အာဏာရှင် နိုင်ငံရေးယဉ်ကျေးမှု အကြောင်းဆိုရင် မြန်မာတွေ အတော် နောကျေ ပါတယ်။ စစ်အစိုးရခေတ်မှာ ဝန်ကြီးချုပ် လုပ်ခဲ့ဖူးတဲ့ သမ္မတ ဦးသိန်းစိန်က နိုင်ငံရေးယဉ်ကျေးမှုသစ်လို့ အလျဉ်းသင့်တဲ့အခါ ပြောတတ်ပေမယ့် အပြောနဲ့ လက်တွေ့ ဘယ်လောက်ညီသလဲ ဆိုတာကို လက်တွေ့ကြုံရမယ့် အချိန်က မဝေးတော့ပါဘူး။
အခုအထိ ဆိုရင်တော့ မသင်္ကာစရာ တွေချည်း ပါပဲ။ ဗိုလ်ချုပ်ဟောင်း သမ္မတ ဦးသိန်းစိန်က ငယ်သူငယ်ချင်း (သူ့လိုပဲ DSA ၉ ဆင်းတဲ့) ဗိုလ်ချုပ် ဟောင်း ဦးတင်အေးကို ရွေးကောက်ပွဲကော်မရှင် ခန့်ထားတယ်။ ဦးတင်အေးဟာ စစ်အစိုးရ ခေတ်မှာ နံပါတ် ၆ အာဏာအရှိဆုံး ပုဂ္ဂိုလ်၊ ပြည်ခိုင်ဖြိုးပါတီမှာ ထိပ်ပိုင်း ရာထူးကိုလည်း ယူခဲ့ကြပြီး ၂၀၁၀ ရွေးကောက်ပွဲ မှာတောင် ဝင်ပြိုင်ခဲ့သေးတယ်။
ဒါပေမယ့် အတိုက်အခံ NLD က အပြတ်အသတ် နိုင်သွားတဲ့ ၂၀၁၂ ရွေးကောက်ပွဲဟာ “လွတ်လပ်လွန်း ပြီးတော့ မမျှတတဲ့ ရွေးကောက်ပွဲ” လို့ ယူဆသူ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူထု ဟောပြောပွဲတခုမှာ စစ်တပ်ကို ဝေဖန်တဲ့ သဘောပါတဲ့ မိန့်ခွန်းနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို သတိပေးစာ ထုတ်လို့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ သမာသမတ် ကျမှုကို NLD က မေးခွန်းပြန်ထုတ်ခဲ့တယ်။
ဘာဖြစ်ဖြစ် လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရွေးကောက်ပွဲ အငြင်းပွားမှုတွေမှာ ရွေးကောက်ပွဲ ကော်မရှင်ကိုပဲ အာဏာကုန် လွှဲပေးထားပါတယ်။
ဒီမိုကရေစီ စနစ်မှာ အရေးကြီးတဲ့ စမ်းသပ်မှု တခုက အာဏာ အလွှဲအပြောင်းကိစ္စ ဖြစ်ပါတယ်။ ဒီမိုကရေစီ ယဉ်ကျေးမှုနဲ့ အသားမကျ သေးတဲ့ နိုင်ငံတွေ အတွက် ထင်သလောက် မလွယ်ပါဘူး။ ဒါပေမယ့် မဖြစ်နိုင်တဲ့ ကိစ္စလည်း မဟုတ်ပါဘူး။
ဇူလိုင်လထဲမှာ သမ္မတရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ အာဖဂန် နစ္စတန်မှာတော့ ရွေးကောက်ပွဲ အငြင်းပွားမှု ပြဿနာ ပေါ်နေပြန် ပါတယ်။ အာဖဂန်နစ္စတန် သမ္မတ ဟာမစ်ခါဇိုင်းဟာ သက်တမ်း နှစ်ဆက် သမ္မတ တာဝန်ကို သက်တမ်း ပြည့်သွားလို့ နောက်ထပ် ယှဉ်ပြိုင်ခွင့် မရှိတော့ပါဘူး။ ဒါကြောင့် ဒီနှစ် ရွေးကောက်ပွဲအပြီး အာဏာ အလွှဲအပြောင်း ဟာ အာဖဂန်နစ္စတန်မှာ ဒီမိုကရေစီအစိုးရ နှစ်ရပ် ပထမဆုံး အာဏာ အလွှဲအပြောင်း ဖြစ်ပါတယ်။ ဒီမိုကရေစီ ယဉ်ကျေးမှု အတွက် အလွန်အရေးကြီးတဲ့ ကာလလို့ ဆိုနိုင်ပါတယ်။
