တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် အတွင်းရှိ ခဲမဖြူထုတ်လုပ်သော အကြီးစား သတ္တုတူးဖော်ရေး လုပ်ကွက်ဖြစ်သည့် ဟိန္ဒားမိုင်းမှာ ကော်ပိုရိတ် တာဝန်သိမှု (Corporate Social Responsibility) မရှိခြင်းနှင့် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ ထိခိုက်နစ်နာမှုဆိုင်ရာ ဆိုးကျိုးများ သက်ရောက်နေခြင်းကြောင့် ဒေသခံများ၏ တရားစွဲဆိုခြင်းနှင့် သဘာဝပတ်ဝန်းကျင် လေ့လာစောင့်ကြည့်ရေးအဖွဲ့များ၏ ဝေဖန်ထောက်ပြမှုများကို ခံနေရ သည့် အချိန်ဖြစ်သည်။
ဟိန္ဒားသတ္တုမိုင်း၏ စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်မှု မရှိခြင်းကြောင့် ဒေသခံချောင်းများ ကောလာမှုနှင့် အတူ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်တတ်ရာ ယင်းချောင်းများဘေးရှိ ကျေးရွာများဖြစ်သည့် မြောင်ပြိုရွာ၊ တောင် သုံးလုံးရွာ၊ ရွှေချောင်းရွာ၊ ဟိန္ဒူချောင်းရွာစသော ကျေးရွာများရှိ ဥယျာဉ်ခြံမြေများ ဆုံးရှုံးမှု ကြုံတွေ့နေရ ကြောင်း ဒေသခံတို့က ပြောဆိုကြသည်။
မြောင်ပြိုရွာမှ ဒေသခံများဆိုလျှင် ၎င်းတို့၏ ဥယျဉ်ခြံမြေနှင့် သီးပင်စားပင်များ ဆုံးရှုံးနစ်နာမှုအတွက် ဟိန္ဒားသတ္တုမိုင်းကို တရားစွဲဆိုထားကာ လက်ရှိ အမှုရင်ဆိုင်လျက်ရှိသည်။
ဟိန္ဒားမိုင်းကို အင်္ဂလိပ်အစိုးရ လက်ထက် ၁၉၂၇ ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့ပြီး သတ္တုတွင်းဝန်ကြီး ဌာနက ဆက်လက်၍ ၁၉၉၉ အထိလွှဲပြောင်းလုပ်ကိုင်ခဲ့သည်။ ၁၉၉၉ ဇူလိုင်လတွင် ထိုင်းကုမ္ပဏီ တခုဖြစ်သည့် Myanmar Pongpipat Company က သတ္တုတွင်းဝန်ကြီးဌာနနှင့် ဖက်စပ်စနစ်ကို ၁၀ နှစ် သက်တမ်းဖြင့် စာချုပ်ချုပ်ဆိုလုပ်ကိုင်ခဲ့ပြီး သက် တမ်း ၅ နှစ် ထပ်မံတိုးခဲ့ရာ ယခုဇူလိုင်လတွင် လုပ်ပိုင်ခွင့်ပြည့်သည်။
လုပ်ကွက်ဧရိယာ ၂၁၁၀ ဧကတွင် တနှစ်လျှင် ပျမ်းမျှ ခဲမဖြူ မက်ထရစ်တန်ချိန် ၄၀ဝ နှင့် ၅၀ဝ ကြား ထွက်ရှိသော ဟိန္ဒားသတ္တုမိုင်းကို MPC ကုမ္ပဏီနှင့် သတ္တုတွင်းဝန်ကြီးဌာနတို့က ထုတ်လုပ်မှု အချိုးကျခွဲဝေ သည့်စနစ်ဖြင့် ဖက်စပ်လုပ်ဆောင်နေ ပြီး MPC ကုမ္ပဏီမှ ၆၅ ရာခိုင်နှုန်း၊ သတ္တုတွင်း ဝန်ကြီးဌာနမှ ၃၅ ရာခိုင်နှုန်းရရှိသည်။ သတ္တုတွင်း ဝန်ကြီးဌာန အနေဖြင့် ထုတ်လုပ်မှု အချိုးကျရရှိသော ၃၅ ရာခိုင်နှုန်း အပြင်မြေငှားရမ်းခအဖြစ် ၁ စတုရန်း ကီလိုမီတာလျှင် သိန်း ၃၀ ကို နှစ်စဉ်အလိုက် ရရှိ လျက်ရှိသည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တခုတည်းသော နိုင်ငံခြားသားနှင့် ဖက်စပ်စနစ်လုပ်ကိုင်သည့် မိုင်း လည်းဖြစ်၊ ထုတ်လုပ်မှုအချိုးကျအပြင် မြေငှားရမ်းခပါ ရရှိနေသည့်မိုင်းလည်းဖြစ်သည်။
ဟိန္ဒားမိုင်းမှာ CSR နည်းပါးမှုနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု ဆိုးကျိုးများအပေါ် တာဝန်ယူမှု၊ ကြိုတင်ပြင်ဆင်မှု မရှိခြင်းတို့ဖြင့် နာမည် ထွက်နေသော်လည်း လက်ရှိ လုပ်ဆောင်လျက်ရှိ သော မြေဧက ၂၁၁၀ ကို ၅ နှစ် သက်တမ်းတိုး ထပ်မံလျှောက်ထားမှု ခွင့်ပြုမိန့် ရရှိသွားရာ၂၀၁၉ အထိ ဆက်လက် လုပ်ပိုင် ခွင့်ရရှိသွားပြီဖြစ်သည်။ ယင်းအပြင် ၎င်းတို့က ဧရိယာတိုးချဲ့လုပ်ပိုင်ခွင့်အဖြစ် ဧကပေါင်း ၄၀ဝ၀ ကျော်ကို ထပ်မံလျှောက်ထားထားသည်။
“ထိုင်းကုမ္ပဏီက တိုးချဲ့လျှောက်တဲ့ဟာက ရောက်ပြီ။ တိုင်းဒေသကြီးဆီက သဘောတူမှုစောင့် နေတာ။ သူ့ဆီ က သဘောတူရင်တော့ ဆက်ပြီး ဆောင်ရွက်ပေးမယ်၊ မတူရင်တော့ အရင်လုပ်ကွက် အတိုင်းပဲပေါ့” ဟု အမှတ် ၂ သတ္တုတွင်းဝန်ကြီးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်က အတည်ပြုသည်။
ဒေသခံကျေးရွာများနှင့် အဆင်မပြေမှုများဖြစ် နေသောအချိန် ပတ်ဝန်းကျင် စောင့်ကြည့်လေ့လာရေး အရပ်ဘက်အဖွဲ့အစည်းများက ဝေဖန်ထောက်ပြ ပြောဆိုနေသောအချိန်တွင် သက်တမ်းတိုးလုပ်ပိုင် ခွင့်ရရှိ သွားပြီး တိုးချဲ့ဧရိယာ လျှောက်ထားသော MPC ကုမ္ပဏီသည် ယခုအချိန်အထိ စွန့်ပစ်ပစ္စည်းများကို ချောင်းများ အတွင်းသို့ ပစ်နေဆဲဖြစ်ကြောင်း သိရသည်။
“အဓိကကတော့ ကုမ္ပဏီက မလိုက်နာလို့ပေါ့။ ဦးတို့ကအမြဲတမ်းပြောတယ်။ ချောင်းထဲကို တိုက်ရိုက် မြေဇာ တွေမလွှတ်ချပါနဲ့ပေါ့။ ဒါပေမယ့် ကုမ္ပဏီ ကလွှတ်ချနေတာပဲ။ ဒါတော့ ကုမ္ပဏီက အားနည်းတာပေါ့” ဟု ဟိန္ဒားသတ္တုတွင်း စီမံကိန်း မန်နေဂျာ ဦးဌေးအောင်က ပြောသည်။
