အခုတလော မြန်မာနိုင်ငံတွင် အားကစားနှင့် ပတ်သက်၍ စိတ်ဝင်စားစရာကောင်းသည့် သတင်းတပုဒ် ထွက်ပေါ်လာ သည်။ ယင်းသတင်းမှာ ၂၀၁၄ ခုနှစ် မေလအတွင်းတွင် တောင်ကိုရီးယား နိုင်ငံတွင် ကျင်းပခဲ့သည့် အလှမယ် ရွေးပွဲ တွင် သရဖူဆောင်းခဲ့သည့် ပထမဆု ဆွတ်ခူးခဲ့သော မြန်မာအလှမယ် တဦးထံမှ သရဖူနှင့် စလွယ် ပြန်လည်ရုပ်သိမ်း တော့ မလိုလို ဆိုသည့် သတင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်ပြီးနောက် လှုပ်ရှားမှု အရှိဆုံး အားကစားနည်းမှာ မယ်ရွေးပွဲပင်ဖြစ် သည်။ မြန်မာ အလှမယ်များသည် အမည်မျိုးစုံဖြင့် ကျင်းပသည့် နိုင်ငံတကာ အလှမယ်ရွေးပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်နေသည်။
ယခင်ကာမူ နိုင်ငံတကာ အဆင့်တွင် အလှမယ်ရွေးချယ်သည့် ကမ္ဘာ့အဆင့် ပြိုင်ပွဲကြီး နှစ်ပွဲသာ ရှိသည်။ မယ်စကြဝဠာ (Miss Universe) နှင့် မယ်ကမ္ဘာ (Miss World Beauty Contest) တို့သာ ဖြစ်သည်။ မြန်မာနိုင်ငံမှ ဒေါ်စိန်အေးတို့ ဒေါ်မိနီ စသူများ ဝင်ပြိုင်ခဲ့ဖူး ကြသည်။ ယခုအခါ မယ်ရွေးပွဲများက အမည်စုံလှသည်။
ယခု ပြဿနာ ပေါ်နေသည် ဆိုသော မယ်ရွေးပွဲ၏ အမည်ကပင် ဆန်းသည်။ အာရှ၊ ပစိဖိတ်၊ ကမ္ဘာ့ အလှမယ်ရွေးပွဲ (Miss Asia Pacific World 2014) ဟူ၍ ဖြစ်သည်။ တောင်ကိုရီးယား နိုင်ငံက ၂၀၁၁ ခုနှစ်တွင် စတင်ကျင်းပခြင်း ဖြစ်သည်ဟု ဆိုသည်။
ယခင်ကမူ မြန်မာနိုင်ငံ အလေးမ အဖွဲ့ချုပ်၏ ခွင့်ပြု သဘောတူညီချက် ဖြင့်သာ မြန်မာ အလှမယ်များ (ဝါ) မယ်မြန်မာ ဘွဲ့ရသူများသာ ဝင်ပြိုင်ခဲ့ကြသည့် နိုင်ငံတကာ ပြိုင်ပွဲများသာ ဖြစ်သည်။ မြန်မာနိုင်ငံ အတွင်းရှိ အားကစား အဖွဲ့ချုပ်များသည် မြန်မာနိုင်ငံ အိုလံပစ် ကော်မတီနှင့် ဆက်သွယ်ထားရသည်။ မြန်မာနိုင်ငံ အားကစားနှင့် ကာယပညာ ကော်မတီက အသိအမှတ် ပြုထားရသည်။ ပြီးတော့မှ သက်ဆိုင်ရာ နိုင်ငံတကာ အားကစား အဖွဲ့ချုပ်များနှင့် တရားဝင် ဆက်သွယ်ထား ကြရသည်။
ယင်း အစဉ်အလာမှာ ယခုအခါ မြန်မာနိုင်ငံတွင် မရှိတော့ဟု ထင်သည်။ အလှမယ်ရွေးပွဲ အေဂျင်စီများ တခုမက ရှိနေသည်။ ယခုရက်ပိုင်း အတွင်းမှာ “မြန်မာ့ရိုးရာ လက်ဝှေ့ အစည်းအရုံး” အမည်ဖြင့် မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ တဖွဲ့ပေါ်လာသည်ကို သတိပြုမိသည်။
