ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ် ဆင်ခြေဖုံး ရပ်ကွက်တခုက ကားလမ်းမပေါ်မှာ ရွှေ့လို့ပြောင်းလို့ရတဲ့ ဂိုးတိုင်လေးတွေထောင်ပြီး လူငယ်တွေဟာ ရုံးပိတ်ရက် တရက်မှာ ဘောလုံးကစားနေကြပါတယ်။
လမ်းမပေါ်မှာ ဆော့ကစားရတာဖြစ်လို့ ကားအသွားအလာ ရှိတာကြောင့် အန္တရာယ်များပေမယ့် သူတို့မှာ ရွေးချယ်စရာ ဘောလုံးကန်ဖို့ကွင်းက နီးနီးနားနားမှာ မရှိတော့ပါဘူး။ ဒီလိုမြင်ကွင်းမျိုးအတိုင်း ရန်ကုန်မြို့ မြို့လယ်ခေါင်မှာ ရုံးပိတ်ရက် ညနေ ၆ နာရီလောက်ဆိုရင် ကလေးတွေ လမ်းတွေပိတ်ပြီး ဘောလုံးကန်ကြတာ တွေ့ကြမှာပါ။
ရန်ကုန်မြို့ဘားလမ်း၊ လမ်း၅၀နဲ့ ဗိုလ်တထောင် ဘုရားနားမှာဆိုရင် မကြာခဏ မြင်နေရတဲ့ မြင်ကွင်းမျိုးပါ။
“ကစားဖို့ ကွင်းမှမရှိတာ။ ဒီမှာပဲ ကန်လို့ရတာလေ။ ကျနော်တို့ အစ်ကိုတွေကတော့ ပိုက်ဆံပေးရတဲ့ ကွင်းတွေမှာ သွားကန်ကြတယ်” လို့ မြောက်ဒဂုံမှာနေတဲ့ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တဦးက ပြောပါတယ်။
မြောက်ဒဂုံမြိုနယ်မှာဆိုရင် အရင်က အိုးအိမ်ဦးစီးဌာနနဲ့ ဝန်ကြီးဌာနတချို့ ပူးပေါင်းပြီး အိမ်ရာတွေ ဖော်ထုတ်တဲ့ အခါတုန်းက ကလေးကစားကွင်း၊ ပန်းခြံ၊ လူမှုရေးအဆောက်အဦတွေ ဆောက်လုပ်ဖို့ ရပ်ကွက်တိုင်းမှာ Open Space လို့ခေါ်တဲ့ မြေနေရာလေးတွေ ပေးထားခဲ့ပါတယ်။
ဒါပေမယ့် ၁၉၉၆ ခုနှစ်မှာ မြေယာစီမံ ခန့်ခွဲပိုင်ခွင့်တွေဟာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီလို့ ခေါ်တဲ့ (YCDC) ရဲ့လက်အောက်ကို ရောက်သွားတဲ့အခါမှာတော့ မြေကွက်လပ် အလွတ်ဆိုတာ မရှိတော့ဘဲ တချို့မြေနေရာတွေဆို စည်ပင်ရဲ့ ချဲ့ထွင်မယ့် အန္တရာယ်ကိုကြောက်လို့ “ပိုင်ရှင်ရှိသည်” ဆိုတဲ့ ဆိုင်းဘုတ်တွေတောင် တပ်ထားရကြောင်း၊ အဲဒီမြေကွက်တွေဟာ အများအတွက် မဟုတ်တော့ဘဲ လူပုဂ္ဂိုလ် တဦးတယောက်အတွက် ဖြစ်ကုန်ကြောင်း စုံစမ်းသိရပါတယ်။
