၂၀၁၅ ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ လုံး၀ မသေချာတဲ့အခြေအနေတွေ ရှိလာ တာမို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး လူထု လှုပ်ရှားမှုတွေမှာ သမ္မတဦးသိန်းစိန်၊ လွှတ်တော်နာယက ဦးရွှေမန်းနဲ့ စစ်တပ်ကို ပွင့်ပွင့်လင်းလင်းဝေဖန်ပြီး နိုင်ငံနဲ့ လူမျိုး မျက်နှာကြည့်ဖို့ ပြောဆိုလိုက်ပါတယ်။
ဇူလိုင်လ ၁၂ ရက်နေ့ မကွေးတိုင်း ပခုက္ကူမြို့မှာ ကျင်းပတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲမှာ ပြည်သူလူထု သိန်း ချီ တက်ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က သမ္မတဦးသိန်းစိန်၊ ဦးရွှေမန်းနဲ့ စစ်တပ်မှာ ဒီမိုကရေစီအရေး၊ တိုင်း ပြည် နဲ့ လူမျိုးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးဖို့ စေတနာ၊ ပညာ၊ သတ္တိမရှိဘူးလို့ ဝေဖန်ပြောဆို လိုက် ပါတယ်။
အရင်က ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အုပ်စုတခုတည်းမှာ ရှိနေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်နာယက ဦးရွှေမန်း တို့က ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာချိန်မှာတော့ သူတို့ဆက်ဆံရေးပြိုကွဲသွားခဲ့ပါပြီ။ နေပြည်တော် လွှတ်တော် အဆောက်အအုံမှာ ဇူလိုင် ၃ ရက်နေ့ ကျင်းပခဲ့တဲ့ ဦးရွှေမန်း၊ ဦးအောင်သောင်းနဲ့ ဦးဌေးဦးတို့ရဲ့ ပူးတွဲ သတင်း စာ ရှင်းလင်း ပွဲမှာ ဦးရွှေမန်းက NLDရဲ့ အခြေခံဥပဒေ ပုဒ်မ ၄၃၆ လှုပ်ရှားမှုတွေက လွှတ်တော် ကို သက်ရောက် မှုမရှိဘူး လို့ ပြောဆို ခဲ့တဲ့အပြင် NLDနဲ့ တိုင်းရင်းသားပါတီတွေ ဆန့်ကျင်နေတဲ့ အချိုးကျကိုယ်စားပြု(PR) စနစ်ကိုလည်း နိုင်ငံအတွက် အကျိုး ရှိရင် အသုံးပြုမယ်လို့ ကြေညာခဲ့ပါတယ်။
ဦးရွှေမန်းရဲ့ပြောဆိုချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ပခုက္ကူ အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲမှာ တချက်ချင်း ဆိုသလို ပြန်လည်တုံ့ပြန်တဲ့အပြင် ဦးရွှေမန်းရဲ့ ရပ်တည်ချက်ကို မေးခွန်းထုတ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော် အနေနဲ့ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူ့အသံ လွှတ်တော်အသံလို့ ဆိုခဲ့ပြီးမှ ပြည်သူတွေ တက်တက် ကြွကြွပါဝင်နေတဲ့ ပုဒ်မ ၄၃၆ လှုပ်ရှားမှုက လွှတ်တော်ကို သက်ရောက်မှု မရှိဘူးဆိုတာက လွှတ်တော်ရဲ့ တန်ဖိုးကို ပြသတာပဲလို့ ထောက်ပြ ဝေဖန်သွားပါတယ်။