ယခင်ကမူ မြန်မာ့ရိုးရာ အားကစား အဖွဲ့ချုပ်ကသာ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို ကြီးမှူး၍ လည်းကောင်း၊ ခွင့်ပြုချက် ဖြင့် လည်းကောင်း ကျင်းပခဲ့ကြသည်။ ယခင်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း မြန်မာရိုးရာ လက်ဝှေ့ ပြိုင်ပွဲများ ကျင်းပခွင့် ရရှိရေး အပြင်းအထန် ကြိုးစားခဲ့ကြရသည်။
၁၉၆၂ ခုနှစ်တွင် တော်လှန်ရေး ကောင်စီ အစိုးရ တက်လာပြီးနောက် မယ်ရွေးပွဲများ ပိတ်ပင်ခဲ့သည်။ မြင်းပွဲများကို ပယ်ဖျက်ခဲ့သည်။ ရိုးရာ လက်ဝှေ့ပြိုင်ပွဲများ ရန်ကုန်မြို့တော်တွင် ကျင်းပခွင့် မပြုခဲ့ပါ။ နောက်ပိုင်းကျမှ မယ်ရွေးပွဲ နေရာတွင် လှယဉ်ကျေးမယ် အမည်ဖြင့် မယ်ရွေးပွဲများ ပြန်လည် အသက်ဝင်ခဲ့သည်။
လှယဉ်ကျေးမယ် ဟူသည်နှင့် အညီ မြန်မာအမျိုးသမီး ဝတ်စုံများဖြင့် လည်းကောင်း၊ ဘောင်းဘီတို၊ ကိုယ်ကျပ် အင်္ကျီ များ ဝတ်ဆင်ပြီး ယှဉ်ပြိုင်ကြရသည်။ မည်သည့် နိုင်ငံတကာ အလှမယ် ပြိုင်ပွဲများတွင်မှ ဝင်ရောက် ယှဉ်ပြိုင်ကြခြင်း မရှိပါ။
၂၀၁၀ ပြည့်နှစ် နောက်ပိုင်းကျမှ မယ်ရွေးပွဲများ ပြန်လည် ခေါင်းထောင် လာခြင်း ဖြစ်သည်။ သို့ရာတွင် ယင်း မယ်ရွေးပွဲ များကို အလေးမနှင့် ကာယဗလ အဖွဲ့ချုပ်က ကြီးမှူးကျင်းပခြင်း မဟုတ်ဘဲ ပုဂ္ဂလိက အေဂျင်စီများက ကြီးမှူး ကျင်းပခြင်း ဖြစ်သည်။ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်း တချို့ကလည်း မယ်ရွေးပွဲများ ကျင်းပလာသည်။
၂၀၁၁ ခုနှစ် ဆီးဂိမ်းဖွင့်ပွဲ၊ ပိတ်ပွဲကျင်းပရေး ကော်မတီ ကပင် ဆီးဂိမ်းတွင် ပါဝင် ယှဉ်ပြိုင်ကြသည့် နိုင်ငံများ၏ အမည် ဆိုင်းဘုတ်များ ကိုင်ဆောင်ခဲ့သည့် အမျိုးသမီး အလှမယ်များ အတွက် မယ်ရွေးပွဲ ကျင်းပပေးမည် ဆိုသည့်သတင်း ထွက်ပေါ် လာသေးသည်။ နောက်ပိုင်းကျမှ ယင်းလှုပ်ရှားမှု ရပ်တန့်သွားဟန် တူသည်။ ဆိုင်းဘုတ်ကိုင် အလှမယ် ရွေးပွဲ သတင်း မကြားရတော့ပါ။
