အစိုးရက ယူနတီသတင်းဂျာနယ်မှ သတင်းသမား ၅ ဦးကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်ချမှတ်မှု အပါအဝင် သတင်း သမားများကို ဖမ်းဆီးထောင်ချလာခြင်းနှင့် သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်လာခြင်းတို့ကြောင့် ရန်ကုန်မြို့တွင် ရောက်ရှိနေသည့် သမ္မတ ဦးသိန်းစိန်ကို သတင်းသမားများက စုပေါင်း၍ ယနေ့ ဆန္ဒပြကြကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ရွှေလီလမ်းရှိ မြန်မာ့ငြိမ်းချမ်းရေးစင်တာ(MPC) တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ နှင့် အနုပညာရှင် များ တွေ့ဆုံပွဲသို့ တက်ရောက်နေသည့် သမ္မတဦးသိန်းစိန်ကို သတင်းသမား ၁၀၀ နီးပါးက MPC အဆောက် အအုံရှေ့နှင့် ဦးဝီစာရ လမ်းမဘေးတွင် ဆန္ဒပြခဲ့ပြီး သမ္မတဦးသိန်းစိန် တက်ရောက်ပွဲသို့လည်း မီဒီယာ သမား အများစုက သတင်းမယူ ကြ ကြောင်း သိရှိရသည်။
သမ္မတဦးသိန်းစိန်ကို ဆန္ဒပြရန် လာရောက်သော သတင်းသမားတချို့ကို MPC အဝင် ရွှေလီလမ်းထိပ်တွင် ရဲတပ်ဖွဲ့ဝင်များက ဝင်ခွင့်မပေးဘဲ တားမြစ်ခဲ့သဖြင့် သတင်းသမားတချို့ ဦးဝီစာရလမ်းမကြီးဘေးတွင် ဆန္ဒထုတ်ဖော်ကြကြောင်း၊ မနက် ၉ နာရီ ခန့်မှ စ၍ မြန်မာ့ငြိမ်းချမ်းရေးစင်တာရှေ့တွင် ရောက်ရှိနေသော သတင်းသမား ၁၀၀ နီးပါးကလည်း ကင်မရာ နှင့်အသံဖမ်း စက် များကို လမ်းမပေါ်ချကာ “မီဒီယာ ဖိနှိပ်မှု ရပ်” အကျၤ ီများဝတ်ဆင်၍ ဆန္ဒပြခဲ့ပြီး ဦးဝီစာရလမ်းပေါ်တွင် ဆန္ဒပြ နေသော သတင်း သမားများနှင့် ပူးပေါင်း ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။
ဆန္ဒပြမှုတွင် ပါဝင်ခဲ့သူ သတင်းထောက် ကိုဝလုံးက “ ကျနော်တို့က ဦးသိန်းစိန်ပွဲကို သတင်း လာယူတာ။ Prees Freedom နဲ့ ပတ်သက်တဲ့ အကျီဝတ်ထားတဲ့အတွက် အထဲကို ဝင်လို့ မရဘူး။ အဲဒီတော့ အပြင်မှာနေပြီးတော့ မီဒီယာ တော်တော်များများ အထဲကို လုံးဝမ၀င်ဘဲနဲ့ ဆန္ဒပြတာ ။ ဒီပွဲကို ရောက်လာရတဲ့ အဓိက အကြောင်း အရင်းကလည်း Unity က ဂျာနယ်လစ်တွေ နှစ်ရှည် ထောင်ချခံရတယ်။ မွန်းတည့်နေ ဂျာနယ်က အယ်ဒီတာ တွေလည်း အဖမ်းခံထားရတယ်။ အဲဒါတွေက ကျနော်တို့ မီဒီယာဟာ အဖိနှိပ်ခံထားရတယ်လို့ ခံစားနေရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
သမ္မတဦးသိန်းစိန် ရောက်ရှိနေသော MPC အဆောက်အအုံအတွင်းသို့ ဝင်ရောက် ဆန္ဒထုတ်ဖော်ပါက မီဒီယာ သမားများကို ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း MPC မှ ဒေါက်တာမင်းဇော်ဦးက ဖုန်းဆက် သတိပေးခဲ့ကြောင်း သိရှိရသည်။
“ သူ(ဒေါက်တာ မင်းဇော်ဦး)က ကျနော့်ကို Presonal အရ ခင်လို့ သတိပေးတဲ့ သဘောပါ။ ကျနော်က ဖေ့ဘုတ် တင် လိုက်တော့ ပြဿနာက အခုလို ဖြစ်သွားတာပဲ ” ဟု မြန်မာဂျာနယ်လစ် ကွန်ရက်မှ အောင်သူရက ပြောပြသည်။
ထို့ပြင် သမ္မတရုံး ညွှန်ကြားရေးမှူးတဦး ဖြစ်သူ ဦးဇော်ဌေးကလည်း သတင်းသမားများအနေဖြင့် သမ္မတ ဦးသိန်းစိန် နှင့် ထိပ်တိုက်တွေ့ဆုံခြင်း မပြုလုပ်ရန် သတိပေးခဲ့ကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက်မှ သတင်းထောက် ဥက္ကာကိုကို က ပြောသည်။
“ သူပြောတာက ထိပ်တိုက်တွေ့ဆုံတာထက် သမ္မတကို အသနားခံစာ တင်ပြသင့်တယ်ဆိုတဲ့ သဘောမျိုး ပြောတာ ပါ” ဟု ဥက္ကာကိုကိုက ပြောသည်။
သမ္မတဦးသိန်းစိန်ကို ဆန္ဒပြသော သတင်းထောက်များကို ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြမှု ပုဒ်မ ၁၈ ဖြင့် အရေးယူမည် ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိပြီး လတ်တလောတွင် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ရန် အစီအစဉ်မရှိကြောင်း ကမာရွတ်မြို့နယ် ရဲစခန်းမှူး ဒုရဲမှူးမောင်မောင်ဦးက ဧရာဝတီသို့ ပြောဆိုသည်။
ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးအား ၁၉၂၃ ခုနှစ် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ၃/၁(က) ဖြင့် ၂၀၁၄ခုနှစ် ဇူလိုင် ၁၀ ရက်က၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း၊ လက်ရှိတွင် မွန်းတည့်နေ ဂျာနယ်မှ အယ်ဒီတာနှင့် သတင်းထောက် ၅ ဦးကို ကြားဖြတ်အစိုးရသတင်း ရေးသားမှုဖြင့် အနည်းဆုံး မြန်မာစာနယ်ဇင်း ၅ ဦး ထက် မနည်းကိုလည်း ဖမ်းဆီး အရေးယူထားကြောင်း သိရှိရသည်။
မြန်မာဂျာနယ်လစ်ကွန်ရက်ကလည်း သတင်းသမားများ ဖမ်းဆီးထောင်ချမှုအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။