအပ်သလို နိုင်ငံရဲ့ စီးပွားရေး တစုံလုံးကို ပဲ့ကိုင်ဖို့ စီးပွားရေး ပညာရှင်များလည်း လိုပါတယ်။ တချိန်ထဲမှာလည်း နိုင်ငံရေးနဲ့ ပတ်သက်လို့ နားလည်တတ် ကျွမ်းတဲ့ ပညာရှင်များရဲ့ ကဏ္ဍကိုလည်း ချန်ထားလို့ မရပြန်ပါဘူး။
ယေဘုယျအားဖြင့် ပြောရရင် ပညာရှင်တွေ ကျွမ်းကျင်သူတွေဆိုတာ လူ့အဖွဲ့အစည်းကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ကြတယ်လို့ ပြောနိုင်ပါတယ်။ ပညာရှင်ဆိုတာ တိုင်းပြည်တခု ဆုတ်ယုတ်ကျဆင်းသွားအောင် လုပ်တဲ့ လူတန်းစား မဟုတ်ဘူးလို့ လူတိုင်းက ရှုမြင်ပါတယ်။ ပညာရှင်ဆိုတာ အကြမ်းဖက်မှုတွေ ရပ်တန့်အောင် ကူညီတဲ့ နေရာ မှာလည်း အရေးပါတဲ့ အခန်းကဏ္ဍမှာ တာဝန်ယူကြ ရပါသေးတယ်။ ငြိမ်းချမ်းရေး မရအောင်၊ လက်နက်ကိုင် ပဋိပက္ခတွေ ပိုပြီးရေရှည် လာအောင် အာဏာရှင်တွေဖက်က ရပ်တည်ပြီး ပညာစွမ်းပြတဲ့ ပညာရှင်ဆိုတာမျိုးဆိုတာ လူ့သမိုင်းမှာ အနည်းအကျဉ်း ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ စစ်မှန်တဲ့ ပညာရှင်များဟာ အာဏာပိုင်တွေ ဖြစ်စေချင်စေတဲ့၊ အစိုးရတွေ ဖြစ်စေချင်တဲ့ တဘက်သတ် လမ်းစဉ်အတိုင်း ဘယ်တော့မှ မလုပ်ပါဘူး။
ပညာရှင်တွေထဲမှာ နိုင်ငံရေးနဲ့ ပတ်သက်လို့ အကြံဉာဏ်ပေးတဲ့ ပညာရှင်များရဲ့ အခန်းကဏ္ဍဟာ အရေးကြီးလှပါတယ်။ အထူးသဖြင့် အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းဖို့ ကြိုးစားနေတဲ့ နိုင်ငံတွေမှာ နိုင်ငံရေး ပရောဟိတ် ပညာရှင်တွေရဲ့ နှုတ်ထွက်စကားဟာ အရေးကြီးပါတယ်။ တချို့နိုင်ငံတွေမှာတော့ အပြင်ပုံပန်းသဏ္ဍန်အရ ဒီမိုကရေစီကို ကူးပြောင်းဖို့ ဆောင်ရွက်နေတယ်ဆိုပေမဲ့ အုပ်ချုပ်သူတွေဟာ အာဏာရှင်ခေတ်က အရသာကို တမ်းတနေဆဲဖြစ်ပါတယ်။ အဲသလို တမ်းတနေတဲ့အတွက် ဒီမိုကရေစီ အကူးပြောင်းဟာ ထင်တာထက် ကြာရှည်သွားတတ်ပါတယ်။ ဒီမိုကရေစီကို အရေခြုံထားပြီး ခေတ်ဟောင်းက အာဏာရှင်စနစ်ကို မီးသေမသွားအောင် တဖက်လှည့်နဲ့ မီးမှုတ်ပေးလေ့ ရှိပါတယ်။ အဲသလို မီးမှုတ်ပေးရတဲ့ လုပ်ငန်းတွေအတွက် အာဏာရှင်ဟောင်းတွေဟာ လူတွေကို လှည့်စားဖို့လိုလာပါတယ်။ ဒီနေရာမှာ လူတွေကို လှည့်စားဖို့ အတွက် ပညာရှင် ဆိုသူတွေကို ထုတ်သုံးလာပါတယ်။ အထူးသဖြင့် သူတို့အလိုကျ ဆောင်ရွက်ပေးမဲ့ နိုင်ငံခြားပြန် ပညာတတ်များကို စင်ပေါ်တင်ပေးပါတယ်။