မြောက်ဒဂုံမြို့နယ်မှာ စုစုပေါင်း ရပ်ကွက် ၂၇ ခုရှိတာ အဲဒီမှာ လူမှုရေးလုပ်ငန်းတွေ သုံးဖို့ထားတဲ့ မြေနေရာတွေဖြစ်တဲ့ နေ့ကလေးထိန်းကျောင်း၊ စာကြည့်တိုက်၊ ဓမ္မာရုံနဲ့ အားကစားကွင်းလို မြေနေရာတွေဟာ YCDC ရဲ့ကောင်းမှုကြောင့် လူနေအိမ်တွေ အဖြစ်ကိုပြောင်းကုန်ပြီး ရပ်ကွက်သူ ရက်ကွက်သား များအတွက် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ဖို့တောင် မြေနေရာမရှိတော့ဘူးလို့ မြောက်ဒဂုံမှာ နေထိုင်တဲ့သူတွေက ဧရာဝတီကိုပြောပါတယ်။
မြောက်ဒဂုံမြို့နယ် ၂၉ နှင့် ၄၅ ရပ်ကွက်တွေမှာရှိတဲ့ အားကစားကွင်းတွေကို စည်ပင်က ပေ ၄၀ x ၆၀၊ ပေ ၆၀ x ၈၀ အကွက်တွေရိုက်ပြီးတော့ လူနေအိမ်တွေအဖြစ် ပြောင်းဖို့ ကြိုးစားပါတယ်။ အဲဒီမှာ ရပ်ကွက်နေပြည်သူတွေက ကန့်ကွက်လို့ ၂၉ ရပ်ကွက် မှာတော့ တန်းဖိုးနည်းအိမ်ရာ လုပ်ပေးမယ်ဆိုပြီး စည်ပင်က လေသံပြောင်းသွားပါတယ်။
နောက်ပြီး မြောက်ဒဂုံမြို့နယ် ဗိုလ်မှူးဗထူးလမ်းပေါ်က အခြေခံပညာ အထက (၄) ကျောင်းမြေနေရာနဲ့ တဆက်တစပ်တည်း ဖြစ်နေတဲ့ ၁ ဧကခွဲလောက်ကျယ်တဲ့ နေရာတခုကို YCDC က ပုဂ္ဂလိကတဦးကို မြေဂရန် ထုတ်ပေးလိုက်တဲ့အတွက် ရပ်ကွက်နေ ပြည်သူတွေနဲ့ ပညာရေးဌာနက လူတွေက မကျေနပ်လို့ သမ္မတ ဦးသိန်းစိန်အထိ တိုင်ဖို့ပြင်ဆင်နေပြီလို့ သိရပါတယ်။
“အခု ကျနော့်ရပ်ကွက်ထဲမှာရှိတဲ့ လူငယ်အားကစားကွင်းလို့ သတ်မှတ်ထားတဲ့နေရာကို စည်ပင်က အကွက်ရိုက်ပြီး ပုဂ္ဂလိက လွှဲတော့မယ်လို့ကြားလို့ ပြန်တောင်းတာ မြေနေရာအပြည့် ပြန်မရတော့ဘူး။ ဒီကွက်လပ်က ၂၂၃ x ၂၁၀ ပေရှိတာ။ အခု ၁၅၀ x ၁၂၅ ပေပဲ ပြန်ချပေးတယ်” လို့ မြောက်ဒဂုံ ၄၅ ရပ်ကွက်မှာနေတဲ့ ဦးမြင့်သိန်းက ဧရာဝတီကို ပြောပါတယ်။
စည်ပင်က မြေနေရာချထားပေးတဲ့ မြေတွေကုန်လာတဲ့အခါ အရင်က မဟာဓာတ်အားလိုင်းရှိလို့ ပေ ၃၀ဝ အတွင်းမှာ လူနေအိမ်ခြေမြေကွက် ချမပေးတဲ့ နေရာတွေကိုတောင် လူနေအိမ် ဆောက်လုပ်ခွင့်တွေပေးလို့ အခုဆိုရင် လူတွေနဲ့ စည်စည်ကား ကားဖြစ်နေပြီလို့ သိရပါတယ်။
“မဟာဓာတ်အားလိုင်းအောက်မှာ အန္တရာယ်ရှိတာကို အိမ်မြေကွက်တွေ ဖော်ထုတ်ပြီးတော့ အစိုးရနဲ့ အကျိုးတူလုပ်နေတဲ့ ကုမ္ပဏီတွေက မြေတွေကို အကွက်ရိုက်လိုက်တယ်။ မဟာဓါတ်အားလိုင်းမှာ လျှစ်စစ်စက်ကွင်းတွေရှိတယ်။ ဒီမှာ လူနေအိမ်ကွက် မချပါနဲ့ဆိုတာကို ချထားတဲ့အတွက် လျှပ်စစ်အန္တရာယ် တခုခုဖြစ်ရင် ဘယ်သူတာဝန်ယူမှာလဲ” လို့ မြောက် ဒဂုံမှာနေတဲ့ ဦးကျော်ဘက မေးခွန်းထုတ်ပါတယ်။
