သူနာမည်က မလူစီးယာ။ တချိန်က ခရစ်ယာန် သာသနာပြု သီလရှင်တဦးဖြစ်ခဲ့သည့်သူသည် ယခု ဆေးဝါး များ ထည့်ထားသည့် ကျောပိုးအိတ်တလုံးကို လွယ်ပိုးရသူတဦး ဖြစ်နေလေပြီ။ သူ့ကို ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ထဲက ရွာလေးတရွာ၏ စာသင်ကျောင်းလေးတခုထဲ၌ တွေ့ခဲ့ရသည်။
ဆေးကုသမှုခံယူရန် ရောက်လာသည့် ကယော တိုင်းရင်းသားများ ကြားတွင် နှာခေါင်းစည်း ကိုယ်စီ တပ်ထား သည့် မလူစီးယာနှင့် စေတနာ့ဝန်ထမ်း ဆရာမလေးများ အလုပ်ရှုပ်နေကြသည်။ ဖျားနာနေသည့် ကလေးငယ် များကို ချီပိုးထားသော မိခင်များ ၏ မျက်နှာသည် နွမ်းလျနေသည်။ ကလေးငယ်များ၏ အရိုးအဆစ်နှင့် ခန္ဒာကိုယ်ကလေးများသည် ဖြစ်သင့်သည်ထက် ပို၍ ပိန်လှီနေကြသည်။
မလူစီးယာနှင့် ဆရာမလေးများသည် ဆေးထိုး ရန် လိုအပ်သူများအား ဆေးထိုးခြင်း၊ သောက်ဆေးပေးရန် လိုအပ်သူများကို ဆေးပေးခြင်း စသဖြင့် ဂရုတစိုက် လုပ်နေကြသည်။ ဆေးသောက်ရမည့် အချိန်နှင့် ဆေးအရေအတွက်ကို လူနာများသေသေ ချာချာ နားလည်နိုင်စေရန် အထပ်ထပ် ရှင်းပြနေကြ သည်။
သူတို့ကား အခြားမဟုတ်။ ပြည်တွင်းစစ်၏ ဆိုးကျိုးများကြားတွင် ကာလကြာရှည် အသက်ရှင် နေထိုင်ခဲ့ရသဖြင့် ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေး အခြေခံ ရပိုင်ခွင့်များ ဆုံးရှုံးနေဆဲ တိုင်းရင်းသား ဒေသများသို့ ဆေးအိတ်များ ကိုယ်စီလွယ်လျက် တောထဲတောင်ထဲ အနှံ့လျှောက်သွားကာ ဆေးကုသမှုများ ပေးနေသည့် နယ်လှည့်ကျောပိုး အိတ် ကျန်း မာရေး လုပ်သားအဖွဲ့၏ စေတနာ့ ဝန်ထမ်းများ ဖြစ်သည်။
သူတို့သည် မြန်မာပြည် အရှေ့ဘက်အခြမ်းမှ ဝေးလံခေါင်သီ၍ အစိုးရ၏ ကျန်းမာရေး စောင့်ရှောက်မှု စနစ် လက်လှမ်း မမီသော တိုင်းရင်းသား ဒေသများအတွက် ယနေ့တိုင် အားကိုးနေရဆဲ ကျန်းမာရေးဝန်ထမ်းများ ဖြစ်သည်။
နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေး လုပ် သားအဖွဲ့သည် ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့တွင် အခြေ စိုက်ပြီး၊ မြန်မာပြည် အရှေ့ဘက်အခြမ်းရှိ၊ ကရင်၊ ကချင်၊ ကယား၊ မွန်၊ ရှမ်း၊ ကယန်း၊ ပလောင်၊ ပအိုဝ်းနဲ့ လားဟူ၊ ချင်းနှင့် ရခိုင်စသည့် နယ်မြေများတွင် ဝေးလံခေါင်သီ ဒေသများဆီသို့ လှည့်လည်ကာ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေ သည့် အဖွဲ့တခု ဖြစ်သည်။