ဒီနေရာမှာ မေးစရာဖြစ်လာတာက တချို့သော နိုင်ငံခြားပြန် ပညာရှင်ဆိုသူတွေဟာ ဒီမိုကရေစီအရေခြုံ အစိုးရမျိုးအတွက် ဘာကြောင့် လိုလိုလားလား အလုပ်လုပ်ပေးချင်တာလဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတာနဲ့ ပတ်သက်လို့ ဆန်းစစ် လိုက်တော့ အချက်အလက် တချို့ထွက်လာတာကို တွေ့ရပါတယ်။
ဒီမိုကရေစီ အရေခြုံအစိုးရများဖက်က ကမ်းလှမ်းလာတဲ့ လစာနဲ့ အခွင့်အရေးတွေက မက်လောက်စရာဖြစ်နေတာက အရေးကြီးတဲ့ အချက်ဖြစ်နေတာကို တွေ့ရပါတယ်။ ကိုယ့်နိုင်ငံကို ပြန်မလာဘဲ နိုင်ငံရပ်ခြားက တက္ကသိုလ်တခုခုမှာ သို့မဟုတ် အင်စတီကျူးရှင်း တခုခုမှာ အလုပ်လုပ်မယ်ဆိုရင် ရရှိမယ့်လစာက ဟိုနိုင်ငံတွေ စံနှုန်းအတိုင်းဆိုရင် သာမန် လောက်ပဲ ဖြစ်နေတာကြောင့်ပါ။ ဘာကြောင့် လစာက သာမန်လောက်ပဲ ရတာလည်းဆိုတော့ သူတို့ရှေ့မှာ ပိတ်နေတဲ့ ထင်ရှားပြီး နာမည်ကြီးတဲ့ သို့မဟုတ် နာမည်ရစပြုနေတဲ့ အနောက်တိုင်းသား ပညာရှင်တွေကို မယှဉ်နိုင်လို့ ဖြစ်ပါတယ်။
နောက်တချက်ကတော့ မိမိသက်ဆိုင်ရာ နိုင်ငံဟာ ခေတ်အဆက်ဆက် အာဏာရှင်စနစ်ကြောင့် နိုင်ငံတကာ အဆင့်မီ ပညာတတ် ချို့တဲ့တဲ့ တိုင်းပြည်ဖြစ်နေတော့ ပြည်တော်ပြန်ပြီး အလုပ်လုပ်မယ်ဆိုရင် အရေးပါတဲ့ တမိုးလုံးဖျောက်ဆိပ် နေရာမျိုးကို ရနိုင်တဲ့ လောဘကြောင့်လည်း ဖြစ်ပါတယ်။ တချို့ကတော့ ဒီလိုတွက်ပါတယ်။ အာဏာရှင်ဘဝကနေ ဒီမိုကရေစီ အရေခြုံထားတဲ့ အစိုးရများဟာ ပင်ကိုယ်သဘာဝက ပညာတတ်တွေ မဟုတ်လေတော့ အဲသလို အစိုးရများကို သူတို့ တတ်သိထားတဲ့ ပညာရပ်များကို အသုံးပြုပြီး ကူညီပေးမယ်ဆိုရင် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို တွန်းတင်ပေး သလို ဖြစ်နိုင်ပြီး သူတို့ကိုယ်တိုင်လည်း နန်းတင်ပေးသူ မင်းဆရာတွေ ဖြစ်လိုတဲ့ တသီးပုဂ္ဂလ လောဘကြောင့် ဖြစ်ပါတယ်။
တချို့ကတော့ ဒီမိုအရေခြုံ အစိုးရများကို တဖက်တလမ်းက သူတို့ပညာနဲ့ အကူအညီပေးရင်း နောင်အနာဂတ် နိုင်ငံရေးမှာ နေရာရဖို့ ကြိုးပန်းတဲ့အနေနဲ့ လုပ်ကြတာပါ။ ဥပမာ အာဏာရ အစိုးရရဲ့ ပါတီကနေတဆင့် ပါလီမန်အမတ် ဖြစ်လာတာမျိုး၊ ဝန်ကြီး၊ ဒုဝန်ကြီးနေရာမျိုး၊ သံအမတ်လို နေရာမျိုးတွေ အတွက် ဖြစ်ပါတယ်။