အရင်က မြောက်ဒဂုံနဲ့ တောင်ဒဂုံကို ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီး ဘေးဝဲယာမှာရှိတဲ့ မဟာဓာတ်အားလိုင်းနှင့် နီးတဲ့မြေကွက်တွေကို လုပ်ငန်းခွင်များမှ ယခင်က ပေ ၃၀ဝ အတွင်း လူနေအိမ်ခြေ မြေကွက်မချရဘူးဆိုပြီး သတ်မှတ်ခဲ့တာပါ။
“မြေကွက်ချထားတဲ့ ကိစ္စတွေကတော့ နည်းလမ်းမမှန်ဘူး။ သူနဲ့ပတ်သက်တဲ့ လက်သင့်ရာ စားတော်ခေါ်ပြီး ချထားပေးသွားတာ” လို့ ဦးကျော်ဘ ကပြောပါတယ်။
ခေတ်အဆက်ဆက် အစိုးရတွေက ရန်ကုန်မြို့မှာ ပြည်သူတွေ အပန်းဖြေဖို့နဲ့ ကလေးငယ်တွေ အပျင်းပြေ ကစားနိုင်ဖို့ ရည်ရွယ်ဆောက်လုပ်ပေးထားတဲ့ မြေကွက် လပ်ပန်းခြံတွေဟာ အခုဒီမိုကရေစီ အစိုးရ လက်ထက်မှာ အဆောက်အအုံတွေအဖြစ် YCDC က ဖန်တီးလိုက်တဲ့အတွက် ရန်ကုန်မြို့က ပြည်သူတွေ စိတ်မချမ်းမသာ ဖြစ်ကြရပါတယ်။
အရင် လွတ်လပ်ရေးမရမီ၊ လွတ်လပ်ရေးရပြီး ဖဆပလ ခေတ်၊ လမ်းစဉ်ပါတီ ခေတ်တွေတုန်းက ရန်ကုန်မြို့တော် နေရာအနှံအပြားမှာ ကလေးကစားကွင်း၊ ဥယျာဉ်ပန်းခြံတွေ တည်ဆောက်ခဲ့ပါတယ်။ ရန်ကုန်မြို့လယ်မှာဆိုရင် မဟာဗန္ဓုလပန်းခြံ၊ သခင်မြပန်းခြံ၊ ကန်တော်မင်္ဂလာပန်းခြံလို ပန်းခြံတွေ အထင်အရှားရှိပြီး ရန်ကင်းလို မြို့နယ်မှာတောင် SONTRA Park လို ဥယျာဉ်ပန်းခြံတောင် ဆောက်လုပ်ခဲ့ပါသေးတယ်။
ဒါပေမယ့် အခုဆိုရင် အဲဒီလို ဂရန်ရှိတာရော၊ ဂရန်ထုတ်ပေးမထားတဲ့ ပန်းခြံ၊ ကစားကွင်းတွေရော အပန်းဖြေနေရာတွေ အဖြစ်ကနေ လူနေတိုက်တာ အဆောက်အဦတွေအဖြစ်ကို ရောက်သွားပါပြီ။ ဒီလို အသွင်ပြောင်းသွားတဲ့ အဆောက်အဦတွေဟာ နိုင်ငံအတွက် အကျိုးရှိမယ့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံ မှုတွေနဲ့လည်း တိုက်ရိုက်သက်ဆိုင်ခြင်း မရှိပါဘူး။ စီးပွားရေးအရ အလုပ်အကိုင် အခွင့်အလမ်းပေါ် လာတဲ့ ရန်ကုန်မြို့ကို ရေကြည်ရာမြက်နုရာဆိုသလို ရောက်လာတဲ့လူတွေကြောင့် နေစရာအိမ်တွေဟာ တန်ဖိုးအရမ်းတက်လာနေပါတယ်။
