ရန်ကုန်မြို့ရောက် သမ္မတဦးသိန်းစိန် ကို ဆန္ဒပြခဲ့ကြသည့် သတင်းသမား ၅၀ ကို ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြမှု ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားရာ ဆန္ဒပြသော သတင်းထောက်များ၏ အမည်စာရင်းကိုဖော်ထုတ်နိုင်ရေးအတွက် ဂျာနယ်တိုက်များသို့ ရဲတပ်ဖွဲ့ဝင် များသွားရောက်ပြီး ဓာတ်ပုံမှတ်တမ်းများဖြင့် တိုက်ဆိုင် စစ်ဆေး၍ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ကမာရွတ် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းက ဧရာဝတီသို့ပြောသည်။
ယူနတီဂျာနယ်မှ သတင်းသမား ၅ ဦး အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ခြင်း၊ မွန်းတည့်နေသတင်းဂျာနယ်မှ အယ်ဒီတာနှင့်သတင်းထောက်များကို ဖမ်းဆီးအရေးယူနေခြင်းတို့ကြောင့် သတင်းသမားများက ဇူလိုင် ၁၂ ရက်နေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာ(MPC) တွင် ကျင်းပခဲ့သော အနုပညာရှင်များနှင့်တွေ့ဆုံပွဲ တက်ရောက်လာသော သမ္မတ ဦးသိန်းစိန်ကို အသံတိတ်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း၊ ယင်းဆန္ဒထုတ်ဖော်သော သတင်းသမားများကို ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။
“နာမည်စာရင်းအတိအကျမရှိသေးဘူး။ ကျနော်တို့တွေလည်း သိရင် အစီအရင်ခံစာ ရေးရ ဦးမှာပါ။ ဓာတ်ပုံတွေပဲ ရှိသေး တော့ အဲဒီဓာတ်ပုံတွေကို ဂျာနယ်တိုက်တခုချင်းစီသွားပြီးတော့ သက်ဆိုင်ရာဌာနရဲ့ သတင်းသမား ဟုတ်၊ မဟုတ်
စုံစမ်း ဦးမှာပါ။ အဲဒါမှ နာမည်တွေ ရမယ်လေ။ ဒီအတိုင်းကြီး တရားစွဲလို့မရဘူး။ အရပ်သားတွေပါရင်လည်း အရပ်သား တွေဆိုတာ အတည်ပြုရဦးမယ်”ဟု ရဲမှူးဇော်ဝင်း က ရှင်းပြသည်။
သတင်း သမားများကို ဖမ်းဆီးထောင်ချလာခြင်းနှင့် သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်လာခြင်းတို့ပြုလုပ်လာသည့်အပေါ် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခွင့်ရရန် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က ကြိုးပမ်းနေပြီး သမ္မတဦးသိန်းစိန်က တွေ့ဆုံခွင့်ငြင်းပယ်ပါက ကောင်စီဝင်များ နုတ်ထွက်ကြရန်ရှိကြောင်း သိရှိရသည်။
“သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခွင့်ရဖို့ တောင်းဆိုထားတယ်။ တွေ့ဆုံခွင့်မရခဲ့ဘူးဆိုရင် ကျနော်တို့ ကောင်စီအနေနဲ့
အရေးပေါ် အစည်းအဝေး တရပ်ခေါ်ယူပြီးတော့ ကောင်စီရဲ့ အခန်းကဏ္ဍကို ပြန်သုံးသပ် မယ်။ စာနယ်ဇင်းလွတ်လပ်ခွင့်၊ မီဒီယာ သမားတွေရဲ့ အခွင့်အရေးတွေကို ဘာမှမလုပ်ပေးနိုင်ဘဲနဲ့ ဒီလိုပုံစံပဲ ဖြစ်နေရင်တော့ ကောင်စီရဲ့အနေအထားက မေးခွန်းထုတ်စရာဖြစ်လာပြီ၊ ဒီအခြေအနေတွေပေါ်မှာလည်း ကျနော်တို့ အမှန်တကယ်ကို စိတ်ပျက်ပါတယ်”ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင် ဦးဇော်သက်ထွေး က ပြောသည်။
သတင်းထောက်များ ဆန္ဒထုတ်ဖော်မှုသည် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားခြင်းသည် ဥပဒေကြောင်းအရ မမှန်ကန်ဘဲ မှားယွင်းနေကြောင်း၊ သတင်းထောက်များ၏ ဆန္ဒထုတ်ဖော်မှုသည် ပုဒ်မ ၁၈ ချိုးဖောက်မှု မမြောက်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ရှင်းပြသည်။
“တကယ်တရားစွဲလိုက်ရင်တော့ နိုင်ငံတကာက ဝိုင်းပြီး အပြစ်တင်ကြမှာပဲ။ သတင်းထောက်တွေသာ တရားစွဲခံရရင် အမှုကို အခမဲ့လိုက်ပေးမှာပါ”ဟု သူက ဆိုသည်။
သတင်းသမားများက ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားသည့်အပေါ် တရားလွှတ်တော်ရှေ့နေများနှင့် တိုင်ပင် ဆွေးနွေးနေပြီး
သက်ဆိုင်ရာ ရဲစခန်းက ဆင့်ခေါ်ပါကလည်း တရားစွဲခံထားရသူများအားလုံး စုပေါင်း၍ ရင်ဆိုင်သွားကြမည်ဖြစ်ကြောင်း ပြောဆိုကြသည်။