ရခိုင်ပြည်နယ် ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်လိုက်သည့် ဗိုလ်ချုပ် မောင်မောင်အုန်း အပေါ် သဘောထား၊ ရခိုင်ပဋိပက္ခကာလအတွင်း အစိုးရက ကိုင်တွယ်ခဲ့ပုံများနှင့် နောက်ဆက်တွဲ အရေးယူမှုများ အပေါ် အမြင်၊ ရခိုင်အမျိုးသား ပါတီ (Arakan National Party – ANP) ၏ လက်ရှိ အခြေအနေများနှင့် ပတ်သက်၍ ANP ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင် ဦးဦးလှစောကို ဧရာဝတီ အကြီးတန်း သတင်းထောက် ခင်ဦးသာက ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ရဲ့ ဝန်ကြီးချုပ်သစ် အဖြစ် စစ်ဗိုလ်ချုပ် တဦးကို ခန့်အပ်တာနဲ့ ပတ်သက်ပြီး ကန့်ကွက်တဲ့ အနေနဲ့ ANP ပါတီက ကြေညာချက် ထုတ်တယ်။ ဒါပေမယ့် လွှတ်တော်မှာ အမှန်တကယ် တင်မြှောက်တဲ့ အခါကျတော့ ကန့်ကွက်မယ့်သူ လုံး၀ မရှိဘူး။ အဲဒါကြောင့် ANP ပါတီမှာ ခိုင်မာတဲ့ ရပ်တည်ချက်၊ မူဝါဒတွေ မရှိဘူး၊ ရခိုင် ခေါင်းဆောင်တွေလည်း အားပျော့တယ်လို့ ဝေဖန်ကြတာတွေ ရှိပါတယ်။ အဲဒီအပေါ်မှာ ဘယ်လို မှတ်ချက် ပေးလိုပါလဲ။
ဖြေ။ ။ ဦးမောင်မောင်အုန်းကို ဇွန်လ ၂၅ ရက်က လွှတ်တော်မှာ လျာထားခဲ့တယ်၊ သူ့ကို မလျာထားခင် ဦးလှမောင်တင်ကို ဝန်ကြီးချုပ် ရာထူးက အနားပေးတဲ့ အချိန်ကတည်းက ANP ပါတီရဲ့ သဘောထား ၃ ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါတွေကတော့ နံပါတ် (၁) ဝန်ကြီးချုပ်ဟာ ရခိုင်လူမျိုး ဖြစ်ရမယ်။ (၂) ပြည်သူက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ် ဖြစ်ရမယ်။ (၃) ပြည်နယ် လွှတ်တော်မှာ ကိုယ်စားလှယ် အများဆုံး ဖြစ်တဲ့ ANP က ဖြစ်ရမယ်ဆိုတဲ့ အချက် ၃ ခုပါ။ နောက်တခုက ဝန်ကြီးချုပ်သစ်ကို ကန့်ကွက်လိုက ကန့်ကွက်နိုင်တယ်ဆိုပြီး လွှတ်တော်မှာ ပြောပါတယ်။ ဆိုတော့ ရခိုင်ပြည်သူတွေက မကြိုက်ကြဘူးပေါ့။ ကျနော်တို့လည်း မကြိုက်ပါဘူး။ မဖြစ်စေချင်ဘူးပေါ့။ ဒါပေမယ့် ကြိုက်တာ မကြိုက်တာ တပိုင်းပေါ့။
ကန့်ကွက်မယ်ဆိုရင် ဘယ်လိုကန့်ကွက်မလဲ နည်းလမ်း ရှိရမယ်။ ဒီတော့ ကန့်ကွက်မယ့်နည်းလမ်းက ဘောင်မဝင်ပါ၊ ၂၀၀၈ ဖွဲ့စည်းပုံမှာ ကတည်းက စစ်တပ်က အချိန်မရွေး နေရာဝင်ယူလို့ ရအောင် လုပ်ပြီးသား၊ စနစ်တကျ လုပ်ဆောင် ထားတယ်။ စစ်သားတယောက်ကို လွှတ်တော် ကိုယ်စားလှယ် ခန့်အပ်နိုင်တယ်၊ ပြီးရင် ဝန်ကြီးချုပ် ခန့်အပ်နိုင်တယ်။ ဒီတော့ ဖွဲ့စည်းပုံထဲက ကန့်ကွက်မယ် ဆိုရင်လည်း ဘောင်မဝင်ပါ။ ဆိုတော့ ကျနော်တို့ အနေနဲ့ လွှတ်တော်ထဲမှာ ကန့်ကွက်စရာ အကြောင်း မရှိတော့ပါ။