အဲဒါကြောင့် ခေတ်အဆက်ဆက်က ဂရန်ချထားပေးခြင်းမရှိတဲ့ မြေကွက်တွေကို စည်ပင်သာယာက ဂရန်ချထားပေးပြီး အဆောက်အဦ ဆောက်လုပ် ခွင့်ပြုနေတာနဲ့ ပန်းခြံတွေကို ဖျက်သိမ်းပြီး ပုဂ္ဂလိက အဆောက်အဦတွေ ဆောက်လုပ်ခွင့်ပြုခြင်းနေတာဟာ ဥပဒေနှင့် ညီရဲ့လားဆိုပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြည်သူ့လွှတ်တော်မှာ မေးတဲ့အခါ သမ္မတရုံး ဒုဝန်ကြီး ဦးအောင်သိမ်းက အဲဒါမျိုး လုံးဝမရှိပါဘူးဆိုပြီး ငြင်းဆိုခဲ့ပါတယ်။
YCDC အနေနဲ့ ဥပဒေနဲ့အညီ မြေငှားစာချုပ် ဂရမ်တွေ ထုတ်ပေးလျက်ရှိပြီးတော့ အများပြည်သူ အပန်းဖြေဖို့ ခေတ်အဆက်ဆက်က ခွင့်ပြုထားတဲ့ ပန်းခြံတွေကိုဖျက်သိမ်းပြီး ပုဂ္ဂလိက အဆောက်အဦတွေ ဆောက်လုပ်ခွင့်ပြုတာ လုံးဝမရှိကြောင်း သမ္မတရုံး ဒုဝန်ကြီး ဦးအောင်သိမ်းက ပြောပါတယ်။
ဒုဝန်ကြီး ဦးအောင်သိမ်းက ငြင်းပေမယ့် တာမွေမြို့နယ်က ပြည်သူပိုင် ကွင်းတွေဖြစ်တဲ့ ရာပြည့်အား ကစားကွင်း၊ Public Space ဖြစ်တဲ့ သိမ်ဖြူအားက စားကွင်းတွေကတော့ အခုမြို့တော်ဝန် ဦးလှမြင့် လက်ထက်မှာတင် အိမ်ရာစီမံကိန်းတွေ ဖြစ်ကုန်ပြီလို့ ရန်ကုန်တိုင်းဒေသကြီးက ဗဟန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ပြောပါတယ်။
“အန်တီက ရောက်လာတဲ့ တိုင်စာအပေါ်မှာ မူတည်ပြီးမှပြောတာ။ သက်သေအထောက်အထား မရှိဘဲနဲ့ ပြောလို့မရဘူး။ အဲဒီကိစ္စတွေကို ရန်ကုန်တိုင်း လွှတ်တော်မှာ တင်ပြခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး” လို့ သူကဆိုပါတယ်။
နောက်တခုက တောင်ဥက္ကလာပမြို့နယ် အမှတ် (၉) ရပ်ကွက်၊ ဝေဇယန္တာလမ်းနဲ့ သစ္စာလမ်းထောင့်မှာရှိတဲ့ အများပြည်သူပိုင် ကလေးအားကစားကွင်း နေရာဟာ ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးကိုလေး လက်ထက်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အသင်းလက်ထဲ ရောက်သွားပြီး နောက်မြို့တော်ဝန် ဦးအောင်သိန်းလင်း လက်ထက်မှာတော့ ကြံ့ခိုင်ရေးပါတီက ရန်နိုင်ဆောက်လုပ်ရေး ကုမ္ပဏီနဲ့ပူးပေါင်းပြီး အခန်းပေး အခန်းယူစနစ်နဲ့ ကွန်ဒိုဆောက်ဖို့လုပ်တာ ရပ်ကွက်ကလူတွေ ကန့်ကွက်လို့ အခုတော့ရပ်သွားပေမယ့် ဘာဆက်ဖြစ်မလဲဆိုတာ မရှင်းလင်းသေးပါဘူး။