အနောက်နိုင်ငံတွေမှာလည်း ပညာရှင်တွေ ကျွမ်းကျင်သူတွေဟာ သမ္မတအကြံပေး၊ ဝန်ကြီးချုပ် အကြံပေး စသဖြင့် လုပ်တာမျိုး ရှိပါတယ်။ ဒါပေမယ့် ကွာခြားတာက အဲသလို အနောက်နိုင်ငံတွေဟာ များသောအားဖြင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ စစ်စစ် မှန်မှန် သွားနေတဲ့ တိုင်းပြည်တွေ ဖြစ်ပါတယ်။ နောက်တချက်ကလည်း ပညာရှင်တွေ ကိုယ်တိုင်က သူတို့ သက်ဆိုင်ရာ ပညာရပ်နယ်ပယ်မှာ နှစ်ပေါင်းမြောက်များစွာ ပတ်ပတ်နှပ်နှပ် အလုပ်လုပ်ခဲ့ပြီး ရင့်ကျက်တဲ့ အရွယ်တွေကျမှ သမ္မတ အကြံပေးမျိုး ဖြစ်ရတာပါ။
ဥပမာ တခုလောက်ပြောရရင် စီးပွားရေးဆိုင်ရာ နိုဘယ်ဆု ရရှိထားတဲ့ ပါမောက္ခ ဂျိုးဆက်စတစ်ဂလစ်ဟာ ကမ္ဘာ့ဘဏ်မှာ တာဝန်ကြီးကြီး ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းမှာ သမ္မတဘီလ်ကလင်တန်ရဲ့ စီးပွားရေးဆိုင်ရာ အကြံပေးဖြစ်ခဲ့ပါတယ်။ အခု ကျောင်းပြီးလို့ အခု သမ္မတက ခေါ်ခန့်တာမျိုးမဟုတ်ပါ။ သက်ဆိုင်ရာ နယ်ပယ်ထဲမှာ နှစ်ပေါင်းများစွာ လက်တွေ့လုပ်ကိုင် လာခဲ့ပြီး အဲဒီအထဲက အထူးချွန်ဆုံး သူတွေကိုမှ သမ္မတက သူ့အစိုးရအဖွဲ့မှာ အကြံပေးလုပ်ဖို့ ကမ်းလှမ်းတာ ဖြစ်ပါတယ်။
နောက်ပြောစရာ ရှိတာက ပညာရှင်တွေ လိုက်နာရတဲ့ ကျင့်ဝတ်ပါ။ ပညာရှင်တွေဟာ တွေ့တာကို တွေ့တဲ့အတိုင်း ပြောရပါတယ်။ တင်ပြရပါတယ်။ အာဏာပိုင်တွေ ဖြစ်လိုတာမျိုးကို ဘက်လိုက်ပြီး မပြောမဆိုရပါဘူး။ အနောက်တိုင်း အရင်းရှင် နိုင်ငံတွေက တက္ကသိုလ်ကြီးတွေဟာ အရင်းရှင်တွေ ပိုင်ဆိုင်တဲ့ တက္ကသိုလ်ကြီးတွေ ဖြစ်တယ်လို့ ယေဘုယျ ပြောနိုင်ပါတယ်။ ဒါပေမဲ့ အရင်းရှင်ကြီးတွေ ကောင်းကျိုးအတွက်၊ အာဏာရ အစိုးရများ ကောင်းကျိုးအတွက် သက်သက် သင်ကြားပို့ချ နေတဲ့ ကျောင်းတော်ကြီးများ မဟုတ်ပါ။ ၁၈ ရာစု ၁၉ ရာစု လောက်တုန်းကတော့ အရင်းရှင်တွေ အကျိုး အတွက် အလေးသာတဲ့ သင်ကြားမှုမျိုးတွေ ရှိကောင်းရှိခဲ့နိုင်ပါတယ်။ ဒါပေမယ့် အခုလို ၂၁ ရာစုမျိုးမှာ အဲသလို တက္ကသိုလ်ကြီးတွေဟာ သူတို့ရဲ့ ကျောင်းတော်သားတွေကို ဒီမိုကရေစီရဲ့ တန်ဖိုး၊ လူ့အခွင့်အရေးနဲ့ လူသားဆန်မှုတွေကို မချိုးဖောက်ဖို့၊ တရားမျှတမှုကို လေးစားလိုက်နာဖို့ အစရှိတဲ့ အယူအဆတွေကို သက်ဆိုင်ရာ ဘာသာရပ်တွေကို လေ့လာနေတုန်း တချိန်ထဲမှာ အလေးထားပြီး ထည့်သွင်းသင်ကြားပို့ချပါတယ်။
