မျက်ရည်လက်နက် အစွမ်းထက်သည် ဆိုသော်ငြားလည်း

ဟန်ပိုင်

This article has been converted from Zawgyi One to Unicode

နိုင်ငံတကာ သတင်းစာမျက်နှာမှာ ကမ္ဘာ့ဖလား သတင်းတွေနဲ့အတူ နေရာယူထားတာကတော့ အသေအပျောက်များပြီး စစ်ရေး ဆက်လက်တင်းမာနေတဲ့ အစ္စရေး-ပါလက်စတိုင်း ပြဿနာပါ။

ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးတွေက ဟားမတ်စ် (Hamas) အဖွဲ့ဝင်တွေကို လေကြောင်းက တိုက်ခိုက် ရလောက်အောင် တင်းမာခဲ့ရတဲ့ အကြောင်းကတော့ လွန်ခဲ့တဲ့ သုံးပတ်ကျော်လောက်က အစ္စရေး ဆယ်ကျော်သက် ၃ ဦး အနောက်ဘက်ကမ်းခြေမှာ ပြန်ပေးဆွဲခံရပြီးနောက် အသတ်ခံလိုက်ရတာကနေ စတာပါ။

ဒါဟာ ဟားမတ်စ်အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ အစ္စရေးဘက်က စွပ်စွဲ ပြစ်တင်ခဲ့ပြီးတဲ့နောက်၊ ဂါဇာမှာ အခြေစိုက်တဲ့ ဟားမတ်စ်တွေက လက်တုန့်ပြန်တဲ့အနေနဲ့ အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

အခြေအနေတွေ ပိုမိုဆိုးရွားစေတာကတော့ ပါလက်စတိုင်း လူငယ်တဦး အစ္စရေးအစွန်းရောက်တွေရဲ့ လက်စားချေ သတ်ဖြတ်ခံရတာပါပဲ။

အဲဒီနောက် ဟားမတ်စ်အဖွဲ့ကလည်း အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်သလို အစ္စရေးကလည်း ဂါဇာမှာရှိတဲ့ ဟားမတ်စ်အဖွဲ့တွေကို လေကြောင်းက တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။

အယ်လ်ဂျာဇီးယား သတင်းတွေအရ ဇူလိုင်လ ၁၅ ရက်နေ့အထိ ပါလက်စတိုင်း ၁၈၉ ဦး သေဆုံးကြောင်း သိရပါတယ်။ ကုလသမဂ္ဂ ထုတ်ပြန်ချက်အရ သေဆုံးသူ ၈၀ ရာခိုင်နှုန်းက အရပ်သားများလို့ ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ ပါလက်စတိုင်း ပြည်သူ ၁၃၅၀ ရှိပြီး ကုလသမဂ္ဂရဲ့ ခိုလှုံရေးစခန်းတွေမှာ ၁၇၀၀၀ ကျော် ရောက်ရှိနေပါတယ်။ အစ္စရေးဘက်ကတော့ အနည်းဆုံး ၁၀ ဦးလောက် ထိခိုက်ဒဏ်ရာရပါတယ်။

အခုလိုမျိုး ဟားမတ်စ်အဖွဲ့ကလည်း အစ္စရေးနယ်မြေထဲ ဒုံးကျည်တွေနဲ့ တိုက်ခိုက်သလို အစ္စရေးတွေဘက်ကလည်း ဂါဇာမှာရှိတဲ့ ဟားမတ်စ်အဖွဲ့တွေ ခိုအောင်းနေတယ်ဆိုတဲ့ နေရာတွေကို တိုက်ခိုက်ခဲ့လို့ ပါလက်စတိုင်းပြည်သူတွေ သေဆုံး၊ အနာတရ ဖြစ်ရတာကြောင့် ဇူလိုင်လ ၁၀ ရက်နေ့မှာ အစ္စရေး-ပါလက်စတိုင်း ပြသနာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အရေးပေါ် ကြားနာပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။

ကြားနာပွဲမှာ လုံခြုံရေးကောင်စီရဲ့ လက်ရှိဥက္ကဌ ဖြစ်တဲ့ ရဝမ်ဒါနိုင်ငံ သံအမတ် ယူဂျင်း ရစ်ချတ် ဂါစာနာ (Eugene Richard Gasana) က ဦးဆောင်ပါတယ်။ ကြားနာပွဲမှာ ကုသလမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက လက်ရှိပြဿနာအပေါ် အစီရင်ခံပြီး အခြေအနေအရပ်ရပ်ဟာ ထိန်းမနိုင်၊ သိမ်းမရ ပေါက်ကွဲတော့မလို ဖြစ်နေတဲ့အတွက် စိုးရိမ်ကြောင်း ပြောဆိုပါတယ်။

သူ့အလှည့်ပြီးတာနဲ့ ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်းနဲ့ အစ္စရေး သံအမတ်တွေကို လုံခြုံရေးကောင်စီ ဥက္ကဌက တင်ပြခွင့်ပေးပါတယ်။

ပါလက်စတိုင်းသံအမတ် ရီယဒ် မန်ဆိုး (Riyad Mansour) က တင်ပြရာမှာ အစ္စရေးတွေ ဂါဇာကမ်းမြှောင်ကို လေကြောင်းက တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးတွေ၊ အမျိုးသမီးတွေ အပါအဝင် အရပ်သားအများအပြား ထိခိုက်သေဆုံးခဲ့ရတယ်။ အစ္စရေးဟာ ဟားမတ်စ်တွေအပေါ် အပစ်အခတ်ရပ်စဲဖို့ ဖိအားပေးတဲ့အနေနဲ့ ဒီလို တိုက်ခိုက်နေတာဖြစ်တယ်။ အစ္စရေးရဲ့ ပါလက်စတိုင်း အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေမှုဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်၊ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာဖြစ်သလို၊ စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်ကြောင်းကို ထိခိုက်သေဆုံးခဲ့ရတဲ့ မိသားစုဝင်တွေရဲ့ ပြောဆိုမှုတွေကိုပါ အာရပ်ဘာသာနဲ့ ကိုးကားတင်ပြသွားပြီး နိုင်ငံတကာကို အစ္စရေးရဲ့ ဆက်လက် တိုက်ခိုက်နေတာတွေ ရပ်ဆိုင်းဖို့အတွက် ဖိအားပေးဖို့ တင်ပြသွားပါတယ်။

အစ္စရေးသံအမတ် ရွန် ပရိုဆာ (Ron Prosor) က ဒီပြသနာဟာ ဟားမတ်စ်အဖွဲ့တွေ အစ္စရေးကို ဒုံးကျည်နဲ့ တိုက်ခိုက်ရာကနေ စတင်ကြောင်း၊ ဟားမတ်စ် အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးပြည်သူတွေ မလုံခြုံ ဖြစ်ရတဲ့အတွက်၊ ပြန်လည် တိုက်ခိုက်ရတာဖြစ်ကြောင်း၊ ဒီပြသနာဟာ ဟားမတ်စ်က စခဲ့တာဖြစ်ပြီး သူတို့အနေနဲ့ တခြားရွေးချယ်စရာ လမ်းမရှိခဲ့ကြောင်း ပြောဆိုပါတယ်။ ပြီးတော့ ဟားမတ်စ်အဖွဲ့ဟာ ပါလက်စတိုင်း ပြည်သူတွေကို အကာအကွယ်ယူပြီး ပုန်းအောင်းနေတဲ့ အတွက်သာ အစ္စရေးက ဟားမတ်စ်အဖွဲ့တွေကို တိုက်ခိုက်ရင်း ပါလက်စတိုင်း ပြည်သူတွေ ထိခိုက်သေဆုံး၊ ဒဏ်ရာရတာဖြစ်ကြောင်း၊ သူတို့အနေနဲ့ ဒီလိုတိုက်ခိုက်ရာမှာ ပါလက်စတိုင်း ပြည်သူတွေ ထိခိုက်၊ သေဆုံးမှုမရှိအောင် ရှောင်ကြဉ်ခဲ့ကြောင်း တင်ပြသွားပါတယ်။

ဒီနေရာမှာ သတိထားမိတာက ပါလက်စတိုင်း သံအမတ် တင်ပြနေစဉ်အတွင်း သူ့လက်ထောက် အမျိုးသမီးဟာ  မျက်ရည်လည်နေပြီး မကြာခဏ မျက်ရည်သုတ်၊ နှာရည်သုတ်တာ တွေ့နေရပါတယ်။ တကယ်လည်း သတင်းစာမျက်နှာတွေပေါ်မှာ ပါလက်စတိုင်း ကလေးငယ်တွေ သေဆုံးနေတာ၊ သက်ဆိုင်ရာ မိခင်၊ ဖခင်တွေ ပူဆွေးဝမ်းနည်း ငိုယိုနေတာတွေဟာ စိတ်မကောင်းစရာ၊ ရင်နင့်စရာတွေအဖြစ် မြင်တွေ့နေရတဲ့အတွက် သူ့အနေနဲ့ ဒါတွေကို ပြန်မြင်ယောင်ပြီး ဝမ်းနည်းနေတာ ဖြစ်နိုင်ပါတယ်။

အစ္စရေး သံအမတ် တင်ပြနေချိန်မှာ ထူးခြားတာကတော့ သူ့လက်ထောက် အမျိုးသမီးက နောက်ကနေ သူ့ဆရာအတွက် အရေးကြီးတဲ့ သက်သေ၊ အထောက်အထားတွေ ကမ်းပေးနေတာ တွေ့ရပါတယ်။ ဥပမာအနေနဲ့ ဟားမတ်စ်အဖွဲ့တွေ ဒုံးကျည်နဲ့ တိုက်ခိုက်ချိန်မှာ အစ္စရေး ပြည်သူတွေကို နီးစပ်ရာ လုံခြုံဘေးကင်းရာကို စက္ကန့်ပိုင်းအတွင်း အရောက်သွားဖို့ နှိုးဆော်တဲ့ ဥသြသံလိုမျိုးကို မိုဘိုင်းဖုန်းကနေတဆင့်  ဖွင့်ပြတာမျိုးပါ။ အစ္စရေး သံအမတ်က ဒီလိုမျိုး အစ္စရေးပြည်သူတွေ အနေနဲ့ လုံခြုံဘေးကင်းရာကို ရောက်ဖို့ စက္ကန့်ပိုင်းမျှသာ အချိန်လု၊ ပြေးလွှားနေရတဲ့  အခြေအနေအောက်မှာ နေရတဲ့ သူတို့ပြည်သူတွေရဲ့ စိုးရိမ်မှု၊ သောကတွေကို ထင်သာမြင်သာ ရှိအောင် တင်ပြပြောဆို သွားပါတယ်။