မွန်၊ ကရင်၊ ကရင်နီ(ကယား)ပြည်နယ်များရှိ ဒီမိုကရေစီရေး တော်လှန်တိုက်ပွဲဝင်နေသည့် အဖွဲ့ များမှ ဆေးမှူးများ ပါဝင်ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ မယ်တော်ဆေးခန်းမှ ဒေါက်တာ စင်သီယာမောင် ဦးဆောင်ကာ ယင်းအဖွဲ့ကို ၁၉၉၈ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည်။
နယ်လှည့်ကျောပိုးအိတ် အဖွဲ့သည် စတင်ဖွဲ့ စည်းစဉ်က လုပ်သားအင်အား ၁၀ဝ ခန့်သာ ပါဝင်သည့် ဆေးအဖွဲ့ ငယ်ပေါင်း ၃၂ ဖွဲ့နှင့် စတင်ခဲ့ကာ ပဏာမ ကျန်းမာရေး စောင့်ရှောက်မှုများကို နယ် တကာလှည့်၍ လုပ်ဆောင် ခဲ့သည်။ ကျောပိုးအိတ် အဖွဲ့ငယ်တဖွဲ့တွင် ကျန်းမာရေး လုပ်သား ၃ ဦး၊ ဆေးပညာသင်တန်းများ ပေးထား သည့် ဒေသခံ ရိုးရာလက်သည် ၅ ဦးနှင့် ကျေးရွာ ကျန်းမာရေး လုပ်သား ၅ ဦးပါရှိပြီး၊ တဖွဲ့လျှင် လူဦးရေ ၂ ထောင် ကျော်ကို လွှမ်းခြုံနိုင်ရန် စီမံထားခြင်းဖြစ်သည်။
နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေးလုပ်သား အဖွဲ့၏ လုပ်ငန်းများကို လည်ပတ်လာပြီး ၁၉၉၉- ၂၀ဝ၀ ခုနှစ်များတွင် ဂျွန်ဟော့ကင်းတက္ကသိုလ်၊ အမေရိကန်အခြေစိုက် Global Health Access Program များထံမှ အသိအမှတ်ပြုမှုနှင့် နည်းပညာ ကူညီထောက်ပံ့မှုများ ရရှိခဲ့သည်။
သူတို့သည် ပြည်တွင်းစစ်ဒဏ်မှ ပုန်းရှောင်ရန် ရွာနှင့် အိုးအိမ်များကို စွန့်ခွာကာ တောတောင် အနှံ့တွင် ရွှေ့ပြောင်းသွားလာနေသည့် ဒုက္ခသည် များထံ အရောက်သွား၍ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကျန်းမာရေးပညာပေးမှုများကို လုပ်ကိုင်ခဲ့ကြသည်။
စတင်ဖွဲ့စည်းချိန်မှ စ၍ သူတို့ သွားလာလှုပ်ရှား ရာ ဒေသများသည် နယ်မြေတည်ငြိမ် အေးချမ်းမှု မရှိခြင်း၊ ပြည်တွင်းစစ် ဖြစ်ပွားနေသည့် ဒေသများ ဖြစ်နေခြင်းကြောင့် ကျန်းမာရေး လုပ်သားများ၏ အသက်အန္တရာယ် လုံခြုံရေးအတွက် စိန်ခေါ်မှုများ စွာနှင့် ရင်ဆိုင်ခဲ့ကြရသည်။ မြေမြှုပ်မိုင်းများနှင့် အစိုးရစစ်တပ်များသည် သူတို့အတွက် အန္တရာယ် များ ဖြစ်ခဲ့သည်။