မြန်မာနိုင်ငံ အတွင်း အလှမယ် ရွေးပွဲများ အပေါ် လူအများ စိတ်ပါဝင်စား လာအောင် စည်းရုံးလှုံ့ဆော် ကြသည်မှာ ပြည်တွင်းမှ စာနယ်ဇင်းများ ဖြစ်ကြသည်။ နိုင်ငံတကာ အလှမယ် ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ကြသည့် မြန်မာ အမျိုးသမီး လေးများ၏ မလုံ့တလုံ ပြိုင်ပွဲဝင် ဝတ်စုံ ဘီကီနီ အစ နှစ်စဖြင့် ချက်ပေါ်၊ ဗိုက်ပေါ်၊ ပေါင်ရင်းသားပေါ်သည့် ဓာတ်ပုံများကို သေသေချာချာ ထည့်သွင်း ဖော်ပြခဲ့ကြသည်။
အမှန်တကယ်က နိုင်ငံတကာ အလှမယ် ပြိုင်ပွဲများတွင် မပေါ့်တပေါ် ဝတ်စုံတမျိုးတည်း ဝတ်ပြီး ယှဉ်ပြိုင်ကြရခြင်း မဟုတ်ပါ။ ရေကူးဝတ်စုံ၊ ညနေခင်း ပွဲတက်ဝတ်စုံ၊ တိုင်းရင်းသား ရိုးရာဝတ်စုံ တို့ကို ဝတ်စားဆင်ယင်ပြီး ယှဉ်ပြိုင် ကြရပါသည်။ ဘီကီနီ နှစ်စဝတ်စုံမှ လွဲ၍ ကျန်ဝတ်စုံ သုံးမျိုးမှာ အမြင်လှပါသည်။
သို့သော် ပြည်တွင်း စာနယ်ဇင်းများတွင်မူ မြန်မာ့ ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော လုံး၀ ဖီလာကန့်လန့် ဖြစ်သည့် ပုံများ ကိုသာ ဖော်ပြခဲ့ကြသည်မှာ ဝမ်းနည်းစရာ ကောင်းလှသည်။
ယင်းကဲ့သို့ နိုင်ငံတကာ မယ်ရွေးပွဲများတွင် သူ့အဖွဲ့နှင့်သူ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ ကြပြီးနောက် ၂၀၁၄ ခုနှစ်တွင် တောင်ကိုရီးယား နိုင်ငံ၌ ကျင်းပခဲ့သည့် သုံးမည်ရ “အာရှ၊ ပစိဖိတ်၊ ကမ္ဘာ” မယ်ရွေးပွဲတွင် မြန်မာနိုင်ငံမှ အလှမယ် မေမြတ်နိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
မေမြတ်နိုး ဆိုသူမှာ စင်ကာပူတွင် ပညာသင်ကြားနေရင်းမှ တကူးတက မြန်မာနိုင်ငံသို့ ပြန်လာကာ အလှမယ်ပြိုင်ပွဲ ဝင်ခဲ့သည့် အသက် ၁၈ နှစ်အရွယ် မြန်မာ အလှမယ်လေး တဦးဖြစ်သည်။ မေမြတ်နိုးမှာ နိုင်ငံတကာ အလှမယ် ပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် မြန်မာနိုင်ငံမှ စတုတ္ထမြောက် အလှမယ် ဖြစ်သည်။
မေမြတ်နိုး မတိုင်မီက မြန်မာအလှမယ် သုံးဦးဖြစ်သည့် နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါနှင့် ထားထက်ထက်တို့ နိုင်ငံတကာ အလှမယ် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသည်။
နန်းခင်ဇေယျာက စသည်။ ၂၀၁၂ ခုနှစ်တွင် ဂျပန်နိုင်ငံတွင် ကျင်းပသည့် နိုင်ငံတကာ အလှမယ် ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် နာမည်ကျော်ကြား လူသိများသည်မှ အပ အောင်မြင်မှု မရခဲ့ပါ။ ခင်ဝင့်ဝါနှင့် ထားထက်ထက်တို့ သည်လည်း ပြတာနှင့် ရတာ မကာမိပါ။ ဆု အသေးအဖွဲ များသာ ဆွတ်ခူးနိုင်ခဲ့ကြသည်။
