Women

အမျိုးသမီးကဏ္ဍ တိုးတက်ရေး သီချင်းရေးပြိုင်ပွဲ ဆုရသီချင်းများ ပြည်သူများအကြား အခမဲ့ ဖြန့်မည်

This article has been converted from Zawgyi One to Unicode

အမျိုးသမီးများ၏ အခန်းကဏ္ဍ တိုးတက်ရေးအတွက် ဂီတ ဖန်တီးမှုများမှ တဆင့် လှုံ့ဆော်နိုင်ရန် ရည်ရွယ်ကျင်းပသည့် “အမျိုးသမီးများ ဦးဆောင်ရေး၊ အခွင့်အလမ်းများ ဖန်တီးပေး” အမည်ရှိ သီချင်းရေးပြိုင်ပွဲမှ ဆုရ သီချင်းများကို ပြည်သူလူထု အကြား အခမဲ့ ဖြန့်ချိမည်ဟု သိရသည်။

Oxfam INGO နှင့် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်းဖြစ်သော အမျိုးသမီးအဖွဲ့များ ကွန်ရက် (မြန်မာ) တို့ ပူးပေါင်းပြီး ဦးဆောင်မှု၊ အုပ်ချုပ်ရေးနှင့် နိုင်ငံရေး လုပ်ငန်းများတွင် အမျိုးသမီးများ ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်နိုင်ရန် အဆိုပါ သီချင်းရေးပြိုင်ပွဲကို မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ အထိ ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဆုချီးမြှင့်ပွဲကို ဇူလိုင် ၁၂ ရက်နေ့က ရန်ကုန်မြို့ အလံပြဘုရားလမ်းပေါ်ရှိ ပါ့ခ်ရွိုင်ရယ် ဟိုတယ်တွင် ညနေ ၃ နာရီမှ ၅ နာရီအထိ ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲဝင် တေးရေး C ထမ်းဇီ ရေးသည့် “ကြိုဆိုသော မနက်ဖြန်များ”၊ ရုသ် ခင်အောင် ရေးသည့် လက်ကမ်းနိုင်စို့နှင့် နေမိုးစက်၏ အနာဂတ်နေ့သစ် အမည်ရှိ သီချင်း ၃ ပုဒ်တို့ ရွေးချယ်ခံခဲ့ရသည်။

ဆုရရှိသည့် သီချင်းတပုဒ်အတွက် ဆုငွေ ကျပ် ၆ သိန်းနှင့် Themes Song အဖြစ် “ကြိုဆိုသော မနက်ဖြန်များ” သီချင်းကို ထပ်မံ ရွေးချယ်ခဲ့သည်။

အကဲဖြတ်ဒိုင်လူကြီးများ အဖြစ် စီမံကိန်းအဖွဲ့ဝင်များ အပြင် အနုပညာအကြံပေးအဖြစ် တေးရေး မြင့်မိုးအောင်၊ ဦးဆောင် အနုပညာရှင်များ အဖြစ် အဆိုတော် သျှီနှင့် ဆုန်သင်းပါရ်တို့ ပါဝင်ကြကြောင်း သိရသည်။

“ဒီ Project က အဓိက ရည်ရွယ်ပြီး လုပ်ဖြစ်တာက ကျနော်တို့နိုင်ငံမှာရှိတဲ့ နိုင်ငံသူ နိုင်ငံသားအားလုံး အနေနဲ့ အမျိုးသမီး တွေရဲ့ အခန်းကဏ္ဍကို စဉ်းစားမိအောင်၊ အနည်းဆုံး ဒီသီချင်းလေးတွေ နားထောင်မိတဲ့အခါ အမျိုးသမီးတွေနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ပြောဖြစ်မယ်။ ဒီသီချင်း စာသားလေးတွေက အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို တစိတ်တပိုင်းကနေ ခွန်အားဖြစ်စေပြီးတော့ ဦးဆောင်မှုနေရာ ထိရောက်အောင် လုပ်ဆောင်ယူနိုင်ကြမယ်လို့ ကျနော်တို့ မျှော်လင့်ပြီး လုပ်ခဲ့ပါတယ်။ မျှော်လင့်တဲ့ အတိုင်းလည်း အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။  ဒီပြိုင်ပွဲကနေ ရွေးချယ်ထားတဲ့ ဆုရသီချင်းတွေကို မီဒီယာတွေကနေတဆင့် တနိုင်ငံလုံး ပြည်သူလူထုကြားကို အခမဲ့ဖြန့်လွှင့် သွားမှာဖြစ်ပါတယ်” ဟု စီမံကိန်း၏ Oxfam in Myanmar Programme Manager ဦးနေဇင်လတ်က ပြောသည်။

