ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၄ ခုနှစ်တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ အပါအဝင် ရွေးကောက်ပွဲ များတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအတွက် မဲဆွယ် စည်းရုံးရေး ညွှန်ကြားချက်တရပ်ကို ထုတ်ပြန်လိုက်ရာ ယင်းထုတ်ပြန်ချက်များသည် မျှတမှုမရှိဘဲ ရွေးကောက်ပွဲကော်မရှင်၏ လုပ်ပိုင်ခွင့်ကို ကျော်လွန် လုပ်ဆောင် ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နှင့်နိုင်ငံရေးပါတီများက ဝေဖန်ကြသည်။
၂၀၁၄ ခုနှစ် ၊ ဇူလိုင်လ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ် စည်းရုံးခွင့် ညွှန်ကြားချက်အမှတ် ၁/၂၀၁၄ တွင် မဲဆွယ်စည်းရုံးခွင့်ကာလ သတ်မှတ်ခြင်း၊ မဲဆွယ်စည်းရုံးရန် နည်းလမ်း များ ၊ စုဝေးဟောပြောခွင့် လျှောက်ထားခြင်း အပါအဝင် တားမြစ်ချက်များစွာ ဖော်ပြထားပြီး တားမြစ်ချက် များတွင် ဒို့တာဝန် အရေး ၃ ပါးကို ထိခိုက်စေရန် ပြုမူဆောင်ရွက်ခြင်း ၊ လုံခြုံရေး ၊ တရားဥပဒေ စိုးမိုးရေးနှင့် အေးချမ်း သာယာရေး ကို ထိခိုက်စေရန် ပြုမူဆောင်ရွက်ခြင်း နှင့် တပ်မတော် ပြိုကွဲရေးကို ဖြစ်ပေါ်စေရန် သို့မဟုတ် တပ်မတော်၏ ဂုဏ်သိက္ခာ ကို ထိခိုက်စေရန် လုပ်ဆောင်ခြင်း ၊ ဟောပြောခြင်း ၊ ရေးသားပုံနှိပ် ထုတ်ဝေခြင်းတို့ မပြုရန် ဟူသော တားမြစ်ချက်များ ပါဝင် လာကြောင်း သိရှိရသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လုပ်ပိုင်ခွင့် အခွင့်အာဏာ ကျော်လွန်၍ လုပ်ဆောင်ထားခြင်းဖြစ်ပြီး ကော်မရှင်၏ ညွှန်ကြားချက်ကို တရားဝင် ကန့်ကွက်ထားကြောင်း၊ ထပ်မံ၍လည်း ကန့်ကွက်သွားမည်ဖြစ်ကြောင်း NLD ပါတီမှ ပြောခွင့်ရပုဂ္ဂိိုလ် ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။
“ သူတို့(ကော်မရှင်)အနေနဲ့ ဒီလိုညွှန်ကြားချက်တွေ ထုတ်ခွင့် မရှိပါဘူး။ ဖွဲ့စည်းပုံမှာလည်း ဒီအခွင့်အရေး သူတို့ကို ပေးမထားပါဘူး။ ကျနော်တို့ တရားဝင် စာနဲ့လည်း တင်ထားတယ်။ ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ဒီလို စာထုတ်ဖို့ အခွင့်အာဏာ ဘယ်ဥပဒေမှာမှ ပြဋ္ဌာန်းထားတာ မရှိဘူးလို့။ သူတို့မှာ ရွေးကောက်ပွဲကို ကြီးကြပ်ဖို့ပဲ အခွင့်အာဏာ ရှိတယ်။ အဲဒါကြောင့် ထုတ်ခွင့် မရှိဘူးလို့ ကျနော်တို့ အဲလို သဘောထားတယ်”ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ရွေးကောက်ပွဲ ကော်မရှင်၏ မဲဆွယ်စည်းရုံးမှုဆိုင်ရာ စည်းကမ်းချက်များသည် နိုင်ငံရေးပါတီများ၏ လွတ်လပ်စွာ စည်းရုံး လှုပ်ရှားခွင့်ကို အကန့် အသတ် ဖြစ်စေသည်ဟု နိုင်ငံရေးပါတီများက သုံးသပ်ပြောဆိုကြသည်။
“ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရမယ့် ရွေးကောက်ပွဲမျိုးတော့ မဟုတ်ဘူး။ ကိုယ်တရား ဟောချင်တဲ့ နေရာမှာ ဟောမယ်။ ခွင့်မတောင်းဘဲနဲ့ ဟောမယ် ဘာဖြစ်လဲ။ အခုက သူတို့က အကုန်လုံး လိုက်ပြီး ခွင့်တောင်းခိုင်း နေတယ် ”ဟု ဒီမိုကရက် တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။
ဒီမိုကရေစီပါတီသစ် ဥက္ကဌ ဦးသိန်းညွှန့်ကလည်း “ ကျနော်တို့ကတော့ ခွင့်ပြုချက်တွေ မတောင်းချင်လို့ ၂၀၁၀ တုန်းက တအိမ်တက်၊ တအိမ်ဆင်းနဲ့ လိုက်စည်းရုံးတာမျိုး လုပ်ခဲ့တယ် ” ဟု ပြောသည်။
တိုင်းရင်းသား နိုင်ငံရေးပါတီကြီး တခုဖြစ်သော ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းညွှန့်လွင် ကမူ ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်များကြောင့် ရွေးကောက်ပွဲ ဝင်သင့်၊ မဝင်သင့် စဉ်းစား လျက်ရှိကြောင်း ပြောဆိုသည်။
“ ကျနော်တို့ ပါတီက ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်နိုင်ဘဲနဲ့ ရွေးကောက်ပွဲ ဝင်ဖို့တောင် တော်တော်စဉ်းစားနေတာ။ အခုက ဒီလို ညွှန်ကြားချက်တွေ ထွက်လာတော့ ဒီအချက်အလက်တွေကိုပါ ထည့်စဉ်းစားရတော့မယ်။ ရွေးကောက်ပွဲ ဝင်သင့် မဝင်သင့်ပေါ့ ” ဟု ဦးစိုင်းညွှန့်လွင်က ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကမူ မဲဆွယ်ရေးညွှန်ကြားချက်များသည် နိုင်င့ရေးပါတီများ၏ သဘောတူညီချက် ဖြင့် ထုတ်ပြန်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။
“နိုင်ငံရေးပါတီ အားလုံးရဲ့သဘောထား ဆန္ဒပါဝင်တယ်။ ကော်မရှင်က ကိုယ်သဘောနဲ့ကိုယ် ထုတ်တာမဟုတ်ဘူး။ ခင်ဗျားတို့ ညွှန်ကြားချက် မူကြမ်းကိုမလေ့လာဘူးနဲ့ တူတယ်။ ဟိုတုန်းကဆိုလို့ရှိရင် ကျနော်တို့က ခွင့်ပြုလို့ ရတယ်။ ငြင်း လို့ ရတယ် ဆိုတာတွေ အကုန်ပါတယ်။ အခုအားလုံးကို ခွင့်ပြုပေးတယ်။ အခုက ကြိုတင်ပြရတဲ့ ရက်ပေါင်း ၃၀ ၊ ၆၀ ကိစ္စ ပဲ ရှိတယ်။ ကျန်တာတွေ အကုန်လုံး ခွင့်ပြုထားတယ်။ နိုင်ငံရေးပါတီတွေ အားလုံး တင်ပြချက်အားလုံးနီးပါးကို လိုက်လျော ထားတယ်” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ဧရာဝတီသို့ ပြောဆိုသည်။