သီချင်းဆိုပြီး ဟော်ကီ အားကစားနည်းကို ဝါသနာပါသည့် စင်ကာပူပြန် မေမြတ်နိုးကျမှသာ အမြင့်မားဆုံး အောင်မြင်မှု ရခဲ့သည်၊ Asia Pacific World အလှမယ်ဘွဲ့ကို ဆွတ်ခူးခဲ့သည်၊ အိမ်ရှင် တောင်ကိုရီးယား အလှမယ် အပေါ် ကျော်ဖြတ် အနိုင်ယူခဲ့ခြင်း ဖြစ်သည်။ တောင်ကိုရီးယားမယ်က ဒုတိယရသည်။ မကာအိုနှင့် အိန္ဒိယ အလှမယ်တို့က တတိယနှင့် စတုတ္ထ အသီးသီး ရကြသည်။
မြန်မာ့အလှမယ် တဦး၏ အောင်မြင်မှု အပေါ် ကြည်နူးဝမ်းသာ ပိတိဖြစ်၍မှ မဆုံးမိမှာပင် မေမြတ်နိုးနှင့် ပတ်သက်သည့် သတင်းဆိုး တခုက မြန်မာအားကစားလောကတွင် ကောလာဟလ သဖွယ် ထွက်ပေါ်လာခဲ့သည်။
သရဖူ ပြန်လည်ရုပ်သိမ်း ခံရတော့မလိုလို သတင်းဖြစ်သည်။ သရဖူပြန်လည်ရုပ်သိမ်းခြင်းသည် မယ်ဘွဲ့ ပြန်လည် ရုပ်သိမ်းခြင်းပင် ဖြစ်သည်။
နောက်ပိုင်းတွင် သတင်းဂျာနယ်ကြီး တစောင်တွင် မေမြတ်နိုးနှင့် ပတ်သက်သည့် တွေ့ဆုံမေးမြန်းသည့် သတင်း ဆောင်းပါး တပုဒ်ပါလာသည်။ အတိုချုပ် ပြောရင်တော့ ငွေရေးကြေး အရှုပ်အထွေးပင် ဖြစ်ဟန်တူသည်။
ယင်းသတင်းဂျာနယ်မှ မီဒီယာသမားတဦး၏ အမေးနှင့် မေမြတ်နိုးကို ကိုရီးယားနိုင်ငံမှာ ကျင်းပသည့် အာရှပစိဖိတ်၊ ကမ္ဘာ့မယ်ရွေးပွဲ စေလွှတ် ယှဉ်ပြိုင်စေခဲ့သူ အမျိုးသားဒါရိုက်တာ “National Director” ဆိုသူ၏ အပြောများထဲမှ လိုရင်းကို ထုတ်နုတ်ဖော်ပြပါမည်။
မေး။ ။ မေးမြတ်နိုးကို “Crown” သိမ်းမယ် ဆိုတဲ့သတင်းတွေထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး ………. တို့ဘက်က ပြောပြပေးပါ။
ဖြေ။ ။ Crown ကို ဟိုမှာကတည်းက သိမ်းနေပြီ။ ဒါပေမယ့် ………….. တို့ဘက်က တောင်းပန်ထားလို့ပါ။ ဒုတိယ တခေါက်သိမ်းတယ်၊ ဒုတိယတခေါက်သိမ်းတော့ ……………. တို့က ထပ်တောင်းပန်ပြီး ဖယ်ပေးလိုက်တယ်။
မည်သို့မျှ နားလည်ခြင်း မရှိပါ။ “Crown” ကို ဟိုမှာ (တောင်ကိုရီးယား) ကတည်းက သိမ်းသည် ဆိုလျှင်၊ ကမ္ဘာသိ
ချီးမြှင့်ထားသည့် မယ်ဘွဲ့ကို ပြန်လည်ရုပ်သိမ်းမည် ဆိုလျှင် အကြောင်းပြချက် ကြီးကြီးမားမား ရှိရပါမည်။