အာဏာရှင်တွေ၊ ဒီမိုကရေစီ အရေခြုံတွေအတွက် ဘက်လိုက်ပြီး ပြောဆိုလုပ်ကိုင် ပေးရမယ်လို့ ဘယ်တက္ကသိုလ်ကမှ မသင်ပါဘူး။ ဒီမိုကရေစီ အရေခြုံ အစိုးရတွေ စိတ်ကောက်သွားရင် နောက်ကြောင်းပြန်လှည့် နိုင်တာမို့ လူထုဟာ ဆယ်နှစ်၊ အနှစ်နှစ်ဆယ်၊ အနှစ်သုံးဆယ် စသဖြင့် ငြိမ်ငြိမ်ကလေး ဗိုင်းကောင်းကျောက်ဖိ နေသင့်တယ်လို့လည်း မသင်ကြားခဲ့ပါဘူး။ အဖိနှိပ်ခံရတဲ့ လူထုက မကျေနပ်လို့ လမ်းပေါ်ထွက် ဆန္ဒပြတာဟာ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး တည်ငြိမ်ရေးကို နှောက်ယှက်တာ လို့လည်း လမ်းမညွှန်ပါဘူး။
မြန်မာပြည်မှာ ၁၉၆၂ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီး ကတည်းက မြန်မာပညာရှင်တွေဟာ ပူလောင်လှတဲ့ တွင်းနက်ကြီး ထဲမှာ မနေနိုင်ကြတော့လို့ မြန်မာပြည်ကနေ တစတစ ထွက်ခွာကြပါတယ်။ ၁၉၈၈ ဒီမိုကရေစီ လှုပ်ရှားမှုကြီးကို စစ်တပ်က ချေမှုန်းအပြီး နောက်ဆုံးလက်ကျန် မြန်မာပညာရှင်များ ထပ်မံလို့ ရွှေပြည်တော်ကို စွန့်ခွာကြပါတယ်။ အာဏာရှင်တွေက ပြည့်ဦးကင်းကို ခုတ်ဖြတ်ပစ်ခဲ့လို့ အဆင့်မီ ပညာရှင်တွေ ဆုံးပါးခဲ့ရတာကို သတိမမေ့သင့်ပါ။ တိုင်းပြည်ကို ချစ်လို့ မစွန့်ခွာဘဲ ကြိတ်မှိတ်နေခဲ့တဲ့ ပညာရှင်များလည်း တစတစနဲ့ သံချေးတက်ရပါတယ်။ သူတို့ ကျွမ်းကျင်တဲ့ ပညာ နယ်ပယ်မှာ လုပ်ခွင့် ကိုင်ခွင့်တွေ ပိတ်ပင်ခံခဲ့ရတာကြောင့်ပါ။ ပညာဉာဏ် ကွန့်မြူးခွင့် မရကြရှာပါ။
ပညာရှင်ဆိုတာ လူသားတွေအတွက် ကောင်းကျိုးတွေကို သယ်ဆောင်လာသူတွေပဲ ဖြစ်သင့်ပါတယ်။ ပညာရှင်တွေဟာ အုပ်စိုးသူအလိုကျ ကကြရတဲ့ ရုပ်သေးရုပ်များ မဖြစ်သင့်ပါ။ ပညာရှင်တွေဟာ အုပ်စိုးသူတွေကို ရဲရဲရင့်ရင့် မှန်တာကို မှန်တဲ့ အတိုင်း ထောက်ပြဖို့ လိုပါတယ်။ ဒီလို လုပ်ရင်တော့ဖြင့် စီးပွားရေး ကျဆင်းမယ်၊ ဒီလို လုပ်ရင်တော့ဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ထိခိုက်မယ်၊ ဒီလို လုပ်ရင်တော့ဖြင့် လူထုက ထောက်ခံမယ်၊ ဟောသလိုမျိုး လုပ်ရင်တော့ လူထုက ဆန့်ကျင်လိမ့်မယ် အစရှိတာတွေကို ထောက်ပြဖို့ အထူးလိုအပ်ပါတယ်။