Themes song အဖြစ် ရွေးချယ်ခံရသည့် သီချင်းအတွက် ဆုငွေ ကျပ် ၇ သိန်း ထပ်မံ ချီးမြှင့်ခဲ့ပြီး ရွေးချယ် ခံရသော သီချင်းများကို နိုင်ငံကျော် အမျိုးသမီး တေးသံရှင်များဖြစ်သည့် ဆုန်သင်းပါရ်၊ သျှီ တို့နှင့်အတူ လီလီမြင့်၊ အက်စ်တာ၊ ကေကေမိုး၊ ထွန်းရတီ၊ ဝတ်ရည်ထက်၊ မို့မို့လွင်၊ ဂျူဝယ်လ်၊ စိမ်းလဲ့လဲ့ အစရှိသည့်အဆိုရှင်များက သီဆိုပေးခဲ့ကြသည်ဟု သိရသည်။

“အမျိုးသမီး သီချင်းရေးပြိုင်ပွဲကို စသိလိုက်တဲ့အခါမှာ ကျမစိတ်ထဲမှာ ခံစားလိုက်ရတာက မြန်မာနိုင်ငံမှာ ရှိတဲ့ အမျိုးသမီးတွေအကြောင်း၊ ပြီးတော့ ဒီပြိုင်ပွဲကနေ ရွေးချယ်ခံရတဲ့ သီချင်းတွေကို နားထောင်တဲ့အခါမှာ ပြည်သူလူထု အတွက် တခုခုရစေချင်တယ် ဆိုတဲ့ စိတ်ဆန္ဒနဲ့ ကိုယ်ကိုယ်တိုင်လည်း မစမ်းကြည့်ဖူးတဲ့ တေးရေးအလုပ် လုပ်ကြည့်ချင်တာနဲ့ တချက်ခုတ် သုံးချက်ပြတ်အနေနဲ့ ကျမပြိုင်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်” ဟု လက်ကမ်းနိုင်စို့ တေးသီချင်း ဖြင့် ဆုရရှိခဲ့သူ တေးရေး ရုသ်ခင်အောင်က ပြောသည်။

လက်ကမ်းနိုင်စို့ သီချင်းကို ရေးရာတွင် မြန်မာနိုင်ငံ၏ အလွှာနှစ်လွှာတွင် ရှိသော အမျိုးသမီးများ အကြောင်းကို စပ်ဆိုခဲ့ရာ ပထမတလွှာရှိ အောင်မြင်နေသည့် အမျိုးသမီးများ၊ ဒုတိယ တလွှာက အကူအညီ လိုအပ်နေသည့် အမျိုးသမီးများ အကြောင်းကို စပ်ဆိုခဲ့ကြောင်း၊ ၎င်းအနေဖြင့် အကူညီလိုအပ်နေသည့် အမျိုးသမီးများကို ကူညီပေးလိုသည့် စိတ်ခံစားချက် ဖြစ်ပေါ်စေရန် မီးမောင်းထိုးပြလိုသည့် ဆန္ဒဖြင့် ရေးသားခဲ့ခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