ယင်းတို့ သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့် ဆုရသူက မညီညွတ်တော့မှသာ ပြန်လည် ရုပ်သိမ်းရ ပါမည်။ ယခုတော့ မည်သည့် အကြောင်းပြချက်မှ မရှိဘဲ ချီးမြှင့်ထားသည့် သရဖူကို ပြန်လည် ရုပ်သိမ်းသည် ဆိုခြင်းမှာ ကာယကံရှင် မေမြတ်နိုးသာမက မြန်မာနိုင်ငံ ဂုဏ်သိက္ခာကိုပါ ထိပါးစေပါသည်။
အဘယ်ကြောင့် ဆိုသော် မေမြတ်နိုးသည် မြန်မာနိုင်ငံကို ကိုယ်စားပြုသည့် မြန်မာအလှမယ် တဦးအနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သောကြောင့် ဖြစ်သည်။
၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် မြန်မာအားကစား လောကသည် စည်းမဲ့ကမ်းမဲ့ ဖြစ်လာသည်။ အားကစား အဖွဲ့အစည်းများ စိတ်ကြိုက် ဖွဲ့စည်းလာကြသည်။ အားကစား ပြိုင်ပွဲများ လက်လွတ်စပယ် ကျင်းပလာ ကြသည်။ အဆိုးရွားဆုံးမှာ နိုင်ငံတကာ ပြိုင်ပွဲများတွင် ထင်သလို ဝင်ရောက် ယှဉ်ပြိုင်နေကြခြင်းပင် ဖြစ်သည်။ အလှမယ်ရွေးပွဲများက အဆိုးဆုံး ဖြစ်သည်။
နိုင်ငံတကာ ပြိုင်ပွဲများသို့ ဝင်ရောက် ယှဉ်ပြိုင်လိုလျှင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီသို့ သက်ဆိုင်ရာ အားကစား အဖွဲ့ချုပ်များက တင်ပြရပါမည်။ အိုလံပစ်ကော်မတီက သဘောတူပြီး အားကစားဝန်ကြီး ဌာနမှ ခွင့်ပြုချက် ရမှသာ နိုင်ငံတကာ ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရှိသည်။ ထိုသို့ ဝင်ရောက် ယှဉ်ပြိုင်ရာတွင်လည်း မြန်မာနိုင်ငံကို ကိုယ်စားပြု ယှဉ်ပြိုင်ကြရ ပါသည်။
ယခုတော့ ထိုသို့ မဟုတ်ပါ။ နိုင်ငံတကာ ပြိုင်ပွဲများတွင် လွတ်လွတ်လပ်လပ် သွားရောက် ယှဉ်ပြိုင်နေကြသည်။ ဆီးဂိမ်းတွင် ဆုတံဆိပ်ပင် မဆွတ်ခူးနိုင်သည့် အားကစားနည်းက အာရှအဆင့်တွင်မက ကမ္ဘာ့အဆင့် ပြိုင်ပွဲများမှာ
ပါဝင် ပြိုင်ခွင့်ရနေကြသည်။
မည်သူတွေ မည်သို့ပင် ပြိုင်ပြိုင်၊ ပါဝင်ယှဉ်ပြိုင်သည့် အားကစားအသင်း၊ အားကစား အမည်နှင့် တွဲ၍ “မြန်မာ”
အမည်ကို ဖော်ပြကြရသည်။ ယခုလည်း မေမြတ်နိုး (မြန်မာ) ဟူ၍ပင် သုံးစွဲခဲ့သည်။ မေမြတ်နိုးအကြောင်း ပြန်လည် ဆက်ရလျှင် အမေးအဖြေ တနေရာတွင် ဤသို့ ဖတ်လိုက်ရသည်။