“ကျနော်တို့ ဆောင်ရွက်နေတဲ့ ၁၅ နှစ်တာ ကာလမှာ ကျန်းမာရေး လုပ်သားတွေ၊ ရိုးရာ လက်သည်တွေဟာ မိုင်းထိပြီး သေတာတို့၊ ရေနစ်ပြီး သေတာတို့ ရှိခဲ့ဖူးတယ်။ မိုးရာသီတွေ၊ နွေရာသီတွေ မသိဘူးလေ။ လူထုဆီ ရောက်အောင်သွားတဲ့အခါ မှာ အဲလိုအသက်ဆုံးရှုံးရတယ်။ ဖမ်းဆီး ခံရတာ တွေလည်း ရှိခဲ့ဖူးတယ်”ဟု ဦးနိုင်အေးလွင်က ပြောသည်။
ကျောပိုးအိတ် ကိုယ်စီလွယ်ကာ တောတောင် အနှံ့ လျှောက်သွားနေသည့် သူတို့အဖွဲ့အတွက် လုံခြုံရေး အကူအညီကို ယင်းနယ်မြေ များတွင် စိုးမိုးနေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများထံမှ ယူကြရသည်။ ဒေသခံတိုင်းရင်း သားတို့ထံမှရသည့် သတင်းအချက်အလက်များဖြင့် တိမ်းရှောင်ကြရသည်။
အမည်းရောင်၊ အညိုရောင် စသဖြင့် အရောင် အမျိုးမျိုး သတ်မှတ်ထားသည့် ထိုဒေသများတွင် လှုပ်ရှားမှုများ၏ အကျိုးရလဒ်ကား အစိုးရအဆက် ဆက်ထံတွင် သူပုန်အဖွဲ့အဖြစ် သတ်မှတ်ခံရခြင်းပင် ဖြစ်လေ၏။
ဦးနိုင်အေးလွင်က”အဖွဲ့အစည်း တခုအပေါ်ကို အမြင်ဆိုတာထက် နယ်မြေဒေသပေါ်မှာ ထားတဲ့ အမြင်က အစိုးရရဲ့ သတ်မှတ်ချက်ပဲ။ အဲဒီတော့ သူတို့ရဲ့ အမိန့်ထဲမှာက တွေ့တဲ့လူ အကုန်ရှင်းကြေး ပဲ။ ဒီလူဟာ ကျန်းမာရေး လုပ်သားလား၊ ပညာရေး လုပ်သားလား သူတို့အမြင်မှာ မရှိဘူး။ ရွာတွေ့ ရင်လည်း ပစ်တာပဲ။ ကျနော်တို့ကို တွေ့ရင်လည်း ပစ်တာပဲ။ ထိုးစစ်ကာလမှာတော့ အကုန်လုံးကို သူတို့လုပ်တာပဲ။ တွေ့ရင် ပစ်တယ်။ မိရင်ဖမ်းတယ်” ဟု သူတို့အဖွဲ့ ဖြတ်သန်းခဲ့ရသည့် အတိတ်ကို ပြန် လည် ရှင်းပြသည်။
လက်ရှိ အချိန်တွင်မူ အခြေအနေ တမျိုးတဖုံ ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များနှင့် အစိုးရတို့ကြား အပစ်အခတ် ရပ်စဲရေး ဆွေးနွေးထားသည့် နယ်မြေများတွင် သွားလာလှုပ်ရှားရ လွယ်ကူလာသည်။ ကျန်းမာရေး လုပ်သားသစ်များ ထပ်မံမွေးထုတ်ပေးရန် အဆင် ပြေလာသည်။ ယခင်က ဆေးမှူးများကိုယ်တိုင် သွားလာရန်မလွယ်ကူခြင်းကြောင့် ဒေသခံ စေတနာ့ ဝန်ထမ်းကျန်းမာရေး လုပ်သားများ နှင့်သာ စောင့်ရှောက်မှု ပေးနေရာမှ ယခုအခြေအနေတွင် နယ်မြေ ဒေသခံများနှင့် လိုအပ်ချက်များကို တိုက်ရိုက်ထိတွေ့ ဆွေးနွေးခွင့်များ ရရှိလာခြင်းကလည်း တိုးတက်မှု တခုပင် ဖြစ်ကြောင်း ဦးနိုင်အေးလွင်က ပြောသည်။