Themes Song ဆုပိုင်ရှင် ကြိုဆိုသော မနက်ဖြန်များ တေးရေး C ထမ်းဇီကလည်း “ဒါ ကျမ ပထမဆုံးရေးပြိုင်တဲ့ အကျိုးပြုသီချင်းပါ။ ဒီသီချင်းကို Themes Song အဖြစ် အရွေးခံရတဲ့ အတွက် အရမ်းဝမ်းသာပါတယ်။ အရမ်းလည်း ကျေးဇူးတင်ပါတယ်။ ကျမဒီပြိုင်ပွဲကို ပြိုင်ဖို့ ဆုံးဖြတ်ပြီးတဲ့အခါ တပုဒ်လုံးရေးပြီး ပြန်နားထောင်တော့ သိပ်အားမရခဲ့ဘူး။ အမျိုးသမီး အကျိုးပြုသီချင်းကို ကျမတခါမှ မရေးခဲ့ဖူးဘူး။ အကောင်းဆုံး ပြန်ပြင်ရေးတယ်။ ဒီသီချင်းကို အခေါက်ခေါက် အခါခါ ပြန်ဆိုတယ်၊ ပြန်နားထောင်တယ်။ ဒီသီချင်းကို ကျမ ကိုယ်တိုင် အကြိမ်ပေါင်းများစွာ နားထောင်ထားတော့ အရမ်းကို အားရပါတယ်။ နားထောင်တဲ့ အမျိုးသမီးတွေလည်း ခွန်အားပြည့်နိုင်ပါစေလို့ ကျမ မျှော်လင့်ပါတယ်” ဟု ဆိုသည်။

ဆုရရှိသော သီချင်း ၃ ပုဒ်နှင့်အတူ တေးရေး စိမ့်၏ သီချင်းတပုဒ် အပါအဝင် စုစုပေါင်းသီချင်း ၄ ပုဒ်ကို အသံသွင်းခြင်း၊ MTV ရိုက်ကူးခြင်းများ ပြုလုပ်ပြီး DVD သီချင်းခွေအဖြစ် ထုတ်လုပ်သွားမည်ဖြစ်ကာ ပြည်သူလူထုကြား အခမဲ့ ဖြန့်ဝေသွားမည် ဖြစ်သည်။

ထိုသီချင်းများ ပြည်သူလူထုထံ ပိုမို ရောက်ရှိကာ ထိရောက်မှုရှိစေရန် FM Radio များမှ ထုတ်လွှင့်ခြင်းနှင့် စင်မြင့် ဂီတဖျော်ဖြေပွဲများလည်း ပြုလုပ်သွားမည်ဟု သိရသည်။

“ကျမတို့ မြန်မာအမျိုးသမီးတွေက ဓလေ့ထုံးတမ်း အစဉ်အလာတွေအရ ခေါင်းဆောင်နေရာ၊ ထိပ်သီးနေရာကို တာဝန်ယူဖို့ ကျမတို့ကို ဦးဆောင်ခိုင်းတော့မယ် ဆိုရင်၊ ဆုံးဖြတ်ချက် တခုကို ချခိုင်းတော့မယ်ဆိုရင် လူတွေဟာ အင်မတန်မှ စဉ်းစား ကြပါတယ်။ အင်မတန်မှ စိုးရိမ်ကြပါတယ်။ ဒါပေမယ့် ကျမတို့ အမျိုးသမီးတွေထဲမှာ ခေါင်းဆောင်နိုင်တဲ့သူတွေ၊ ဦးရွက် ဦးဆောင် ပြုနိုင်တဲ့သူတွေ၊ ဆုံးဖြတ်ချက်ချနိုင်သူတွေ ဒုနဲ့ဒေးပါ” ဟု အဆိုပါ စီမံကိန်း၏ ပြောရေးဆိုခွင့်ရှိသူ တဦး ဖြစ်သည့် အမျိုးသမီးအဖွဲ့များ ကွန်ယက် (မြန်မာ) မှ Network Officer ဒေါ်သန္တာတင်က ပြောသည်။