“လွှတ်တော် နာယကကြီး ဦးရွှေမန်း သတင်းစာရှင်းလင်းပွဲ လုပ်တဲ့အခါမှာ သတင်းထောက်တစ်ယောက်က မေးပါတယ်။ အခုဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်လို့ လေ့လာဆန်းစစ်နေတဲ့ လွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မတီ ပေါ်မှာ ဒီလှုပ်ရှားမှု အရ ထွက်ပေါ်လာတဲ့ ပြည်သူတွေရဲ့ဆန္ဒဟာ ဘယ်လိုသက်ရောက်မှု ရှိနိုင်မလဲဆိုတော့ နာယကကြီးက သက်ရောက် မှု မရှိနိုင်ဘူးလို့ ပြောတယ်။ ဒီကော်မတီဟာ ၃၁ဦးနဲ့ပဲ ဖွဲ့ထား တာပါ။ ဒီကော်မတီဟာ ၄၃၆နဲ့ပတ်သက် လို့လည်း ဆုံးဖြတ်ပြီးပြီလို့ ကျမတို့ နားလည်ပါတယ်။ ဒီ ၃၁ဦး ကော်မတီအပေါ်မှာ သက်ရောက်မှု မရှိနိုင်ဘူး။ ပြည်သူတွေ ရဲ့ဆန္ဒဟာ လွှတ်တော်အပေါ်မှာ ဘယ်လောက် သက်ရောက်မှုရှိနိုင်သလဲဆိုတာ ပြည်သူတွေ ထဲက သေသေချာချာ လေ့လာပြီးတော့ ဆုံးဖြတ်ရမှာပါ။ အဲဒီ ဆုံးဖြတ်တဲ့ဟာက ဘာကိုဆုံးဖြတ်လိုက်လဲဆိုတော့ လွှတ်တော်ရဲ့တန်ဖိုးကို ဖြတ်တာပဲဖြစ်တယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။
စစ်အစိုးရ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာလည်း ပြည်သူတွေရဲ့ စစ်မှန်တဲ့ ထောက်ခံချက်နဲ့ အတည်ပြု ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တဲ့အပြင် ပြည်သူ့ဆန္ဒနဲ့ တကယ် အတည်ပြုထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟုတ်၊ မဟုတ်သိချင်ရင် နောက်ထပ် ဆန္ဒခံယူပွဲ တခုကို ထပ်ကျင်းပ လိုက်ပါလို့ စိန်ခေါ်ပြောဆိုသွားပါတယ်။
“၂ဝဝ၈ ဆန္ဒခံယူပွဲက တကယ်ပဲ ပြည်သူလူထုရဲ့ဆန္ဒကို ရောင်ပြန်ဟပ်တယ်လို့ ယုံကြည်ရင် အဲဒီယုံကြည်ချက်ရှိရင် နောက်ဆန္ဒခံယူပွဲတစ်ခုကို ရဲရဲရင့်ရင့်နဲ့ လုပ်ပေးလိုက်ပါ။ မျှမျှတတနဲ့ လုပ်ပေးလိုက်ပါ။အဲဒီလို ရဲရဲရင့်ရင့် မျှမျှတတနဲ့ လုပ်ပေးလိုက်တဲ့ ဆန္ဒခံယူပွဲမှာ တကယ်ပဲ တရားမျှတရမယ်၊ တကယ်ပဲ လွတ်လပ်ရမယ်။ အဲဒီမှာ ပြည်သူတွေက တကယ် ပဲ လက်ခံပါတယ်ဆိုလို့ရှိရင်တော့ ဒါပြည်သူ့ရဲ့ဆန္ဒအရ ရေးဆွဲထားတဲ့ ဥပဒေဆိုတာ ကျမတို့ကလည်း လက်ခံရမှာပေါ့”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုတယ်။
တပ်မတော်အနေနဲ့လည်း နိုင်ငံနဲ့ ပြည်သူအတွက် သတ္တိရှိရှိနဲ့ မှန်ကန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် တက်စေချင် တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုတဲ့အပြင် တပ်မတော်က တိုင်းပြည်အတွက် မလုပ်သင့်တာတွေ လုပ်နေတာကိုလည်း မကြည့်ချင်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
“တပ်မတော်အနေနဲ့ တိုင်းပြည်အတွက် မလုပ်သင့်မလုပ်ထိုက်တဲ့ကိစ္စတွေကို လုပ်လို့ရှိရင် ကျမလုံးဝ မလိုလားဘူး။ ပြုပြင်စေချင်တယ်။ သတ္တိရှိရှိ၊ သိက္ခာရှိရှိနဲ့ ဘယ်သူကမှ ဖိအားပေးလို့မှ မဟုတ်ဘူး။ ကိုယ့်နိုင်ငံကို ကိုယ့်အသိနဲ့ ကိုယ်ပြုပြင်မယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး သဘောထားတင်းမာသူတွေမှာ တိုင်ပြည်နဲ့ လူမျိုး အပေါ် စေတနာ၊ ပညာနဲ့ သတ္တိမပြည့်စုံတဲ့သူတွေအဖြစ် ဒေါ်အောင်ဆန်းစုကြည်က ပုံဖော်ပြောဆိုသွားပြီး အနာဂတ်မျိုးဆက်အတွက် ဖွဲ့စည်းပုံ ပြင်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ချင်ဘူးဆိုပြီး တောင့်ခံနေတဲ့ ပုဂ္ဂိုလ်များဟာ အကြောင်းသုံးကြောင်းပဲ ရှိရမယ်။ တခု က တော့ စေတနာမရှိလို့ပဲ။ ကျမတို့ ပြည်သူတွေအပေါ်မှာ စေတနာမရှိလို့၊ ကိုယ့်အတွက်ပဲကိုယ် စေတနာရှိလို့ မပြင်ချင် တဲ့သူ တွေ ဖြစ်ရမယ်။ နောက်တစ်ကြောင်းကတော့ ပညာမရှိလို့ ဖြစ်ရမယ်။ သေသေချာချာ စဉ်းစား ဆင်ခြင်ပြီးတော့ ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ကျမတို့နိုင်ငံအတွက် မကောင်းဘူးဆိုတာ မဆင်ခြင်တတ် လို့ရင်လည်း ဖြစ်ရမယ်။ နောက်ဆုံး တခုကတော့ စေတနာလည်းရှိပါရဲ့၊ ပညာလည်းရှိပါရဲ့။ သတ္တိမရှိလို့ မပြင်ရဲတဲ့ သူတွေလည်း ရှိနိုင်တယ်လို့ ကျမပြောချင်ပါတယ်။ ကျမတို့ပြည်သူတွေအားလုံးဟာ စေတနာရှိရှိ၊ ပညာရှိရှိ၊ သတ္တိရှိရှိနဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ကျမတို့ နိုင်ငံရဲ့ အနာဂတ်အတွက် နောင်လာမယ့် မျိုးဆက်တွေရဲ့ ကောင်းကျိုးအတွက် ပြင်ဖို့ကို ဝိုင်းဝန်းပြီးတော့ ထောက်ခံကြပါ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုတယ်။
၂၀၁၁ ခုနှစ်က သမ္မတဦးသိန်းစိန်ကို ပြုပြင်ပြောင်းလဲရေးသမားအဖြစ် ယုံကြည်ကြောင်းပြောဆိုခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်မှာ ဦးရွှေမန်းကို ဖြောင့်မတ်မှန်ကန်သူလို့ ဆိုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နောက်ဆုံးမှာ သူတို့အားလုံးက ယုံကြည် လို့မရတဲ့၊ တိုင်းပြည်နဲ့ လူမျိုးအတွက် စေတနာမရှိတဲ့သူတွေအဖြစ် ကောက်ချက်ချနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့်အရင်လို တဦးကို တဦး ငဲ့ကွက်လို့ မဝေဖန် မပြောဆိုခဲ့မှုတွေ အဆုံးသတ်ပြီး အတိုက်အခံခေါင်းဆောင်တဦးအနေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကို ဦးတည်တဲ့ မိန့်ခွန်း ရဲရဲတင်းတင်းပြောဆိုလာပါတယ်။
တဖက်မှာတော့ ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ ပိုင်ဆိုင်မှု ကိုယ်ကျိုးစီးပွားတွေနဲ့ အာဏာရရှိရေး ဆိုတဲ့ ခံယူချက်တွေကြောင့် ဗိုလ်ချုပ်ဟောင်းတွေအနေနဲ့ မချစ်သော်လည်း အောင့်ကာနမ်းဆိုသလို အချင်းချင်းအကြားမှာ ရင်ကြားစေ့ရေး ရှိလာပြီး ရွေးကောက်ပွဲမှာ NLD မနိုင်ရေး နည်းလမ်းမျိုးစုံ အသုံးပြုလာနေကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဦးသိန်းစိန်၊ ဦးရွှေမန်းနဲ့ကာကွယ်ရေးဦးစီးချုပ် ဆိုတဲ့ ကြီးသုံးကြီးကို ယခင်တုန်းကလိုပဲ အတိုက်အခံ ခေါင်းဆောင်တဦးအနေနဲ့ ရင်ဆိုင်ရမှာဖြစ်ပေမယ့် အရင်တုန်းကလောက်တော့ သူ့နောက်ကွယ်မှာ အတိုက် အခံ အင်အားစု တွေ အားလုံးမရှိနိုင်တော့တာမို့ ကြီးသုံးကြီးနဲ့ ရင်ဆိုင်ရမယ့် တိုက်ပွဲက သူ့အတွက်အရင်က ထက် ပိုပြီး ခက်ခဲ ကြမ်းတမ်းမှာ အသေအချာပါပဲ ဖြစ်ပါတယ်။