လက်ရှိအချိန်တွင် နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေး လုပ်သားအဖွဲ့၌ ကျန်းမာရေး လုပ်သား ပေါင်း ၃၇၀ ကျော်၊ ဒေသခံ ရိုးရာလက်သည်နှင့် ကျေးရွာ ကျန်းမာရေး လုပ်သားများ အပါအဝင် စုစုပေါင်း အင်အား ၂ ထောင်ကျော်ရှိလာပြီး၊ လူဦး ရေ ၂ သိန်းကျော်အား လွှမ်းခြုံနိုင်သည့် ပမာဏ ဖြစ်ကြောင်း အဖွဲ့၏ ကိန်းဂဏန်း များအရ သိရ သည်။ အလားတူ အချို့ ပြည်နယ်များတွင် အထိုင် ဆေးခန်း ၃၀ ကျော် ဖွင့်လှစ်ထားပြီဖြစ် ကြောင်း သိရသည်။
ထိုသို့သော ကျန်းမာရေး လုပ်သားပေါင်း ၂ ထောင်ကျော်တွင် မလူစီးယာလည်း တဦးအပါအဝင် ဖြစ်သည်။
မလူစီးယာသည် ကယားပြည်နယ်၊ လွိုင်ကော် မြို့နှင့် ၂၁ မိုင် ဝေးသည့် ဖရူဆိုမြို့နယ်၊ ဟိုယာ ကျေးရွာတွင် နေထိုင်သော ကယော တိုင်းရင်းသူ တယောက် ဖြစ်သည်။ သူနေထိုင်ရာ ဒေသအတွင်း နိမ့်ကျနေသည့် ဖွံ့ဖြိုး မှုနှင့် ဆင်းရဲမွဲတေမှုများက သူ့ကို စေတနာဝန်ထမ်း အလုပ်ကို ဆက်လက်လုပ် ကိုင်စေသည့် တွန်းအားများ ဖြစ်နေသည်။
“ကျောပိုးအိတ်တွေလွယ်ပြီး တောင်တက် တောင်ဆင်း ခရီးတွေသွားပြီး ဆေးကုပေးရတာ အရမ်းမောတယ်။ လူတွေ အများကြီးနဲ့ ဆိုတော့ ပျော်လည်းပျော်တယ်” ဟု မလူစီးယာက ပြောသည်။
သို့သော် သူ့အတွက် အခက်အခဲဆုံး အချိန်က သူ့ဆီသို့ လူနာများ အားကိုးတကြီး ရောက်လာစဉ် လက်ထဲ၌ ကုသရန် ဆေးဝါး အဆင်သင့် ရှိမနေ သည့် အချိန်နှင့် ကျေးလက်ကျန်းမာရေး ဝန်ထမ်း တယောက်အနေနှင့် ကုသနိုင်စွမ်းမရှိသည့် ရောဂါ ဘယ ဖြစ်နေသူများကို တွေ့ရချိန် ဖြစ်ကြောင်း မလူ စီးယာက ဆိုသည်။
မလူစီးယာကဲ့သို့ ကျေးလက် ကျန်းမာရေး လုပ် သား အများစုသည် သတ်မှတ်လစာဝင်ငွေ တစုံ တရာ မရှိသည့် စေတနာ့ ဝန်ထမ်းများသာ ဖြစ်ပြီး၊ မိသားစု ဝင်ငွေအတွက် တောင်ယာစိုက်ပျိုးသည့် လုပ်ငန်းကို လုပ်ကိုင်ကြ သည်။ ကျောပိုးအိတ် အဖွဲ့ နယ်လှည့်စဉ်တွင် မိမိတို့အလုပ်များကို ထားကာ အတူတကွ လိုက်လံ ဆေးကုသ ပေးပြီး၊ ပိုလျှံသော ဆေးဝါးများကို ခွဲဝေကြသည်။ ထို့နောက် ကျောပိုး အိတ်အဖွဲ့ ပြန်သွားချိန်တွင် မိမိတို့ နေထိုင်သည့် ကျေးရွာများရှိ လူနာများကို ထိုလက်ကျန် ဆေးဝါး များဖြင့် ပြန်လည် ကုသပေးကြသည်။ လုပ်လက်စ တောင်ယာလုပ်ငန်းများ၊ စိုက်ပျိုးရေး လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ကြသည်။