အာဖဂန်လိုပဲ ပထမဆုံး အာဏာအလွှဲ အပြောင်းကာလကို ဖြတ်သန်းနေတဲ့ နောက်တနိုင်ငံက အင်ဒိုနီးရှားပါ။ ပြည်သူ တွေက တိုက်ရိုက်မဲပေးစနစ်နဲ့ သက်တမ်း နှစ်ဆက် ရွေးချယ်ခံရတဲ့ ဗိုလ်ချုပ်ဟောင်း သမ္မတ ဆူစီလိုဘမ်ဘန်း ယူဒိုယိုနိုဟာ ဖွဲ့စည်းပုံ အရ သက်တမ်းပြည့်လို့ ရွေးကောက်ပွဲ အနိုင်ရသူ ဂျကာတာ မြို့တော်ဝန် ဂျိုကိုဝီဒိုဒိုကို လွှဲပေးရပါတော့မယ်။
ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲ ရလဒ်အရ သမ္မတ ဆူစီလိုနဲ့ သူ့ပါတီဟာ အာဏာ လက်လွှတ်လိုက်ရ ပေမယ့် ဂုဏ်သိက္ခာ အရာမှာတော့ အပွန်းအပဲ့ မရှိပါဘူး။ ပါတီအတွက် ဆိုရင် ဒီတကြိမ် ရှုံးသွားပေမယ့် ဒီမိုကရေစီ စနစ်အရ အာဏာလမ်း မဆုံးသေးပါဘူး။ အာဏာရှင် လောင်းရိပ်အောက်က ရုန်းထွက်ခါစ တိုင်းပြည်ကို တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးရေး လမ်းကြောင်းပေါ်ကို ဆွဲတင်ပေးခဲ့ တာကိုလည်း ပြည်သူတွေက မေ့မှာ မဟုတ်ပါဘူး။
ဒီနေ့ အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှမှာ စီးပွားရေး အရွယ်အစား အကြီးမားဆုံး နိုင်ငံ ဖြစ်နေပါပြီ။ သမ္မတ ဆူစီလို အတွက် ဆိုရင် အင်ဒိုနီးရှားမှာ တိုက်ရိုက် မဲပေးစနစ်နဲ့ ပထမဆုံး ရွေးချယ်ခံရတဲ့ သမ္မတအဖြစ် သာမက ဒီမိုကရေစီ ယဉ်ကျေးမှု နောက်တဆင့်ကို မြှင့်တင်ပေးခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး သမားတယောက် အဖြစ် သမိုင်းမှာ အမှတ်ရနေ ကြမှာပါ။ ၂၀ဝ၄ မှာ သမ္မတအဖြစ် တာဝန်ယူခဲ့ပြီး ထွက်သွားတဲ့ အချိန်မှာ တည်ငြိမ်ပြီး ရှင်သန်နေတဲ့ စီးပွားရေး အဆောက်အအုံကို အမွေချန်ထားခဲ့ပါတယ်။
ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အသက် ၅၃ နှစ်အရွယ် ဂျကာ တာမြို့တော်ဝန် ဆိုရင် နိုင်ငံရေး အသိုင်းအဝိုင်း နောက်ခံလည်း မရှိတဲ့ သာမန် လက်လုပ်လက်စား ဘဝကနေ ကိုယ်ပိုင် အရည်အချင်းနဲ့ တက်လာသူ ဖြစ်ပါတယ်။ သမ္မတ မဖြစ်ခင်ကတည်းက ရိုးသားနှိမ်ချပြီး အောက်ခြေ ပြဿနာတွေ ကိုယ်တိုင်ကိုယ်ကျ ဖြေရှင်းပေးတတ်တဲ့ သူ့ရဲ့ ခေါင်းဆောင်မှု ပုံစံဟာ အင်ဒိုနီးရှားအတွက် သာမက ဒေသတွင်းက တခြားနိုင်ငံတွေ အတွက်ပါ စံနမူနာ ဖြစ်နေပြီ။