ဟိန္ဒားသတ္တုတွင်း မန်နေဂျာအနေဖြင့် ၎င်း၏ လစဉ်တင်ပြရသော အစီရင်ခံချက်များတွင် ယင်းကဲ့ သို့ စနစ်မကျ စွန့်ပစ်မှုများကို ထည့်သွင်းဖော်ပြကြောင်း၊ အထက်မှ ညွှန်ကြားချက်များ ရှိသည့်အခါများတွင် ထိုင်းကုမ္ပဏီ ဘက်သို့ ပြောဆိုကြောင်း၊ သို့သော် ကုမ္ပဏီ၏ ထုတ်လုပ်မှုလုပ်ငန်းများတွင် ဝင်ရောက်စွက်ဖက်၍ မရကြောင်း သိရသည်။
“တိုင်းချုပ်ဆီကို ကျနော်က တင်တယ်။ တိုင်းကနေ နေပြည်တော်ကို တင်မှာပေါ့။ ဒီလိုဆင့်ကဲ ဆင့်ကဲ သွားနေ တာပဲ။ ကျနော့်ပါဝါနဲ့ မလုပ်နဲ့ ဘာညာ လုပ်လို့မရဘူးလေ။ အရေးယူတာမျိုးတော့ ကျနော့်သက်တမ်းမှာ မတွေ့ဘူးသေးဘူး။ စစ်ဆေးရေးဘာညာက တိုင်းရုံးကနေပဲလာတယ်။ တနှစ် တခါ ပုံမှန်ပေါ့” ဟု ဦးဌေး အောင်က ပြောသည်။
ထိုင်းကုမ္ပဏီအနေဖြင့် မိုင်းလုပ်ကွက်မှ ရေ နောက်များ မဆင်းစေရန် ဆောင်ရွက်ခြင်း၊ မိုးရာသီတွင် ရေလျှံမှု များမဖြစ်ပေါ်ရန် ရေနုတ်ချောင်းတူးပေး ခြင်း၊ ချောင်းရေမလျှံရန် တမံများ လုပ်ဆောင်ပေး ခြင်းတို့ရှိသော်လည်း စနစ်တကျ မလုပ်ဆောင်ခဲ့မှု ကြောင့် ချောင်းများကောကာ ဥယျာဉ်ခြံတို့ ရေနစ် မြုပ်မှုတို့ ရှိနေခဲ့ပြီဖြစ်သည်။
၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံ မှုကြောင့် နစ်မြုပ်ပျက်စီးသွားခဲ့သည့် မြောင်ပြိုရွာ ဒေသခံ ၂၅ ဦး၏ သီးပင်စားပင်များအတွက် လျော် ကြေးအဖြစ်မဟုတ်ဘဲ ပြန်လည်ထူထောင်ရေး ငွေ ကြေးအနေနှင့် ငွေကျပ်သိန်း ၅၀ ပေးခဲ့သော်လည်း ဒေသခံများက လက်မခံခဲ့သည့်ဖြစ်စဉ် ရှိခဲ့သည်။
ထို့အပြင် ချောင်းအတွင်း သတ္တုတွင်း စီမံကိန်း စွန့်ပစ်ပစ္စည်းများ အနည်များနှင့် ချောင်းကောနေမှု နှင့်အတူ ရွာရှိရေတွင်းများကို စမ်းသပ်စစ်ဆေးရာတွင်လည်း ၃ တွင်းတွင် ၂ တွင်းရှိ အာဆင်းနစ်နှင့် ခဲဓာတ်ပါဝင်မှု နှုန်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အမြင့်ဆုံးခွင့်ပြုချက်ထက် ကျော်လွန်နေပြီး သောက် သုံးရန်မသင့်ကြောင်း တွေ့ရှိရသည်ဟု ဒေသခံ ၉ ဦးကို ကိုယ်စားပြုပြီး ထားဝယ်ရှေ့နေအဖွဲ့ DLG က ကုမ္ပဏီနှင့်သတ္တုတွင်းဝန်ကြီး ဌာနအပေါ် တရားစွဲဆိုတင်ပြမှုတွင် ပါရှိသည်။
ယခုအချိန်တွင်လည်း မြောင်ပြိုချောင်းဘေး တွင် နေထိုင်နေသော ဒေသခံတို့မှာ စိုးရိမ်မှုများနှင့် အမြဲနေထိုင် နေရလျက်ရှိကြောင်း၊ မြောင်းပြိုချောင်းကို ကုမ္ပဏီက တမံကာပေးထားသော်လည်း မိုးကောင်းပြီဆိုပါက ရွာ အတွင်း စွန်ပစ်မြေနှင့် ရေများ အလုံးအရင်း ဝင်ရောက်လာမည့် အနေအထားရှိကြောင်း ဒေသခံများက ပြောသည်။
