ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည် ၁ သိန်း ၃ သောင်းကျော်ကို နေရပ် ပြန်လည်ပို့ဆောင်ရန် လုပ်ဆောင်နေမှုနှင့် ပတ်သက်ပြီး ဒုက္ခသည်များနှင့် ဒုက္ခသည်အရေး ဆောင်ရွက်နေကြသူများက စိုးရိမ်နေကြကြောင်း သိရသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်းက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ လာရောက်စဉ် ထိုင်းစစ်တပ် အကြီးအကဲများနှင့် ဒုက္ခသည်များအရေး ဆွေးနွေးပြီးနောက် ထိုသို့ ပြန်ပို့ရန် စီစဉ်ခြင်းဖြစ်သည်။
မြန်မာဒုက္ခသည်များ နေရပ်ရင်း ပြန်ပို့ရေး အစီအစဉ်များကို ထိုင်း-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည်ဟု ထိုင်း အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီ (NCPO) အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယွတ် ချန် အိုချာက ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့ ရုပ်မြင်သံကြား မိန့်ခွန်းတခုတွင် တရားဝင် ပြောဆိုသွားခဲ့ရာ ဒုက္ခသည် စခန်းများတွင် နေထိုင်သူများနှင့် ၎င်းတို့ကို အကူအညီ ပေးနေသူများအကြား စိုးရိမ်မှုများ မြင့်တက်လာခြင်း ဖြစ်သည်။
အုန်းပြန့် ဒုက္ခသည် စခန်းရှိ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးလှသန်းက “ကျနော်တို့ စခန်းမှာ ဒုက္ခသည်တွေကို မြန်မာပြည် ပြန်ပို့မယ်ဆိုတော့ လူတွေက သွေးပျက်လောက်အောင် ဖြစ်ကုန်ကြတာ” ဟု ဧရာဝတီသို့ ပြောသည်။
အလားတူ မယ်လနှင့် နို့ဘိုး ဒုက္ခသည်စခန်းများရှိ နေရပ် မပြန်လိုသော ဒုက္ခသည်များကလည်း မြန်မာနိုင်ငံကို ပြန်ပို့မည့်အရေး စိုးရိမ်ကြောင့်ကြ နေကြကြောင်း သိရသည်။
နို့ဘိုး ဒုက္ခသည်စခန်းမှ ဦးဝင်းနိုင်ကလည်း “ကျနော်တို့က ပြန်စရာနေရာလည်း မရှိဘူး၊ ပြီးတော့ ဘယ်သူက ကျနော်တို့ကို အလုပ်ပေးမလဲ၊ ကျနော်တို့ ဘယ်လို ရပ်တည်သွားရမလဲ” ဟု ဆိုသည်။
NCPO ၏ မူဝါဒမှာ စခန်းများကို ပိတ်သိမ်းကာ ဒုက္ခသည်များ ပြန်ပို့ရေးဖြစ်ပြီး မြန်မာအစိုးရကလည်း ပြန်လည် လက်ခံသွားမည်ဟု သိရကြောင်း ယနေ့ထုတ် ဘန်ကောက်ပိုစ် သတင်းစာတွင် ဖော်ပြထားသည်။
သို့သော် ဒုက္ခသည်ဆိုင်ရာ အကူအညီပေးရေး အဖွဲ့များက နေရပ်ပြန် ဒုက္ခသည်များ၏ဘ၀ ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် အခြေခံ အဆောက်အအုံပင် မြန်မာဘက်တွင် အဆင်သင့် မရှိသေး သည့်အတွက် စိုးရိမ်မှု များလည်း ရှိနေသည်။
ထိုင်းစစ်တပ်၏ လက်ထောက်ပြောခွင့်ရ ပုဂ္ဂိုလ် Veerachon Sukhontapatipak က “ကျနော်တို့က ဒုက္ခသည်တွေကို အတင်းအဓမ္မ နိုင်ငံကနေ နှင်ထုတ်မှာမျိုး မလုပ်ပါဘူး။ ပထမဆုံး ဒုက္ခသည် စခန်းတွေက လူတွေကို စိစစ်မှု လုပ်မှာပါ” ဟု ပြောဆိုကြောင်း Reuters သတင်း၌ ဖော်ပြထားသည်။
လွန်ခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့ကတည်း အုန်းပြန့်ဒုက္ခသည်စခန်း အပါအဝင် တာ့ခ်ခရိုင်တွင်းရှိ မယ်လနှင့် နို့ဘိုး ဒုက္ခသည်စခန်းတို့တွင် ထိုင်းစစ်တပ်၊ ဒေသ အာဏာပိုင်များနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့မှ တာဝန်ရှိသူများ၊ လိုက်ပါလျက် လူဦးရေစိစစ်ခြင်းများ လုပ်ဆောင်ခဲ့ပြီး၊ မြန်မာ ဒုက္ခသည် ၁ သိန်း ၃ သောင်းကျော်အား အုပ်စု ၃ စု ခွဲရန် ကြိုတင်ပြင်ဆင်ထားကြောင်း သိရသည်။