အင်ဒိုနီးရှားမှာ ၁၉၉၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကနေ ရေတွက်ရင် ဆယ့်ငါးနှစ် ဝန်းကျင် အတွင်း ဒီမိုကရေစီက အတော်လေး အသားကျ ရင့်ကျက်နေတယ် လို့ ဆိုနိုင်ပါတယ်။ သမ္မတ ရွေးကောက်ပွဲ အတွက် တလတာ မဲဆွယ်ပွဲတွေ အစ မှာပဲ ငြိမ်းချမ်းတဲ့ နည်းလမ်း မဲဆွယ်ကြမယ်လို့ သမ္မတလောင်း နှစ်ယောက်က ကတိပြု လက်မှတ် ထိုးကြတယ်။ သမ္မတလောင်း နှစ်ယောက်ဟာ အမေရိကန် သမတရွေးကောက်ပွဲ ပုံစံမျိုး ရုပ်မြင်သံကြား စကားစစ်ထိုးပွဲတွေ အနည်းဆုံး ၅ ကြိမ် ပြု လုပ်ခဲ့ကြတယ်။
အာဖဂန်နစ္စတန် မှာတော့ အာဏာအလွှဲအပြောင်းက ထင်သလောက် မလွယ်သေးပါဘူး။ နောက်ထပ် နိုင်ငံရေး အကျပ်အတည်းတခုနဲ့ ကြုံနေရတယ်လို့ ဆိုနိုင်ပါတယ်။
ရွေးကောက်ပွဲမှာ မသမာမှုတွေရှိတယ်ဆိုပြီး စွပ်စွဲတဲ့ သမ္မတလောင်းက ၂၀ဝ၉ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ဟာမစ်ခါဇိုင်းကို ရှုံးခဲ့တဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဒေါက်တာ အဗ္ဗဒူလာ အဗ္ဗဒူလာ ဖြစ်ပါတယ်။ ဒီတခေါက်မှာ တော့ အဗ္ဗဒူလာရဲ့ ပြိုင်ဘက်က ဘဏ္ဍာရေးဝန်ကြီးဟောင်းနဲ့ ကမ္ဘာ့ဘဏ် စီးပွားရေး ပညာရှင်အဖြစ် တာဝန်ထမ်းဖူးတဲ့ အက်စရက်ဖ်ဂန်ဒီ ဖြစ်ပါတယ်။
မဲမသမာမှုတွေကို သမ္မတ ဟာမစ်ခါဇိုင်းနဲ့ ဂန်ဒီတို့က အစီအစဉ်တကျ လုပ်ခဲ့တယ်လို့ အဗ္ဗဒူလာက စွပ်စွဲပါတယ်။ အကယ်၍ အကျပ်အတည်းက ဖြေရှင်းမရဘဲ အနိုင်အရှုံးကို မဆုံးဖြတ်နိုင်ရင် နိုင်ငံရေး၊ လူမျိုးရေး ပဋိပက္ခအထိ ဦးတည် သွားနိုင်သလို ဒီမိုကရေစီ နည်းကျ အာဏာအလွှဲအပြောင်းနဲ့ အလှမ်းဝေးနေပါလိမ့်မယ်။
လက်ရှိသမ္မတ ဟာမစ်ခါဇိုင်းဟာ တာလီဘန် ခေတ်အလွန် ၂၀ဝ၁ ခုနှစ်မှာ ကုလသမဂ္ဂက တင်မြှောက်တဲ့ ကြားကာလ နိုင်ငံ့ခေါင်းဆောင် ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ ကြားဖြတ်သမ္မတ အဖြစ် ရွေးချယ်ခံရ တယ်။ ၂၀ဝ၄ ခုနှစ်မှာ ပထမဆုံး ကျင်းပတဲ့ ရွေး ကောက်ပွဲမှာ ၅ နှစ်သက်တမ်း သမ္မတအဖြစ် ရွေးချယ်ခံရတယ်။ ၂၀ဝ၉ နှစ်မှာ ဒုတိယ သက်တမ်း အတွက် ဝင်ပြိုင်တဲ့အခါ ရွေးကောက်မှာ မဲမသမာမှု တွေ ရှိခဲ့ပါတယ်။