သို့သော် ယခင်က ကျောပိုးအိတ်အဖွဲ့၏ နယ်လှည့်ခရီးစဉ်သည် ကာလ သတ်မှတ်ချက်တခုဖြင့် ကျေးရွာများ သို့ ပုံမှန် ကွင်းဆင်း သော်လည်း ယခု နောက်ပိုင်းတွင် ဆေးဝါးအချိန်မီ ရောက်ရှိမှု အားနည်းခြင်း၊ အချိန်မှန် လာရောက် ဆေးကုသပေး နိုင်မှု လျော့နည်းလာကြောင်း ကျေးလက်ကျန်းမာရေး လုပ်သားအချို့နှင့် ကယား ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ရာဧပရား ကျေးရွာမှ ဒေသခံများက ပြောသည်။
“၂၀၁၂ လောက်တုန်းကဆို ဆေးကုပေးမယ့် အဖွဲ့တွေ ၆ လ တကြိမ်လောက် ပုံမှန်ရောက်လာ တယ်။ ၂၀၁၄ မှာ ပုံမှန် မလာတော့ဘူး။ ကလေးတွေ ဖျားတာ၊ ကာလဝမ်းရောဂါ ဖြစ်တာတွေရှိတော့ အဖွဲ့ကပေးတဲ့ ဆေးတွေက အဆင်ပြေတယ်။ အခု ကျတော့ ဆရာမ မကုနိုင်ရင် သေပဲ။ ဆေးရုံတက်ဖို့ ပိုက်ဆံမရှိဘူး” ဟု ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ရာဧပရား ကျေးရွာမှ ကျေးရွာ ဥက္ကဋ္ဌက ပြောသည်။
သူက ဆက်လက်၍ “နေမကောင်းလို့ ကျန်းမာ ရေး ဝန်ထမ်းရှိတဲ့ဆီကို ဆက်သွယ်ဖို့ကလည်း ဖုန်းလိုင်း မမိ ဘူး။ သွားလာရ ဝေးတော့ အရမ်းခက်ခဲ ပါတယ်။ အချိန်ပြည့် ဆရာမနေပေးမယ့် ဆေးခန်းရှိ စေချင်တယ်။ န.တ.လ က ချပေးတဲ့ ကျေးလက် ကျန်းမာရေး ဌာနခွဲရှိပေမယ့် ဆရာမက ပုံမှန်မရှိ ဘူး” ဟု အခက်အခဲနှင့် လိုအပ်ချက်ကို ရင်ဖွင့်သည်။
ထို့အတူ ရာဧပရား ကျေးရွာမှ မူလတန်းပြ ကျောင်းဆရာတဦးဖြစ်သည့် ဦးရောဘတ်ဒို က လည်း “လုပ်နေကြ အလုပ်လေးတွေ ပုံမှန်လာလုပ်ဖို့ အကြံပေးချင်ပါတယ်” ဟု ကျောပိုးအိတ် အဖွဲ့အား အကြံပြုသည်။
ယခင်က ထိုင်း-မြန်မာ နယ်စပ်တလျှောက် ပံ့ပိုးကူညီနေသည့် နိုင်ငံတကာလူမှုရေးအဖွဲ့အစည်း များစွာ ရှိခဲ့ရာမှ မြန်မာပြည်တွင်း နိုင်ငံရေးအခြေ အနေ ပုံစံပြောင်းလဲလာသည့် နောက်ပိုင်း၌ ၎င်းတို့ သည် နယ်စပ်ဒေသထက် ပြည်တွင်းသို့ ဦးတည်လာ ကြသည်။