ဟိုတရက်က မြန်မာငြိမ်းချမ်းရေးစင်တာက ပြုလုပ်တဲ့ ပွဲတပွဲမှာ စင်ပေါ်မှာ ထိုင်နေတဲ့ ပညာရှင်ဆိုသူတွေရဲ့ ဆွေးနွေးချက် တွေကို ကြည့်ရတာ အားရစရာမကောင်းဘဲ အားပျက်စရာလို့သာ ပွင့်ပွင့်လင်းလင်း ပြောပါရစေ။ လက်ရှိအစိုးရ ဖြစ်စေချင်တဲ့ လိုင်းအပေါ်မှာ အစိုးရကိုယ်စား ပြောပေးတာထက် ဘာမှမပိုပါ။ အတိုက်အခံတွေ ဒီအချိန်မှာ ခေါင်းမထောင်နဲ့ဦး၊ စစ်တပ်ကို စိတ်ဆိုးအောင် သွားမလုပ်နဲ့လို့ ပြောချင်တာက အဓိကလို ဖြစ်နေတယ်လို့ မြင်မိပါတယ်။ ခြေဥပြင်ဖို့ ကိစ္စမှာ အစိုးရနဲ့၊ စစ်တပ်နဲ့၊ အတိုက်ခံအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ ဘယ်လိုဘယ်ပုံ ဒူးတိုက်ဆွေးနွေးပြီး လုပ်ကိုင်သင့်တယ် ဆိုတာမျိုးကို တိုက်တွန်းအကြံပေးတာမျိုး မလုပ်တာဟာ အတော်အံ့သြဖို့ ကောင်းလှပါတယ်။ အဲဒီ ဆွေးနွေးပွဲမှာ ဦးဆောင် ဆွေးနွေးတဲ့ မြန်မာပညာရှင်ဆိုသူများဟာ အမှန်တကယ်ကော ပညာရှင်ပီသရဲ့လား ဆိုတာ သံသယဖြစ်စရာပါ။
မြန်မာပြည်မှာ အချိန်မဆိုင်းဘဲ ဒီမိုကရေစီ ဖြစ်ထွန်းလာတာ မကောင်းဘူးလား။ နိုင်ငံသားတွေ မနှစ်သက်တဲ့ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားတာဟာ အပြစ်ရှိသလား။ နှစ်ပေါင်း ၅ဝ ကျော် အာဏာရှင်တွေ လက်အောက်မှာ နေခဲ့ရပြီးပြီ။ အဲသလို နေခဲ့ရတဲ့ အတူတူ မထူးပါဘူး နောက်ထပ် ဆယ့်လေးငါးနှစ်လောက်တော့ နေပါဦးလို့ ပညာရှင်ဆိုသူများ ပြောတာဟာ တရားပါသလား။ မျိုးစောင့်ဥပဒေအတွက် လက်မှတ်ကောက်တော့ တခွန်းမှ မပြောကြ။ ခြေဥပြင်ဖို့ လက်မှတ်ထိုးတာ၊ လက်မှတ်ကောက်တာ ကိုတော့ ချိမ်းခြောက်မှုတခုလို့ မြင်ကြသတဲ့။ မြန်မာပြည် တိုးတက်လာဖို့ ပရောဖက်ရှင်နယ် စစ်သားစစ်စစ်၊ အရပ်သား အစိုးရစစ်စစ်နဲ့ ပညာရှင် စစ်စစ်တွေ အထူးလိုအပ်ပါတယ်။ အထူးပြောလို တာကတော့ ပညာရှင်တွေဟာ နိုင်ငံသားတို့အတွက် ဆိုးကျိုးကို သယ်ဆောင်လာသူများ မဖြစ်သင့်ပါကြောင်း။
(စာရေးသူသည် ဘန်ကောက်မြို့တွင်နေထိုင်လျက်ရှိပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ သုံးသပ်ဝေဖန်ချက် ဆောင်းပါးများကို ကိုယ်ပိုင်ဘလော့ဂ် “ရွက်မွန်”တွင် ပုံမှန်ရေးသားနေသည်။)