ဧရာဝတီတိုင်း၊ မြောင်းမြခရိုင် ပြည်သူ့ဆေးရုံ ငွေတောင်းခံမှုကို မပေးနိုင်သဖြင့် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည် ဆိုသော လူနာတဦးနှင့် ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရက မြောင်းမြဆေးရုံမှ တာဝန်ရှိသူများအား ကော်မတီဖွဲ့၍ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေး ဝန်ကြီး ဒေါ်ခင်စောမူက “ဒီကိစ္စ စဖြစ်ပြီး နောက်တနေ့မှာပဲ မြောင်းမြ ဆေးရုံအုပ်ကြီးက ဌာနတွင်း ကော်မတီဖွဲ့ပြီး စစ်ခဲ့ပါတယ်။ ပြီးတော့ ကျမတို့ဆီ တင်ပြတယ်။ ဒါက ပဏာမ စစ်ချက်ပေါ့။ ဒါပေမယ့် ဧရာဝတီတိုင်း အစိုးရ EC (ကက်ဘိနက်) အစည်းအဝေးမှာ ဝန်ကြီးချုပ်က ဒီကိစ္စကို စစ်ဆေးရေး အဖွဲ့နဲ့ အသေးစိတ် ပြန်လည် စစ်ဆေးသွားဖို့ ညွှန်ကြားထားပါတယ်။ ဒါကြောင့် တိုင်းအစိုးရအဖွဲ့ကနေ ကော်မတီဖွဲ့ပြီး စစ်ဆေးသွားမှာပါ” ဟု ပြောသည်။
စစ်ဆေးရေး ကော်မတီ၏ အစီရင်ခံစာပေါ် မူတည်ပြီး တာဝန်ရှိသူများကို အရေးယူမှုများ ပြုလုပ်သွားမည်ဟု ဝန်ကြီး ဒေါ်ခင်စောမူက ဆိုသည်။
မြောင်းမြမြို့၊ ဘုရားချောင်း ရပ်ကွက်၊ အေ – ၅ လမ်းတွင် နေထိုင်သည့် ဦးညီညီအောင်သည် အူကျ ဝေဒနာကို ခွဲစိတ် ကုသမှုခံယူရန် ဇွန်လ ၂၉ ရက်က မြောင်းမြ ဆေးရုံသို့ ရောက်ချိန်တွင် သူနာပြု ဆရာမ တဦးက ခွဲစိတ်ခ ၈ သောင်းကျပ်နှင့် ခွဲစိတ်ခန်းသို့ လူနာ အသွင်းအထုတ် ပြုလုပ်ခ ၁ သောင်းကျပ်၊ စုစုပေါင်း ၉ သောင်းကျပ် တောင်းခံခဲ့ကြောင်း၊ တောင်းခံသည့် ငွေကြေးအား မတတ်နိုင်သည့်အတွက် ဝေဒနာကို မခွဲစိတ်တော့ဘဲ နေအိမ်သို့ ပြန်လာခဲ့ပြီးနောက် ယင်းနေ့မှာပင် ဦးညီညီအောင်သည် မိမိကိုယ်ကို ကြိုးဆွဲချပြီး အဆုံးစီရင်ခဲ့သည်ဟု ဇနီးဖြစ်သူ ဒေါ်သင်းသင်းခိုင်က ပြောသည်။
ဒေါ်သင်းသင်းခိုင်က “ကျမတို့ အိမ်ပြန်လာတဲ့ လမ်းမှာ ရပ်ကွက်စာရေးက တွေ့ပြီး မေးတော့ ပိုက်ဆံတောင်းလို့ မပေးနိုင်လို့ ပြန်လာတာလို့ ပြောပြလိုက်တယ်။ အဲဒီမှာ စာရေးလေးက ဒါက ဝန်ကြီး ဦးတင့်ဆန်း အစီအစဉ်နဲ့ အခမဲ့ ခွဲစိတ်ပေးရမယ့် ကိစ္စဆိုပြီး ဆေးရုံကို ပြန်ပို့ပေးတယ်။ ဆေးရုံရောက်တော့ အပြာဝတ် ဆရာမ တယောက်က နေပြီး နင်တို့လို လူတွေဆီက ငါတို့က ငွေတောင်းစရာလား ဆိုပြီး အော်ဟစ် ကြိမ်းမောင်းပြီး ရန်တွေ့တယ်။ အဲဒါနဲ့ ကျမယောက်ျားက ရှက်လို့ မခွဲတော့ဘူးဆိုပြီး အိမ်ပြန် လာခဲ့တယ်။ ကျမ အပြင်ခဏသွားတာ ပြန်လာတော့ ကျမယောက်ျားက အိမ်က ထုပ်တန်းမှာ ကြိုးဆွဲချပြီး သေနေတာ တွေ့ရတာပါပဲ” ဟု ဧရာဝတီသို့ ပြောသည်။
ဦးညီညီအောင် အဆုံးစီရင်ခဲ့မှုကို အကြောင်းပြုပြီး မြို့ခံ ၂၀၀ ကျော်က မြောင်းမြ ဆေးရုံမှ ဆရာဝန်၊ သူနာပြုနှင့် အောက်ခြေ ဝန်ထမ်းများကို ဇူလိုင် ၁၃ ရက် နံနက်ပိုင်းက ဆန္ဒပြခဲ့ ကြသည်။
ဆန္ဒပြပွဲ ဦးဆောင်သူ ဦးစစ်အောင်က “ပိုက်ဆံပေးမှ လူနာကို ဂရုစိုက်တယ်။ ပိုက်ဆံပေးမှ ခွဲစိတ်ပေးတယ်။ ဒီလို အကျင့်စာရိတ္တ ပျက်ပြားတဲ့ ဆရာဝန်၊ ဆရာမတွေကို အရေးယူပေးဖို့ ဆန္ဒ ဖော်ထုတ်တာပါ” ဟု ပြောသည်။
မြောင်းမြဆေးရုံတွင် ခွဲစိတ်ခ၊ အထူးခွဲစိတ်ခ၊ ခွဲစိတ်ခန်း အသွင်းအထုတ်ခ၊ သန့်ရှင်းရေးခ၊ ဆေးရုံဝင်ခ၊ လူနာစောင့် ဝင်ထွက်ခ၊ ရင်ခွဲရုံမှ အလောင်းထုတ်ခ စသဖြင့် အမျိုးအစားအလိုက် ၄ သောင်းမှ ၃ ထောင်ကျပ်အထိ ပေးရကြောင်း မြောင်းမြဒေသခံများက ဆိုသည်။
မြောင်းမြမြို့ခံ ဦးဝင်းရွှေက “မြောင်းမြ ဆေးရုံက အခုလို လူနာတွေအပေါ် တရားမဲ့ ငွေတောင်းနေတာ ကြာပါပြီ” ဟု ပြောသည်။
မြောင်းမြ ဆေးရုံမှ ဝန်ထမ်းများ၏ လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချကြောင်း မြောင်းမြမြို့ရှိ ဂရုဏာရှင် လူငယ်များအသင်း၊ မြောင်းမြ လူငယ် ကွန်ရက်၊ မြောင်းမြ အမျိုးသမီး ကွန်ရက်၊ အေးမြဖြူစင် သွေးလှုအသင်း၊ ဖြူစင်မေတ္တာ ကျန်းမာရေး စောင့်ရှောက်မှု အသင်း၊ အသောက ရေလှူအသင်းနှင့် ဓမ္မစွမ်းအား စာကြည့်တိုက် စသည့် အရပ်ဘက် အဖွဲ့အစည်းများက ဇူလိုင်လ ၃ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။