ဝေးလံခေါင်သီ၍ ဆေးရုံဆေးခန်းနှင့် မနီး သော ဒေသများမှ တိုင်းရင်းသားများ၏ အကြံပြု ချက်များနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် နယ်လှည့် ကျောပိုးအိတ် အဖွဲ့၏ လက်ရှိ အချိန်ကြုံ တွေ့နေရသည့် အခက်အခဲမှာ လမ်းပန်း ဆက်သွယ် ရေး နှင့် ဒေသတွင်း လုံခြုံရေး အခြေအနေပြီးလျှင်၊ ငွေကြေး အရင်း အမြစ်ပင်ဖြစ်ကြောင်း ဦးနိုင်အေး လွင်က ဆိုသည်။
သူက “မြန်မာနိုင်ငံမှာ ပုံစံပြောင်းလာတာနဲ့ အမျှ၊ စိတ်ဝင်စားမှုတွေ ပြောင်းလာတာနဲ့ အမျှ နယ်စပ်ဒေသကို အခြေပြုပြီး လုပ်နေတဲ့ အဖွဲ့တွေမှာ ငွေကြေးဆိုင်ရာ လိုအပ်ချက် တွေကလည်း စိန်ခေါ် မှု ဖြစ်လာတယ်။ ကျနော်တို့ ကျောပိုးအိတ် အဖွဲ့ဆို ရင် အလှူရှင်တွေရဲ့ ထောက်ပံ့မှုက ပုံမှန်ခန့်မှန်း ထားတာရဲ့ ၆၀ ရာခိုင်နှုန်း လောက်ပဲ ရတော့တယ်” ဟု ပြောသည်။
ဦးနိုင်အေးလွင်က “အရင်တုန်းကဆို ကလေး တွေရဲ့ ကျန်းမာရေး၊ တကိုယ်ရေ သန့်ရှင်းရေးကိစ္စတွေ လုပ်ပေးတယ်။ အခုဆိုရင် အဲဒါတွေကကျနော် တို့ရဲ့ ဦးစားပေးမှုထဲမှာ တော်တော်လေး အခက်အခဲ ဖြစ် လာတယ်။ ငွေကြေးမလုံလောက်မှုက စိန်ခေါ်မှု ပဲ” ဟု ဆက်လက်ရှင်းပြသည်။
ဒေသခံလူထုနှင့်အဖွဲ့အစည်းများကြားယုံကြည် မှုနှင့် အားကိုးမှုများ ခိုင်မာစွာရရှိလာသည့် ကျောပိုး အိတ် အဖွဲ့အတွက် အခြားသောအားနည်း ချက်များ နှင့် ဒေသခံများအား ဖြည့်ဆည်းပေးနိုင်ရန် လိုအပ် ချက် များစွာလည်း ရှိနေသေးသည်။
ပစ္စည်းကိရိယာ မစုံလင်ခြင်း၊ အခြေအနေ ဆိုးရွားသည့် အရေးပေါ် ကျန်းမာရေး ကိစ္စများ ကြုံလာပါက ဒေသခံ ဆေးမှူးများ ကုသနိုင်ရန် ခက်ခဲခြင်းတို့သည် အားနည်းချက်များဖြစ်သည်။
ဒေသခံ ကျန်းမာရေး လုပ်သားတဦးအနေဖြင့် ကြုံရသည့် အခက်အခဲကို “ဒီမှာရှိတဲ့ အစိုးရ ဆေးရုံမှာ သွားကု ရင် ပိုက်ဆံပေးရတော့ အလကားပေး တဲ့ ဆီကိုပဲ လာကြတယ်။ အာဟာရ ချို့တဲ့သူတွေနဲ့ တောင်ယာ တွေမှာ တောင်တက် တောင်ဆင်း အလုပ်လုပ်လို့ အားကုန်နေတဲ့ လူတွေက ဆေးပု လင်းကြီး ချိတ်ပေးဖို့ တောင်း တယ်။ ဝင်ငွေမရှိတော့ ဆေးကို ပိုက်ဆံပေးပြီး မထိုးနိုင်၊ မကုနိုင်ကြဘူး။ ကိုယ်မှာလည်း မရှိနေတော့ ဘာမှ မလုပ်ပေးနိုင်ဘူး။ စိတ်မကောင်း ဖြစ်ရတယ်” ဟု မလူစီးယာက ပြော သည်။
