Military

ထိုင်းဘုရင့်ကောင်စီ ဥက္ကဋ္ဌက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သားအဖြစ် မွေးစားဟု စင်ကာပူ သတင်းစာ ဖော်ပြ

This article has been converted from Zawgyi One to Unicode

အငြိမ်းစားယူပြီးနောက် သမ္မတ ရာထူးရယူလာနိုင်တယ်လို့ ခန့်မှန်းနေကြတဲ့ လက်ရှိ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိုင်းစစ်ဦးချုပ်ဟောင်း Prem Tinsulanonda က သားအဖြစ် မွေးစားတယ်လို့ စင်ကာပူအခြေစိုက် The Straits Times သတင်းစာက ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ စစ်ဦးစီးချုပ်ဟောင်း၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်းနဲ့ လက်ရှိ ထိုင်းဘုရင့်ကောင်စီရဲ့ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း Prem Tinsulanonda က မွေးစားသားအဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်း၊ မွေးစားခြင်းဟာ ခေါင်းကိုင်ဖခင်နဲ့ ခေါင်းကိုင်သားတို့ရဲ့ ဆက်ဆံရေးဖြစ်ကြောင်း ရေးသားထားပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း Prem Tinsulanonda နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ရဲ့ ဖခင်များဟာ ယခင် သက်ဆိုင်ရာ စစ်တပ်များ အသီးသီးမှာ တာဝန် ထမ်းဆောင်ခဲ့ကြစဉ်က သိကျွမ်းခဲ့ကြကြောင်း ဖော်ပြထားသော်လည်း ဧရာဝတီက သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။

ထိုင်းမီဒီယာများရဲ့ ဖော်ပြချက်အရ ၂၀၁၂ ခုနှစ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံကို လာရောက်လည်ပတ်စဉ် ကတည်းက သူ့ကို သားအဖြစ် မွေးစားဖို့ ဗိုလ်ချုပ်ကြီးဟောင်း Prem Tinsulanonda ကို တောင်းဆိုခဲ့ကြောင်း၊ အသက် ၉၄ နှစ်အရွယ်ရှိပြီး သားသမီးအရင်းအချာလည်း မရှိတဲ့ ဗိုလ်ချုပ်ကြီးဟောင်း Prem Tinsulanonda ကလည်း သားအဖြစ် လက်ခံခဲ့ကြောင်း သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သည့် အခါတိုင်း ဗိုလ်ချုပ်ကြီးဟောင်း Prem Tinsulanonda နဲ့ တွေ့ဆုံဖို့ ဗိုလ်ချုပ်ကြီး Thanasak Patimaprakorn က အကူအညီပေးခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်း အာဏာသိမ်း စစ်တပ်က ဖွဲ့စည်းထားတဲ့ အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးမှု ကောင်စီ (NCPO) ရဲ့ ဒုတိယ အကြီးအကဲ ထိုင်း ဗိုလ်ချုပ်ကြီး Thanasak Patimaprakorn ဆိုတာ ဇူလိုင်လ ၄ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းကို အလည်အပတ်သွားစဉ် ဖက်လဲတကင်းနှုတ်ဆက်ခဲ့သူ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်မှစ၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ်ကြီးဟောင်း Prem Tinsulanonda တို့ ၃ ကြိမ် တွေ့ဆုံခဲ့ကြပါတယ်။ ဇူလိုင်လအတွင်း နောက်ဆုံးတွေ့ကြချိန်မှာ ဗိုလ်ချုပ်ကြီးဟောင်း Prem Tinsulanonda ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သူနဲ့အတူလိုက်ပါလာသူ ၂၁ ဦးတို့နဲ့ နေ့လည်စာ စားခဲ့ကြကြောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း Prem Tinsulanonda က မွေးစားသားကို ပေးခဲ့တဲ့လက်ဆောင်ကတော့ သူ့ရဲ့ ကိုယ်ပိုင် အမှတ်တံဆိပ်ကို ရိုက်နှိပ်ထားတဲ့ လည်စည်း တခုဖြစ်ကြောင်း သိရပါတယ်။