ဒုက္ခသည်များ နေရပ်ပြန်ပို့ရေးကို ထိုင်းစစ်တပ်နှင့်အတူ မယ့်ဖာလွန် ဖောင်ဒေးရှင်း၊ UNHCR စသည့် ဒုက္ခသည်များ ကူညီ စောင့်ရှောက်ပေးနေသည့် အဖွဲ့များက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး၊ နယ်စပ်တလျှောက် ဒုက္ခသည်စခန်း ၉ ခုရှိ မြန်မာဒုက္ခသည်များအား လူဦးရေ စိစစ်ခြင်း၊ တွေ့ဆုံမေးမြန်းခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ အမှတ် (၉) တိုင်း ခြေလျင်တပ်မှ သတင်းရင်းမြစ်တခုကို ကိုးကားပြီး ဘန်ကောက်ပို့စ်တွင် ရေးသားထားသည်။
“ဒုက္ခသည်အားလုံးနဲ့ စကားပြောပြီးရင် ကျနော်တို့ အုပ်စု ၃ ခု ခွဲထုတ်လိုက်မယ်၊ အဲဒီမှာ မြန်မာနိုင်ငံကို ပြန်လိုသူတွေ ရှိမယ်၊ ထိုင်းမှာပဲ ဆက်နေချင်သူတွေရှိမယ်။ နောက်တအုပ်စုကတော့ တတိယနိုင်ငံတွေမှာ ပြန်လည် အခြေချဖို့ သွားလိုသူတွေ ရှိမယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။
အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂက မြန်မာဒုက္ခသည်များအား လက်ခံရန် အဆင့်သင့်ရှိကြောင်း ဖော်ပြခဲ့သော်လည်း အရေအတွက် မည်မျှ လက်ခံမည်ကိုမူ အတည်ပြုချက် မရသေးကြောင်း သိရသည်။
UNHCR ကလည်း မြန်မာနိုင်ငံကို မိမိသဘောဆန္ဒအရ ပြန်လိုသည့် ဒုက္ခသည်များအတွက် ပထမဆုံး တနှစ်အတွက် အဆိုပါ ဒုက္ခသည်များကို မြေယာနှင့် ငွေကြေး ထောက်ပံ့မှု ကိစ္စကို ထောက်ပံ့မည်ဟု ကမ်းလှမ်းထားကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် ဒုက္ခသည်များ ပြန်လည် လက်ခံ နေရာချထားရေးနှင့် ပတ်သက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ဗဟို ကော်မတီ၏ မူဝါဒတွင် ပါရှိပြီး၊ ယင်းဗဟိုအဖွ့ဲတွင် သမ္မတ ဦးသိန်းစိန်က တာဝန်ယူကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့လည်း ပါဝင်သည်။
မြန်မာ ငြိမ်းချမ်းရေး စင်တာ (MPC) ဦးလှမောင်ရွှွေက “ပြည်ထောင်စု ငြိမ်းချမ်းရေး ဗဟို ကော်မတီအနေနဲ့ ကျနော်တို့ နိုင်ငံသားတွေ ဖြစ်တဲ့အတွက် အနှေးနဲ့အမြန်တော့ ကျနော်တို့ နိုင်ငံက ဒါကို ပြန်ပြီး စီစဉ်ပေးရမယ်။ ဒါက ကျနော်တို့ရဲ့ မိသားစုဝင်တွေ ဖြစ်တဲ့အတွက် ကျနော်တို့ဘက်က ပြင်ဆင်ပေးရမှာတော့ အသေအချာပဲ” ဟု ဆိုသည်။
သို့သော် တနိုင်ငံလုံး အတိုင်းအတာနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးနိုင်မှု မရှိသေးချိန်၊ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေးသဘောတူညီမှု တစုံတရာ မရခင်ကာလ၌ မြန်မာ ဒုက္ခသည် ၁ သိန်း ၃ သောင်းကျော်အား နေရပ်ပြန်လည် နေရာချထားရေး၊ နေစရာနှင့် အလုပ်အကိုင် ဖန်တီးပေးရေး၊ နိုင်ငံသား မှတ်ပုံတင် ထုတ်ပေးရေး ကိစ္စများသည် ကြီးမားသည့် စိန်ခေါ်မှုလည်း ဖြစ်နေသည်။
“ထိုင်းအစိုးရအနေနဲ့ ဒုက္ခသည်တွေကို အတင်းအဓမ္မ ပြန်ပို့တာမျိုးတော့ မဖြစ်သင့်ဘူး။ မြန်မာအစိုးရဘက်မှာလည်း မိုင်း ရှင်းလင်းရေးကိစ္စတွေ၊ ဘဝပြန်လည် ထူထောင်ရေးအတွက် အလုပ်အကိုင် ဖန်တီးပေးဖို့တွေလည်း အဆင်သင့် မဖြစ်သေးဘူး၊ လုံး၀ ငြိမ်းချမ်းရေးရတဲ့ အခြေအနေလည်း မရှိသေးဘူး၊ ဒါကြောင့် ဒီကိစ္စကို သေချာ သုံးသပ်သင့်တယ်” ဟု ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) မှ ဦးဘိုကြည်က ဆိုသည်။
မြန်မာဒုက္ခသည်များ ပြန်လည်လက်ခံရေး ကိစ္စသည် မြန်မာနိုင်ငံတွင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် တိုက်ရိုက်ဆက်စပ်နေပြီး အလွန်သိမ်မွေ့သည့် ကိစ္စဖြစ်ကြောင်း လူ့အခွင့်အရေး အဖွဲ့များက သုံးသပ်သည်။