အဲဒီအချိန်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဖုန်းဆက်ပြီး အကြိမ်ကြိမ် နားချတော့မှ နောက်ဆုံးမှာ ဒုတိယ အကျော့ ရွေးကောက်ပွဲ ကျင်းပဖို့ ဟာမစ်ခါဇိုင်း သဘောတူခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ဘက် အဗ္ဗဒူလာက ထပ်မပြိုင်တော့လို့ ဟာမစ်ခါဇိုင်းကပဲ သမ္မတ ဒုတိယသက်တမ်းကို ထမ်းဆောင်ပါတယ်။
ဒီနှစ် ရွေးကောက်ပွဲမှာ အာဖဂန် ဖွဲ့စည်းပုံအရ ဟာမစ်ခါဇိုင်း အတွက် ဝင်ပြိုင်ဖို့ မရှိတော့ပါဘူး။ ဒါပေမယ့် တကယ်တမ်း အာဏာကို စွန့်ရမယ့် အချိန်မှာ စိတ်ပြောင်းသွားမှာကို ပြည်သူတွေရော၊ နိုင်ငံတကာ မဟာမိတ် ခေါင်းဆောင်တွေပါ စိုးရိမ်ခဲ့ကြတယ်။
အာဖဂန်လို နိုင်ငံမျိုး အတွက် အကြောင်းပြမယ် ဆိုရင် တာလီဘန် ပြဿနာလို လုံခြုံရေးပြဿနာတွေ ရှိပါတယ်။ ဒါကြောင့် ဟီလာရီကလင်တန် နိုင်ငံခြားရေးဝန်ကြီး ကနေ အနားမယူခင်လေးမှာ ဟာမစ်ခါဇိုင်းကို ထမင်းစားဖိတ်ပြီး ဒီကိစ္စကို နားချခဲ့ပါတယ်။ ဖွဲ့စည်းပုံ အတိုင်းလိုက်နာဖို့၊ တရားဥပဒေ စိုးမိုးရေးကို လေးစားဖို့၊ ကတိတည်ဖို့ တိုက်တွန်းခဲ့ တယ်။
ဒီအကြောင်းကို ဟယ်လာရီရဲ့ နောက်ဆုံးထွက်ထားတဲ့ စာအုပ် (Hard Choices) မှာ ရေးထားတာ မှတ်သားဖို့ ကောင်းပါတယ်။ အမေရိကန်ပြည်ထောင် စုမှာ ဒီမိုကရေစီ ယဉ်ကျေးမှု အစပျိုး ခဲ့ပုံမျိုးနဲ့ ဥပမာ ပေးထားတယ်။ အမေရိကန်နိုင်ငံ သမိုင်းမှာ ဗိုလ်ချုပ်ကြီး ဂျော့ချ်ဝါရှင်တန်ဟာ အရပ်သားဘဝနဲ့ သမ္မတ တာဝန်ကို သက်တမ်း နှစ်ဆက် ထမ်းဆောင်ခဲ့ပြီး သူ့သဘောနဲ့သူ နေရာဖယ်ပေးခဲ့တယ်။
ဒီလို ကိုယ်ကျိုးစွန့်တဲ့ လုပ်ရပ်ဟာ ရွေးကောက်ပွဲမှာ အနိုင်ရတာ၊ သမ္မတရာထူး လက်ခံတဲ့ အခမ်းအနားထက် ကြီးကျယ်တယ်။ အမေရိကန် ဒီမိုက ရေစီစနစ်မှာ ယဉ်ကျေးမှုတရပ်ကို အုတ်မြစ်ချပေးခဲ့တဲ့ တိုင်းပြု ပြည်ပြု ဗိသုကာကြီး ဖြစ်တယ်။ ဒါကြောင့် ဟာမစ်ခါဇိုင်းအနေနဲ့ အာဖဂန်နစ္စတန်ရဲ့ ဂျော့ချ်ဝါရှင်တန် အဖြစ် သတိရနေ စေချင်တယ် ဆိုရင် ဝါရှင်တန်ရဲ့ နမူနာကောင်းကို ယူပြီး ရာဇပလ္လင်ကို စွန့်ဖို့လိုတယ် လို့ တိုက်တွန်းထားတယ်။