အခု ဆက်ဆံရေးအသစ်က ပိုမိုနက်ရှိုင်းမယ့် အသွင်ရှိကြောင်းနဲ့ ထိုင်း-မြန်မာ နှစ်နိုင်ငံ ထိပ်ပိုင်း စစ်ခေါင်းဆောင်များရဲ့ ဆက်နွှယ်မှုက ပုဂ္ဂိုလ်ရေးအဆင့် ရောက်လာကြောင်း The Straits Times သတင်းစာက ရေးပါတယ်။

၂၀၁၃ ခုနှစ် မေလကုန်ပိုင်းတုန်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မြန်မာ-ထိုင်း တပ်မတော် နှစ်ရပ် အကြား ချစ်ကြည်ရေး တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိုင်းဘုရင်မင်းမြတ်က တော်ဝင် ဘွဲ့တံဆိပ် ချီးမြှင့်ခဲ့ပါသေးတယ်။

ထိုင်းစစ်တပ်က အာဏာသိမ်းခြင်းဟာ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။

မေလ ၂၂ ရက်နေ့က အာဏာသိမ်းခဲ့တဲ့ ထိုင်းစစ်တပ်နဲ့ မြန်မာ အစိုးရတို့ ဆက်ဆံရေး နွေးထွေးလာခြင်းရဲ့ အစောပိုင်း သင်္ကေတအဖြစ် ထိုင်းနယ်စပ်မှာ ရှိတဲ့ ဒုက္ခသည် စခန်းများက မြန်မာဒုက္ခသည် ၁ သိန်း ၃ သောင်းကျော်ကို မြန်မာပြည် ပြန်ပို့ဖွယ် ရှိနေပါတယ်။

ထိုင်း-မြန်မာ နယ်စပ်တွင် ရှိနေကြသည့် ဒေသဆိုင်ရာ နှစ်ဖက် တပ်မှူးတွေဟာ နှစ်ပေါင်းများစွာ ဆက်ဆံရေး ရှိခဲ့ကြပြီး တခါတရံ သက်ဆိုင်ရာ စစ်ရုံးချုပ်များနဲ့ အစိုးရများရဲ့ မူဝါဒအတိုင်း မဟုတ်ဘဲ လွတ်လပ်စွာ ထိတွေ့ ဆက်ဆံခဲ့တာမျိုးတွေလည်း ရှိခဲ့ပါတယ်။

သို့သော်လည်း မူးယစ်ဆေး၊ သဘာဝ သယံဇာတနဲ့ တိုင်းရင်းသား ပဋိပက္ခများရဲ့ အကျိုးဆက်ကြောင့် သဘောထား ကွဲပြားရသော ကိစ္စများလည်း ရှိခဲ့ပါတယ်။

နာမည်ကျော် ထိုင်းသတင်းစာဆရာ Kavi Chongkittavorn ကတော့ “လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုရဲ့ အလဲအလှယ်အနေနဲ့ ထိုင်းစစ်တပ်က အထူးအခွင့်အရေးတွေ ရနေခဲ့တာ လူတိုင်းသိတဲ့ လျှို့ဝှက်ချက်ဖြစ်ပါတယ်။ အထူးသဖြင့် အကျိုးအမြတ်များတဲ့ သစ်နဲ့ ကျောက်မျက်ရတနာ လုပ်ငန်းတွေ ဖြစ်ပါတယ်။ တချိန်တုန်းက ထိုင်း-မြန်မာ နယ်စပ်မှာ ရှိနေတဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ဗဟိုအစိုးရက ညွှန်ကြားတဲ့ မူဝါဒကို မလိုက်နာတာက ဖြစ်ရိုးဖြစ်စဉ် တခုဖြစ်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

Loading