နောက်ထပ် အခက်အခဲတခုမှာ နိုင်ငံရေး အခြေအနေ ပြောင်းလဲလာပြီးနောက်ပိုင်း အစိုးရက တာဝန်ချထား ပေးသည့် ဝန်ထမ်းများ၏ ပူးပေါင်း ဆောင်ရွက်မှု အားနည်းခြင်းပင်ဖြစ်ကြောင်း ဦးနိုင်အေးလွင်က ပြောသည်။
“နှစ်ပေါင်းများစွာ အာဏာရှင် စနစ်အောက်မှာ နေရတဲ့ အခါ ကြောက်ရွံ့နေရတဲ့ အနေအထားကလည်း ဒီနေ့အထိ တချို့နေရာတွေမှာ ရှိနေသေး တယ်။ အဓိကတော့ ဒေသထဲကိုဝင်လာတဲ့ ကျောင်း ဆရာ၊ ဆရာမ တွေ၊ ဆေးရုံဆေးခန်း ဝန်ထမ်းတွေပဲ။ ကျနော်တို့ဘက်က ဘယ်လောက်ပဲ ကောင်းကောင်း လုပ်နေလုပ်နေ၊ သူတို့ဘက်ကတော့ ပူးပေါင်း ဆောင်ရွက်မှုပိုင်းမှာ နည်းနည်း အခက်အခဲတွေ ရှိနေသေးတယ်” ဟု သူက ပြောသည်။
ထို့အတူ တိုင်းရင်းသား ဒေသများတွင် ၁၅ နှစ်တာ ကာလဝန်းကျင် လှုပ်ရှားခဲ့ပြီး ကျေးလက် ကျန်းမာရေး လုပ်သားများ မွေးထုတ်ပေးခဲ့ကာ၊ ဒေသခံများနှင့် အဖွဲ့အစည်းများကြား ယုံကြည်အား ကိုးမှုများ ရရှိနေခြင်း အပေါ် အစိုးရ၏ အသိအမှတ် ပြုမှုကလည်း လိုအပ်ချက်ဖြစ်လာသည်။
“တိုင်းပြည်မှာ တကယ်လိုအပ်တဲ့၊ တိုင်းရင်း သားပေါင်းစုံနဲ့လည်း လိုက်လျောညီထွေမှုရှိတဲ့ ဖက်ဒရယ်စနစ်ကို တည်ဆောက်မယ်လို့ နိုင်ငံရေး အရ စဉ်းစားရင်၊ ဖက်ဒရယ်နဲ့ လိုက်လျောညီထွေတဲ့ ကျန်းမာရေး စနစ်လည်း ဖြစ်ဖို့ လိုတယ်။ အဲလို ကျန်းမာရေး စနစ်တခုကို တိုင်းပြည်မှာ တည် ဆောက်တော့မယ်ဆိုရင် ရှိပြီးသား အရင်းအမြစ် တွေပေါ်မှာ အသိအမှတ်ပြုမှုကလည်း အရေးကြီး တယ်” ဟု ဦးနိုင်အေးလွင်က ဆိုသည်။
သူက “ဒါပေမယ့်လည်း ကျနော်တို့ရဲ့ နည်းဗျူ ဟာမှာတော့ အသိအမှတ်ပြုမှုကို ၂ ပိုင်း ထား ထားတယ်။ ဒေသထဲမှာ ရှိနေတဲ့ ကျန်းမာရေး အဖွဲ့ အစည်းတွေက သူ့လုပ်သားတွေကို အသိအမှတ် ပြု ထားတယ်။ လူထုရဲ့ အသိအမှတ်ပြုမှုနဲ့ ဆက်သွား မယ်။ ဒါက ကိုယ့်ဒေသတွင်းမှာ ဖြစ်နေတဲ့ အပိုင်း။ လူတွေကို အသစ်အသစ် မွေးထုတ်တာထက် စာရင် ရှိနေပြီးသား အရင်းအမြစ်တွေကို အသိအမှတ်ပြုမှု ဆောင်ရွက် မယ်ဆိုရင် ကျနော်တို့ရဲ့ တိုင်းပြည် တည်ဆောက်မှု လုပ်ငန်းမှာ အရမ်းကောင်းမွန်မယ်” ဟု သူ၏ အမြင်ကို ဆက်လက်ပြောသည်။
နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေး လုပ် သားအဖွဲ့သည် အစိုးရ၏ ကျန်းမာရေးစနစ် လက် လှမ်းမမီသည့် ဝေးလံခေါင်ဖျား ဒေသများတွင် အစိုးရတရပ် လုပ်ဆောင်ရမည့် တာဝန်များကို အစားထိုး ထမ်းပိုးခဲ့သည့် နယ်စပ် လူမှုရေး အဖွဲ့ အစည်းများ အနက် တခုဖြစ်သည်။