ကန့်ကွက်တာ မကန့်ကွက်တာက ပြဿနာ မဟုတ်ပါဘူး။ အဓိက ပြဿနာက ဖွဲ့စည်းပုံ ပြဿနာ ဖြစ်နေတယ်။ ဒီတော့ ဖွဲ့စည်းပုံ ပြင်ကို ပြင်ရမယ်။ ဦးမောင်မောင်အုန်းကို လွှတ်တော်ထဲမှာ ကန့်ကွက်မယ် ဆိုရင် သူ့ရဲ့ လုပ်ရည်ကိုင်ရည်၊ ကိုယ့်ကျင့်တရားစတဲ့ တခြားကိစ္စတွေနဲ့ပဲ ကန့်ကွက်လို့ ရမယ်။ ရခိုင်တွေရဲ့ ဆန္ဒနဲ့ လုပ်လို့မရဘူး။ ဖွဲ့စည်းပုံ ဘောင်ထဲကသွားမှ ရမယ့်အရာ ဖြစ်နေတယ်။
နောက်တပိုင်းက ဦးမောင်မောင်အုန်းကို ခန့်အပ်တာနဲ့ ပတ်သက်ပြီး အယူအဆတွေ အမျိုးမျိုး ကွဲနေကြတယ်။ အပြင်မှာ ပြောနေတာတွေ၊ ဖြေနေကြတာတွေက သူ့အယူအဆနဲ့သူ ရှိနိုင်ပါတယ်။ ပါတီရဲ့ မူဝါဒကတော့ ချမှတ်ထားတဲ့ အတိုင်းပါ။ တချို့က အကောင်း မြင်တယ်၊ တချို့ကလည်း ကယ်တင်ရှင်လို့ မြင်တယ်၊ အပြုသဘောနဲ့ စောင့်ကြည့်မယ် ဆိုသူလည်း ရှိတယ်။
ဝန်ကြီးချုပ်သစ် ဦးမောင်မောင်အုန်းကတော့ ရခိုင်ပြည်သူတွေနဲ့ တွေ့ပြီး ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ်၊ ဖွံ့ဖြိုးရေးတွေ ဘယ်လိုလုပ်မယ် ဆိုပြီး ပြောနေတယ်။ ဒါတွေက မြန်မာနိုင်ငံမှာ၊ ရခိုင်ပြည်နယ်မှာ အစိုးရ အဆက်ဆက်က ပြောနေကျ စကားတွေပါ။ လွှတ်တော် မပေါ်ခင်က ရခိုင်ပြည်ရဲ့ အဓိပတိတွေ ဖြစ်တဲ့ စစ်တိုင်းမှူး အဆက်ဆက်ကလည်း ကောင်းတာတွေ လုပ်ပေးမယ်၊ ဖွံ့ဖြိုးအောင် လုပ်ပေးမယ် ဒါတွေပဲ ပြောတာပါ။ ရခိုင်ပြည်သူတွေနဲ့ တသားတည်းပါ၊ ကျနော်လည်းပဲ ရခိုင်ပါပဲ ဆိုတာမျိုးတွေပေါ့။ ရခိုင်တွေကို ချစ်ပါတယ် ဘာညာပေါ့။ အခုလည်း ဒီအတိုင်းပါပဲ။ ကျနော်တို့မှာ ရွေးချယ်ပိုင်ခွင့် မရှိ၊ ဒီတော့ အလုပ်နဲ့ပဲ စောင့်ကြည့်ရမှာပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ကန့်သတ်မှုအောက်မှာ လှုပ်ရှားနေရတာ ဆိုတော့။
ဒါပေမယ့် ဦးမောင်မောင်အုန်းသည် ရခိုင်မှာ ဖြစ်နေတဲ့ ရခိုင်၊ ဘင်္ဂါလီ ကိစ္စတွေ၊ NGO ကိစ္စတွေ၊ ဆင်းရဲနေကြတာတွေကို ဗမာတယောက် ဖြစ်သော်လည်းပဲ တရားနည်းလမ်းတကျ ဖြေရှင်းပေးနိုင်မယ်။ ဒေသ ကောင်းကျိုးတွေကို တကယ်လုပ်နိုင်တယ်၊ လုပ်ပေးတယ် ဆိုရင်တော့ ကျနော်တို့ လက်ခုပ် တီးပေးရမှာပေါ့။