“သူ့အမေက သူ့သမီးပိုက်ဆံတွေ အတွက် တောင်းတယ်၊ တောင်းတာ ဒေါ်လာနှစ်သောင်း ဖြစ်သွားတယ်” ဟူ၍ လည်းကောင်း၊ “Organization ဘက်က ဒီပိုက်ဆံကိစ္စ မဟုတ်မမှန် လုပ်လာရင်တော့ Crown ပြန်သိမ်းရမယ် ဆိုပြီး ဖြစ်လာတယ်” ဟူ၍ လည်းကောင်း၊ “ရန်ကုန်ရောက်ပြီးတော့မှ သူ့အမေဘက်က ကျမသမီးနဲ့ စကားပြောခွင့် မရှိဘူး၊ ပိုက်ဆံတွေ ထုတ်ပေးဆိုပြီး ဘာညာပြောတယ်၊ နှစ်ရက် ဆက်တိုက်ပေါ့၊ အဲဒါနဲ့ တို့ဘက်က ဟိုဘက်ကို ပြောရတာ ပေါ့နော်၊ ပိုက်ဆံကိစ္စတွေပေါ့နော်၊ ဟိုဘက်က ပြန်ပြောတယ်၊ ဒီပိုက်ဆံကိစ္စက တို့ကြားခံဖို့ မလိုပါဘူး၊ သူတို့ဘာသာ သူတို့ လုပ်ပါမယ်လို့ ပြောပါတယ်” ဟူ၍ လည်းကောင်း၊ “တို့ ရာခိုင်နှုန်း ၃၀ ပေးရတယ် ဆိုပြီး လူတွေကို လိုက်ပြောနေပါတယ်၊ တကယ်တော့ သူမပေးခဲ့ပါဘူး” ဟူ၍ လည်းကောင်း စသည့် ပြောစကားများကို ကြည့်ခြင်း အားဖြင့် ငွေရေးကြေးရေး ပြဿနာဖြစ်ကြောင်း သိသာထင်ရှားသည်။
သာမန်လူတွေ အချင်းချင်း ငွေရေးကြေးရေး ပြဿနာပေါ်သည်မှာ မဆန်းပါ။ သို့သော် အာရှပစိဖိတ်၊ ကမ္ဘာ့မယ်ပြိုင်ပွဲ တွင် Myanmar ဟူသည့် စလွယ်ကိုဝတ်ဆင်ပြီး ပြိုင်ပွဲဝင်ခဲ့ပြီး ပထမဆု ဆွတ်ခူးခဲ့သည့် မြန်မာ့နိုင်ငံသူ မြန်မာ အမျိုးသမီးလေးနှင့် မည်သည့် အဖွဲ့အစည်းမှန်း မသိသည့် (Organization) အဖွဲ့တခုနှင့် ပြဿနာ ပေါ်နေသည် ကတော့ လူကြား၍ မကောင်းပါ။
ဆုရပြီးမှ ပြန်လည်ရုပ်သိမ်းခြင်း ခံရသည်ကတော့ ကာယကံရှင် မေမြတ်နိုးသာမက မေမြတ်နိုး ကိုယ်စားပြုသည့် မြန်မာနိုင်ငံပါ ဂုဏ်သိက္ခာကျသည်။ ကာယကံရှင်၏ ဂုဏ်သိက္ခာ၊ တိုင်းပြည်၏ ဂုဏ်သိက္ခာအတွက် မည်သူတွေက မည်သို့မည်ပုံ ဖြေရှင်းပေးကြမလဲ၊ အဖတ်ဆည်နိုင်ကြမလဲ ဆိုသည့် မဖြစ်မနေ ဖြေရှင်း လုပ်ဆောင်ရမည့် မေးခွန်း တခုက အခိုင်အမာ ပေါ်လာပြီ ဖြစ်သည်။
စာရေးသူကတော့ အားကစားနှင့် ပတ်သက်လာလျှင် နိုင်ငံကိုယ်စားပြု အဆင့်သွားရောက်မည် ဆိုပါက သာမန် အဖွဲ့အစည်းများသာ ဦးဆောင်သွားရောက်ခြင်းထက် သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီနှင့် ပြည်ထောင်စု အားကစားဝန်ကြီးဌာနတို့၏ အဆင့်ဆင့်တာဝန်ယူ တာဝန်ခံ ဆောင်ရွက်ရန်လိုသည်ဟု ယူဆသည်။
ဤ မေမြတ်နိုး ဖြစ်စဉ်နှင့် ပတ်သက်၍လည်း သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီနှင့် ပြည်ထောင်စု အားကစား ဝန်ကြီးဌာနတို့၏ အဆင့်ဆင့်တာဝန်ယူ တာဝန်ခံ ဆောင်ရွက်ရန်လိုသည်ဟု ယူဆပါကြောင်း။ ။