YCDC ကတော့ ရန်ကုန်မြို့မှာ အရင်ကပန်းခြံ ၅၈ ခုပဲရှိတာ အခုဆိုရင် ၆၃ ခုတောင်ရှိလာတဲ့အတွက် ပြည်သူတွေ အပန်းဖြေဖို့ ပန်းခြံ ၆ ခုတောင် တိုးလာကြောင်း၊ ရန်ကုန်မြို့လယ်က မဟာဗန္ဓုလပန်းခြံ၊ ပြည်သူ့ရင်ပြင်၊ ကန်တော်မင်္ဂလာပန်းခြံနဲ့ အာဇာနည်ဗိမာန် ပန်းခြံ အပါအဝင် တချို့ပန်းခြံတွေကို အဆင့်မြှင့်လိုက်တာမျိုးတွေ လုပ်ပေးခဲ့ကြောင်း လွှတ်တော်ကို တင်ပြခဲ့ပါတယ်။
လွှတ်တော်မှာ တင်ပြချက်တွေအရ YCDC က ၁၉၉၀ ပြည့်နှစ်က ထုတ်ပြန်ထားတဲ့ စည်ပင်သာယာရေးဥပဒေ အပါအဝင် တည်ဆဲဥပဒေတွေနဲ့အညီ လွှဲပြောင်းရယူထားတဲ့ မြေတွေ၊ ပုဂ္ဂလိကပိုင်မြေတွေနဲ့ မြေငှားစာချုပ်နဲ့ဖြစ်စေ၊ လိုင်စင်၊ ပါမစ်နဲ့ဖြစ်စေ၊ ပုဂ္ဂလိကကို နေထိုင်အသုံးပြုခွင့်ပေးထားတဲ့ မြေတွေကို မြို့ပြစီမံကိန်းနဲ့အညီ စီမံခန့်ခွဲပိုင်ခွင့် ရှိပြီးတော့ ဥပဒေနဲ့အညီ မြေငှားစာချုပ် (ဂရန်) ပါထုတ်ပေးခွင့် ရှိတယ်လို့ အကြောင်းပြပါတယ်။
အဲဒီ လုပ်ပိုင်ခွင့်ကြောင့်ပဲ ရပ်ကွက်တိုင်းမှာ နည်းလမ်းအမျိုးမျိုးနဲ့ မြေတွေကို အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့သူတွေက အုပ်ချုပ်ရေး အာဏာပိုင်တွေနဲ့ ပေါင်းပြီးတော့ လုပ်စားနေကြတာ၊ ရွှေပြည်သာမြို့နယ်လို နေရာမျိုးတွေမှာ နိုင်ငံရေးပါတီကြီးတခု ဖြစ်သွားတဲ့ အသင်းကြီးတခုက မြေတွေယူထားတာ အများကြီးပဲလို့ ဒေါ်ညိုညိုသင်း ကပြောပါတယ်။
“အမှန်က သူတို့ (စည်ပင်) မှာ လုပ်ပိုင်ခွင့်မရှိဘူး။ တကယ် တရားဥပဒေ စိုးမိုးတယ်ဆိုရင် ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားမှုပဲ။ ဒီနေရာတွေက ပြည်သူပိုင်နေရာတွေလေ။ ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားလုပ်တာ အရင်က အပက ၃ လို့ခေါ်တယ်။ ပြည်သူပိုင်ပစ္စည်းကို အလွဲသုံးစားလုပ်ရင် အုပ်ချုပ်သူပဲဖြစ်ဖြစ်၊ လူပုဂ္ဂိုလ် တဦး တယောက်ပဲဖြစ်ဖြစ် အရေးယူခံရမှာပဲ။ အန်တီတို့နိုင်ငံမှာက အာဏာရှိတဲ့သူကို အရေးယူလို့မရတဲ့ တရားဥပဒေ မစိုးမိုးတဲ့ ခေတ်တခု ရှိခဲ့တဲ့အတွက် အဲဒီအကျိုးဆက်တွေကို အခုခံစားနေရတာ” လို့ ပြောပါတယ်။