ဒီလိုမှ မဟုတ်ဘဲ ဦးမောင်မောင်အုန်းသည် ဘာမှလည်း မလုပ်နိုင်ဘဲ စစ်ဘုရင်ဝါဒကို အသက်သွင်းဖို့ ရောက်တာလား၊ ပြည်သူတွေကို ခြိမ်းခြောက်မယ့် သူလား၊ စစ်ဝါဒ ကျင့်သုံးဖို့ လမ်းစဉ် စတင်တာလား၊ ဒီလိုမှ မဟုတ် သမိုင်းကြောင်းတွေ အရ ရခိုင်တွေကို ဗမာတွေကပဲ အုပ်ချုပ်ရမယ် ဆိုတာမျိုးလားကိုတော့ စောင့်ကြည့်ရမှာပါ။
မေး။ ။ ရခိုင်ပြည်တွင်းမှာ ၂၀၁၂ ခုနှစ်က စတင် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဦးသိန်းစိန် အစိုးရ အဖွဲ့ရဲ့ ဒီနေ့အထိ လုပ်ဆောင်နေမှုတွေ အပေါ်မှာ ဘယ်လို သဘောထားအမြင် ရှိတယ်ဆိုတာလည်း သိပါရစေ။
ဖြေ။ ။ ဒီကိစ္စကို ကျနော်တို့ တောက်လျှောက် ပြောလာပါတယ်။ ဘင်္ဂါလီတွေရဲ့ ကျူးကျော် ရန်စလာမှုတွေ၊ မရိုးသားမှု၊ နိုင်ငံရေး လုပ်ကြံမှုတွေ ပါနေတယ် ဆိုတာတွေပေါ့။ နောက်တခုက အစိုးရပိုင်းရဲ့ အုပ်ချုပ်မှု ည့ံ့ဖျင်းတဲ့ အပိုင်းတွေကို ကျနော်တို့ အမြဲထောက်ပြ ပြောဆိုခဲ့တယ်။ ဦးလှမောင်တင်ကို အရေးယူတာတွေဟာ ဒါတွေလဲ ပါမယ်လို့ ကျနော် ထင်ပါတယ်။
နောက်တခုက အခုဆိုရင် မြန်မာနိုင်ငံမှာ မတည်ငြိမ်မှုတွေ၊ လှုပ်ရှားမှုတွေ၊ အဓိကရုဏ်းတွေ ဖြစ်နေတယ်။ ဒါတွေဟာ ရိုးရိုးသားသား ဖြစ်နေတာမှ ဟုတ်ရဲ့လား ဆိုတာကို မခွဲခြားနိုင် ဖြစ်နေတယ်။ ရခိုင်ပြဿနာဟာလည်း ရိုးရှင်းရဲ့လား ဆိုတာပါ။ ရခိုင်ဒေသမှာ တဘက်က ဘင်္ဂါလီ ပြဿနာ ရှိနေသလို တဘက်ကလည်း ရခိုင်ပြည်ကို မတည်မငြိမ် ဖြစ်အောင်၊ ငြိမ်းချမ်းမှု မရှိအောင် လှုံဆော် ဆူပူမှုတွေ လုပ်မယ်။ ပြီးရင် မိမိတို့ အကျိုးစီးပွား အတွက် လုပ်ချင်တဲ့သူတွေ ရှိမယ်။
အဲဒီလို သူတွေထဲမှာ တပ်မတော် အငြိမ်းစား ပုဂ္ဂိုလ်တွေလည်း ပါရင်ပါမယ်။ အာဏာပိုင် အဖွဲ့အစည်းက သူတွေလည်း ပါမယ်။ ရခိုင်တွေလည်း ပါရင်ပါနိုင်တာပေါ့။
မေး။ ။ ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေ၊ ပဋိပက္ခတွေရဲ့ နောက်ကွယ်က ကြိုးကိုင်နေသူတွေ ရှိပြီး၊ အဲဒီအထဲမှာ အာဏာရ ပါတီဝင်တွေရော စစ်တပ်နဲ့ အာဏာပိုင် အဖွဲ့ဝင် တချို့လည်း ပါဝင်ပတ်သက် နေတယ်လို့ ကြားရတာတွေ ရှိတယ်။ အဲဒီ ဟာတွေနဲ့ ပတ်သက်ပြီး ဘယ်လို မှတ်ချက်ပေးလို ပါသလဲ။