ပြည်တွင်းစစ်များ ဖြစ်ပွားနေသဖြင့် နယ်မြေ မတည်ငြိမ်မှုကြောင့် ကျောပိုးအိတ်များလွယ်ကာ သူတပါး အသက်ကိုကယ်တင်ရန် ကြိုးစားရင်း မိမိ တို့၏ အသက်ခန္ဒာကို ရင်းနှီးပေးဆပ် ခဲ့ရသည့် စေတနာ့ဝန်ထမ်း များစွာ ရှိခဲ့သည်။
ဒေသခံ စေတနာ့ ဝန်ထမ်းများသည် အစိုးရ၏ အသိအမှတ်ပြုမှု၊ အစိုးရ ဝန်ထမ်းများ၏ ပူးပေါင်း ဆောင်ရွက်မှု တို့ကို ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ မိမိတို့နေထိုင်ရာ ဒေသများရှိ လိုအပ်ချက်များကို အစိတ်အပိုင်းတခု အဖြစ် တာဝန်ယူ ဖြည့်ဆည်းပေးလိုစိတ်ရှိနေသည်ကို တွေ့ရသည်။
သူတို့လိုလားနေသည့် အချက်မှာ လူနာများ ရောက်လာချိန်တွင် ကုသပေးနိုင်မည့် ဆေးဝါးများ အလုံအ လောက် ရှိနေလိုခြင်း၊ ယခု တတ်မြောက် ထားသည့် ဆေးပညာထက် ပိုပြည့်စုံသည့် ပညာရပ် များကို ဆက်လက်သင်ကြားရမည့် အခွင့်အရေးများ ပင်ဖြစ်၏။
“ဆေးပညာနဲ့ ပတ်သက်တဲ့ သင်တန်းတွေကို စိတ်ဝင်စားတယ်။ သင်တန်းတွေ ထပ်တက်ချင်တယ်။ သင်တန်း တက်လေလေ ကိုယ့်အတွက် ပညာရလေ လေပဲ။ ပြီးရင် ကိုယ့်ရွာမှာပဲ ကိုယ်အလုပ် လုပ်ချင် တယ်” ဟု အထက်တန်း အဆင့်ထိ ပညာသင်ကြားဖူး သည့် မလူစီးယာက သူ့ဆန္ဒကို ဖွင့်ဟပြောဆိုသည်။
တဖွဲဖွဲ ရောက်ရှိလာသည့် လူနာများကြားတွင် အလုပ်ရှုပ်နေသည့် မလူစီးယာနှင့် ဆရာမကလေး များ၊ နယ်လှည့် ကျောပိုးအိတ်အဖွဲ့ လှုပ်ရှားရာ ဒေသများရှိ ကျေးလက်ကျန်းမာရေး ဝန်ထမ်းများ အားလုံးသည် လည်း ထိုဒေသများအတွက် အနီးကပ် ဆုံး အားကိုးအားထားပြုနေရဆဲ လူသားအရင်း အမြစ်များဖြစ်ရာ ထိုသို့သော အခွင့်အရေးက ပို၍ အရေးကြီး ပေလိမ့်မည်။
မိမိတို့ ယူရမည့် တာဝန်ကို နှစ်ပေါင်းများစွာ အစားထိုး ထမ်းပိုးထားပြီး၊ လူပေါင်း ၂ သိန်းကျော် အတွက် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနေ သည့် နယ်လှည့် ကျောပိုးအိတ်ကဲ့သို့သော အင်အား စုများကို အစိုးရအနေနှင့် မည်သို့ ကောင်းမွန်စွာ အသုံးပြုမည်၊ ပူးပေါင်းဆောင်ရွက်မည်၊ ပံ့ပိုးကူညီ မည် ဆိုသည့် အချက်များကလည်း စိတ်ဝင်စားဖွယ်ပင် ဖြစ်သည်။