“အရင်က ချောင်းက အနက်ကြီးပေါ့၊ အခု ချောင်းက ဦးတို့ရွာထက်မြင့်သွားပြီ။ ချောင်ကျဉ်း ကျဉ်းလေးမှာ စွန့်ပစ်ပစ္စည်းနဲ့ မြေတွေပစ်ချတော့ ရေနဲ့ ပစ်တဲ့မြေနဲ့က မမျှတော့ ဒီတမံ ပြိုဆင်းလာ လို့ရင် သဲကျောက်တွေ ရွာကိုအကုန်လုံး ဖုံးကုန်မှာ၊ အဲ့ဒါကိုကြောက်တာ၊ နေ့လား ညလားမသိ အဲ့ဒီလို မျိုးဖြစ်မှာ” ဟု မြောင်ပြိုရွာသား ဦးရဲအောင်က ပြောသည်။
လက်ရှိမိုးရာသီတွင်တမံပြင်ဆင်မှုများ ကုမ္ပဏီ ဘက်မှ လုပ်ဆောင်မှု မရှိသေးခြင်းနှင့် ပတ်သက်၍ လည်း ဒေသခံ မြောင်းပြိုရွာသား ဦးသန်းဝေက “အခု မိုးရာသီရောက်နေပြီ တမံပြင်ဆင်မှုတွေ ထပ်မလုပ်သေးဘူး။ တမံပြိုတာနဲ့ သဲကျောက်နုန်းမြေတွေ ဝင်လာတော့မယ်လေ။ လက်ရှိအခြေအနေထက် အများကြီး ဆုတ်ယုတ် သွားမယ်။ ချောင်းကြီးက အဆမတန် မြင့်နေပြီ။ အရင်ချောင်းက ရွာအောက် ပေ ၃၀-၄၀ လောက်နိမ့်တာ၊ အခု ချောင်းကရွာထက် မြင့်နေပြီ” ဟု ပြောသည်။
သတ္တုတူးဖော်ရေး လုပ်ကွက်များအနေဖြင့် လူမှုတာဝန် သိတက်မှုအပြည့်နှင့်အတူ ဒေသခံတို့၏ သဘောထား ကိုလည်း တောင်းခံညှိနှိုင်းရန်ဆိုသောအချက်များ လိုက်နာရန်လိုအပ်သော်လည်း ဟိန္ဒားသတ္တုမိုင်းနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင် တကြိမ်တခါမျှ ဒေသခံတို့နှင့် ပွင့်လင်းမြင်သာစွာ သဘောထားညှိနှိုင်းမှုမျိုး မရှိခဲ့ကြောင်း ပြောဆိုကြသည်။
“ဒီနေ့ဒီအချိန်အထိ ဒီကုမ္ပဏီ စပြီးလာလုပ် ကတည်းက ဦးတို့တွေကို အဖက်လုပ်ပြီး ပွင့်လင်းမြင်သာစွာ ဆွေးနွေးလာတာမရှိဘူး။ ဒီနေ့ဒီရက်ထိလည်း လည်ပတ်နေတာကို ဦးတို့ဒေသခံတွေဘာမှမသိဘူး။ ဘယ် လောက်ဧက လုပ်နေတယ်။ နောက်ထပ် ဘယ် လောက်ထပ်တိုးချဲ့တယ်။ ဘယ်နှနှစ် ထပ်လုပ်မယ် ဆိုတာ ဦးတို့နဲ့ သူတို့နဲ့ဆွေးနွေးမှု တခါမှမရှိဖူးဘူး” ဟု ဦးရဲအောင် ကပြောပြသည်။
သတ္တုကုမ္ပဏီများဘက်မှ ထိုသို့ပြုမူမှုများ ရှိ လာနေသော ယခုလိုအခြေအနေများတွင် သတ္တုတွင်းဝန်ကြီး ဌာနက ချပေးသော အသေးစားလုပ်ကွက်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုချက်ပါလိုသော အကြီး စားလုပ်ကွက်စသော သတ္တုလုပ်ကွက်များ လုပ်ပိုင်ခွင့်ချပေးမှုတွင်များစွာကြပ် မတ်ရုံမျှမကပဲ စောင့်ကြည့်သည့် ဖြစ်စဉ်ပါ လိုအပ်လာပြီဖြစ်သည်။