မြန်မာ အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူအခွင့်အရေး ရှိသည်ဟု ဆိုသော်လည်း အမျိုးသမီးများက ခေါင်းဆောင် နေရာကို တာဝန်ယူသည့်အခါ အဟန့်အတားများ ရှိနေခြင်း၊ လုပ်ငန်းခွင်တွင် ခွဲခြားခံနေရခြင်း၊ ကျားမဆိုင်ရာ အကြမ်းဖက်မှုများ တွေ့ကြုံနေရခြင်း၊ အမျိုးသမီး မျိုးဆက်သစ်များကို ခေါင်းဆောင်မှုနေရာ ရယူနိုင်ရန် အတွက် ဦးဆောင်လမ်းပြမည့် အမျိုးသမီး စံပြပုဂ္ဂိုလ်များ နည်းပါးခြင်း စသည့် အချက်များက သာဓက ပြလျက်ရှိသည်ဟု Oxfam ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်ကို တွေ့ရသည်။

ဒေါ်သန္တာတင်က ဆက်လက်၍ “ဒီနေ့ကျမတို့ အမျိုးသမီးတွေကို လူမှုရေး နယ်ပယ်တွေမှာတင် မဟုတ်ဘဲ စီးပွားရေး နယ်ပယ်တွေ သာမက အနုပညာနယ်ပယ်၊ နိုင်ငံရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုးရေး နယ်ပယ်တွေမှာ အမျိုးသမီးတွေဟာ ဦးဆောင်ဦးရွက် ပြုတဲ့နေရာတွေ၊ ဆုံးဖြတ်ချက် ချတဲ့နေရာတွေမှာ ပါဝင်ဖို့ ကျမတို့ အဖွဲ့အစည်းတခုတည်း လုပ်ဆောင်လို့ မရပါဘူး။ ကျမတို့ အမျိုးသမီးတွေကို နေရာသေးသေးလေး တခုကနေ ဦးရွက်ဦးဆောင် ပြုစေပြီး ဆုံးဖြတ်ချက် ချတဲ့နေရာတွေ ပေးမယ်ဆိုရင် ကြီးမားတဲ့နေရာတွေကို ဦးဆောင်နိုင်တဲ့အထိ လက်လှမ်းယူနိုင်မှာပဲ ဖြစ်ပါတယ်” ဟု ဆိုသည်။

မကြာသေးမီက Oxfam, Trocaire, CARE, ActionAid စသည့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ကျား၊ မ ရေးရာ တန်းတူ ညီမျှရေးကွန်ရက် (GEN) တို့ ပူးပေါင်းပြုလုပ်ခဲ့သည့် သုတေသန ရလဒ်အရ အမျိုးသမီးများသည် နေရာအသီးသီးတွင် ခေါင်းဆောင် နေရာကို ရယူရန် သိသာထင်ရှားသည့် အခက်အခဲများ ကြုံတွေ့နေရကြောင်း၊ ထိုအချက်သည် အမျိုးသမီး များ၏ စွမ်းရည်မြှင့်တင်ရေးနှင့် မြန်မာ့အနာဂတ်ကို ပုံဖော်ရာတွင် ကြီးစွာသော ဆိုးကျိုး သက်ရောက်မှု ဖြစ်စေနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Oxfam သည် ဆင်းရဲနွမ်းပါးမှုနှင့် မတရားမှုတို့အတွက် ရေရှည် ဖြေရှင်းနည်းများ ရှာဖွေဖော်ထုတ်ရန် နိုင်ငံပေါင်း ၉၀ ကျော်တွင် လုပ်ငန်းများ ဆောင်ရွက်နေသည့် အဖွဲ့အစည်း ၁၇ ဖွဲ့ ပါဝင်သော နိုင်ငံတကာ အဖွဲ့အစည်း တခုဖြစ်ပြီး မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်မှ စတင်ကာ Oxfam in Myanmar ဆိုသည့် ရုံးခွဲအဖြစ် ဖွင့်လှစ်ခဲ့သည်။ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် ထိခိုက်ခံစားခဲ့ရသော ပြည်သူလူထုအား ကူညီပံ့ပိုးပေးရန် စတင်ဖွင့်လှစ်ခဲ့သော အဖွဲ့အစည်းတခုလည်း ဖြစ်သည်။

Loading