တကယ်တော့ ဟီလာရီ ကိုယ်တိုင်ကလည်း ပါတီတွင်း ယှဉ်ပြိုင်ပွဲမှာ အိုဘားမားကို ရှုံးခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် အမှုထမ်းပြီး သမ္မတအိုဘားမားက ကမ်းလှမ်းတဲ့အခါ အားကိုးရတဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်ခဲ့ပြီး သက်တမ်းတခု ပြည့်တဲ့အခါ ဂုဏ်သိက္ခာရှိရှိ အနားယူခဲ့ပါတယ်။
ဇာတ်လမ်းက ဒီမှာ မဆုံးပါဘူး။ ၂၀၁၆ မှာ သမ္မတ အိုဘားမား အတွက် သက်တမ်း နှစ်ဆက်ပြည့်တဲ့ အခါ သူ့ရှေ့က သမ္မတတွေလိုပဲ အနားယူ သွားပါမယ်။ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ သမ္မတလက်ထဲကို အာဏာလွှဲပေး ပါလိမ့်မယ်။ ဟီလာရီကလင်တန် ကလည်း သမ္မတလောင်းအဖြစ် နောက်တကြိမ် ရွေးကောက်ပွဲ ဝင်ချင်လည်း ဝင်နိုင်ပါလိမ့်မယ်။
နိုင်ချင်လည်း နိုင်ပါလိမ့်မယ်။ ရှုံးချင်လည်း ရှုံးသွားပါလိမ့်မယ်။ လူတယောက်၊ ပါတီတခုရဲ့ အနိုင်အရှုံးကို အကြောင်းပြု လို့ ဒီမိုကရေစီ ယဉ်ကျေးမှုကို ဖျက်လိုဖျက်ဆီးမယ့်သူ တယောက်မှ မရှိပါဘူး။ တိုင်းပြည်ချစ်စိတ် ဆိုတာ ဒါပါပဲ။
မြန်မာပြည် ဒီမိုကရေစီ ယဉ်ကျေးမှုကို အမေရိကန်နဲ့ နှိုင်းယှဉ်နေရင် ရည်မှန်းချက်ကြီးရာ ရောက်ပါလိမ့်မယ်။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုရဲ့ ဂျော့ချ်ဝါရှင်တနု်၊ ဆူစီလိုဘမ်ဘန်း ယူဒိုယိုနိုတို့လို အမြော်အမြင်ကြီးပြီး ကိုယ်ကျိုးမငဲ့တဲ့ ခေါင်းဆောင်တွေ လိုနေတာကတော့ အမှန်ပါပဲ။
သမ္မတ ဦးသိန်းစိန် အပါအဝင် ဗိုလ်ချုပ်ဟောင်း နိုင်ငံရေးသမားတွေကို နောင်မှာ မြန်မာပြည်သူတွေက ဘယ်လိုဆန္ဒပုံစံမျိုးနဲ့ သတိရနေစေချင်လဲ ဆိုတာ သူတို့လုပ်ရပ်တွေ အပေါ်မှာပဲ မူတည်ပါတယ်။
တိုင်းပြည်ကို တကယ်ပဲ ချစ်တာလား၊ အရင်လိုပဲ အခွင့်ထူးခံဖို့ မတရားတဲ့ နည်းလမ်းတွေကိုသုံးပြီး အာဏာကို ဆက်ပြီး ဖက်တွယ်ထားမလားဆိုတာကို တွေ့ကြရပါတော့မယ်။
(ညီစောလွင်သည် မြန်မာ့အရေးနှင့် ကမ္ဘာ့ရေးရာ သုံးသပ်ချက်များကို ရေးသားနေသူ ဖြစ်သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လတ်တလော နေထိုင်သည်။)