ဒီနေရာမှာ ပြောချင်တာကတော့ အခုပြဿနာနဲ့ ပတ်သက်ပြီး ဘယ်သူကမှန်တယ်၊ ဘယ်သူက လွန်တယ် ဆိုတာထက်၊ ဘယ်သူက ပြဿနာကို ထိထိရောက်ရောက် တင်ပြနိုင်စွမ်း ရှိသလဲ ဆိုတာကိုပါ။

အစ္စရေးရော၊ ပါလက်စတိုင်းပါ သံခင်းတမန်ခင်းအရ၊ ဘာသာစကား ကျွမ်းကျင်မှုအရ အရည်အချင်း ရှိတဲ့သူတွေကို ကုလသမဂ္ဂဆိုင်ရာ သံတမန်တွေအဖြစ် စေလွှတ်ထားကြတာ ယုံမှားသံသယရှိစရာ မလိုပါဘူး။ ဒါပေမယ့် ကျနော့်အမြင်မှာ အစ္စရေးတွေဘက်က ကုလသမဂ္ဂမှာ တင်ပြပုံ တပန်းသာတယ်လို့ ထင်တာကတော့ ပြဿနာနဲ့ ဆက်စပ်တဲ့ သက်သေ၊ အထောက်အထားတွေကို အစီရင်ခံနေချိန်အတွင်း တင်ပြသွားနိုင်တာပဲ ဖြစ်ပါတယ်။

မျက်ရည်ဟာ လူတွေရဲ့ နှလုံးသားကို ဆွဲယူသိမ်းပိုက်နိုင်ပေမယ့်၊ ကြာရှည်တော့ မခံပါဘူး။ မျက်ရည်တွေ ခမ်းခြောက် သွားတာနဲ့ တပြိုင်နက် တခြားသူတွေရဲ့ ကိုယ်ချင်းစာမှု၊ ငဲ့ညာမှုတွေလည်း တဖြည်းဖြည်း ပျောက်ကွယ် သွားတတ်ပါတယ်။

မျက်ရည်တွေကို အင်အားဖြစ်စေဖို့၊ မျက်ရည်တွေကို အမှန်တရားဖြစ်စေဖို့ ဆိုရင်တော့ အဲဒီ မျက်ရည်တွေ ဘာကြောင့် ကျခဲ့ရသလဲဆိုတဲ့ နောက်ကွယ်က အဖြစ်မှန်၊ အခြေအနေကို စနစ်တကျ မှတ်တမ်းတင်ရင်း၊ ခိုင်လုံတိကျတဲ့ သက်သေ အထောက်အထားတွေ စုဆောင်းဖို့ အရေးကြီးပါတယ်။

ကျနော်တို့နိုင်ငံမှာလည်း နှစ်ပေါင်းကြာရှည် ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်၊ နိုင်ငံရေး တိုက်ပွဲ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုက်ပွဲတွေအတွင်း ဝမ်းနည်းစရာ၊ ကြေကွဲဖွယ်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုမျိုးစုံ ခံခဲ့ရတဲ့အတွက် ကျခဲ့ရတဲ့ မျက်ရည်တွေဟာလည်း ယနေ့ထိတိုင်ပါပဲ။

ကျနော်တို့လည်း ဆုံးရှုံးသွားခဲ့တဲ့ အခွင့်အရေးတွေ၊ တရားမျှတမှုတွေ၊ အမှန်တရားတွေ အတွက် စနစ်တကျ မှတ်တမ်းတင်၊ ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေ စုဆောင်းပြီး ရင်ဆိုင်ဖြေရှင်းမှသာ မျက်ရည်တွေ ခမ်းခြောက်သွားတာနဲ့ တပြိုင်နက် အမှန်တရားတွေ၊ တရားမျှတမှုတွေ ဆိတ်သုဉ်းသွားတာမျိုး မကြုံရမှာ ဖြစ်ပါတယ်။

(ဟန်ပိုင်သည် မြန်မာ့နိုင်ငံ လူ့အခွင့်အရေး အခြေအနေများကို ပူးပေါင်းမှတ်တမ်းတင်နေသည့် လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (ND-Burma) တွင် Coordinator (ညှိနှိုင်းဆောင်ရွက်ရေးမှူး) အဖြစ် တာဝန် ထမ်းဆောင်နေသည်။ ဟန်ပိုင်သည် ABSDF ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင်ဟောင်း တဦးလည်း ဖြစ်သည်။)

Loading