တနင်္သာရီ တိုင်းဒေသကြီးတွင် လက်ရှိအခြေ အနေအထိဆိုပါက အကြီးစားသတ္တုလုပ်ကွက် ၈ ခု အထိရှိနေပြီး ဖက်စပ်လုပ်ကွက်မှာ ဟိန္ဒားတခုတည်းသာဖြစ်ပြီး ကျန်လုပ်ကွက်များမှာ နိုင်ငံသားပိုင်များဖြစ်သည်။ အသေးစား လုပ်ကွက် စုစုပေါင်းမှာ ၅၀ ကျော်အထိရှိနေပြီဟု အမှတ် ၂ သတ္တုတွင်းဝန်ကြီး ဌာန ဦးဆောင်ညွှန်ကြားရေးမှုး ဦးသံဒိုင်က ပြောသည်။
ယနေ့ပွင့်လင်းလာသော အခြေအနေနှင့်အတူ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို MIC မှခွင့်ပြုပေး နေရာတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နစ် နာမှုများအတွက် အကာအကွယ်ဖြစ်မှု၊ လူမှုတာဝန် သိတတ်မှု CSR ကို အဓိကအလေးပေးပြီး ခွင့်ပြုမိန့်များ ချပေးလျက်ရှိသည်ဟု MIC အဖွဲ့ဝင် စီးပွားရေးပညာရှင် ဒေါက်တာ အောင်ထွန်းသက်က ပြောဆိုဖူးသည်။
စီမံကိန်းများ လုပ်ဆောင်ရာတွင် မဖြစ်မနေ လိုအပ်လာသည့် EIA စီမံကိန်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်း ကျင်အပေါ် အကျိုးသက်ရောက်မှုအပေါ် လေ့လာဆန်းစစ်မှု၊ SIA လူမှုပတ်ဝန်းကျင်အပေါ် စီမံကိန်းကြောင့် အကျိုးသက်ရောက်မှု ဆန်းစစ်မှုစသော ဆန်းစစ်ချက်များကို နိုင်ငံတကာ အသိအမှတ်ပြု အဖွဲ့အစည်းများ၏ ထောက်ခံချက်များဖြင့် လုပ်ဆောင်ရသည်။
ယခု ဟိန္ဒားသတ္တုတွင်းမှာလည်း သက်တမ်းတိုး ခွင့်ပြုချက်တွင် ယင်း EIA၊ SIA ဆန်းစစ်မှုများ အကြောင်း မေးမြန်းရာ အမှတ် ၂ သတ္တုတွင်းဝန်ကြီး ဌာန ဦးဆောင်ညွှန်ကြားရေးမှုး ဦးသံဒိုင်က “MIC တက်နိုင်ဖို့အတွက် ကို သူတို့လုပ်ထားတာတော့ရှိတယ်။ နိုင်ငံတကာ အသိအမှတ်ပြု အဖွဲ့ကနေ လုပ် ထားတာပေါ့” ဟုသာ ပြောဆိုသည်။
သို့ဖြစ်ရာ ယခုသက်တမ်းတိုး ခွင့်ပြုလိုက်သော စီမံကိန်းနှင့် ပတ်သကျ်၍ လူမှုတာဝန်ယူမှု အမှန် တကယ် ရှိ မရှိ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးများ အမှန်တကယ် ဖြစ်ပေါ်နေ၊ မဖြစ်ပေါ်နေ၊ ဒေသခံတို့၏ သဘောထားအပေါ်တွင် အလေးထားမှု ရှိမရှိစသော အချက်များကို ခွင့်ပြုမှုဖြစ်စဉ်ကို ပွင့်လင်းမြင်သာစွာ အများပြည်သူ သိရှိစေခြင်းငှာ သက်ဆိုင်သူများက ဖော်ထုတ်တင်ပြရန် တာဝန်ရှိနေပြီဖြစ်သည်။