ဖြေ။ ။ ဒါကတော့ ပဋိပက္ခတိုင်းမှာ ရှိကောင်းရှိနိုင်ပါတယ်။ သမ္မတ ဦးသိန်းစိန်ကလည်း ပြောနေတာ ရှိတယ်။ လက်ရှိ ပဋိပက္ခတွေမှာ နောက်ကွယ်က လှုံဆော်သူတွေ ရှိနေတယ် ဆိုပြီးတော့ပေါ့။ ဒီတော့ ရခိုင်ပြဿနာတွေမှာလည်း ရှိမှာပါ။ ပိုက်ဆံပေး ခိုင်းသူတွေ၊ တချို့ကလည်း နာမည်ကြီးချင်၊ သူရဲကောင်း ဖြစ်ချင်တာမျိုးတွေ ရှိမယ်။ ထောက်လှမ်းရေးဟောင်းတွေ ပါချင်လည်းပါမယ်။ ကြံ့ခိုင်ရေးထဲက ခပ်ကြမ်းကြမ်း အုပ်ချုပ်လိုသူတွေလည်း ပါရင်ပါမှာပေါ့။ အဲဒီအထဲမှာ ရခိုင်လည်း ပါမယ်၊ ဗမာလည်း ပါမယ်၊ အားလုံးပေါင်းပြီးတော့ ပြဿနာ မဖြစ်ဖြစ်အောင် လှုပ်ရှားနေတာတွေ ရှိမယ်။ ကျနော် အမြဲတမ်း ပြောပါတယ်၊ နောက်ကွယ်က လက်မည်းကြီး ရှိနေတယ်၊ ဒီလက်မည်းကြီးကို တယောက်မှလည်း မဖော်ထုတ်နိုင်သေးဘူး။
မေး။ ။ အဲဒီလို မဖော်ထုတ်နိုင်တာတွေက ဘာကြောင့်လို့ ထင်ပါသလဲ။ ဥပမာ – တောင်ကုတ် လူသတ်မှုလိုမျိုးနဲ့ တခြား ရခိုင်ဒေသတွင်းက ပဋိပက္ခတွေမှာပေါ့။ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ကိုယ်တိုင် စုံစမ်းရေး ကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ စစ်ဆေးခဲ့တယ်။ ဖမ်းဆီးတာ တချို့ရှိတယ်။ ဒါပေမယ့် ဒီနေ့အထိ တရားခံ အစစ် ဘယ်သူ ဘယ်ဝါဆိုတာ ဖော်ထုတ်နိုင်ခြင်း မရှိသေးတဲ့ အပေါ်မှာရော ဘယ်လို ယူဆပါလဲ။
ဖြေ။ ။ ဒီကိစ္စက ပြောဖို့ ခက်ပါတယ်။ ဘာကြောင့် မဖော်ထုတ်နိုင်တာလဲ ဆိုတာကိုပေါ့။ နောက်တခုက အဲဒီ ပြဿနာတွေကို လုပ်တဲ့သူတွေသည် ဒီပဲယင်းလို လုပ်ရှားမှုမျိုး လုပ်ဆောင်တာလားဆိုတာလည်း စဉ်းစားစရာပါ။ နောက်တခုက စစ်တွေမှာ မတ်လမှာ ဖြစ်သွားတဲ့ ကိစ္စပေါ့။ NGO အဖွဲ့တွေကို တိုက်ခိုက်တဲ့ လှုပ်ရှားမှုတွေ ဖြစ်ပေါ်ခဲ့တယ်။ NGO တွေမှာလည်း မကောင်းတဲ့၊ မရိုးသားတဲ့ NGO တွေ ရှိသလို၊ ရိုးသားတဲ့ NGO နဲ့ ရိုးသားစွာ လုပ်ကိုင်နေကြတဲ့ INGO တွေ အများကြီးပါ။
သို့သော် တိုက်ခိုက်တဲ့ အခါမှာ အားလုံး ရှိသမျှ NGO နိုင်ငံခြားသားတွေကို တိုက်ခိုက်တယ်။ ဒီတော့ ရှိသမျှ အိမ်တွေ လိုက်ဖြို၊ လိုက်ဖျက်ဆီးတာမျိုးတော့ ရခိုင်ပြည်သူတွေကလည်း လက်မခံပါဘူး။ ဒါဟာ ကောင်းတဲ့ အမူအကျင့်တွေ မဟုတ်ဘူး။
ဆိုတော့ ဒီလုပ်ရပ်တွေကို ဘယ်သူတွေက ကြိုးကိုင် လှုပ်ရှားနေတာလဲ။ စစ်တွေမြို့ဆိုတာ ကျဉ်းကျဉ်းလေးပါ။ ဘယ်သူ ဘာလုပ်လဲ ဆိုတာ အကုန်သိပါတယ်။ သို့သော် တခုမှ မဆိုင်တဲ့ သူတွေကို အဖမ်းပြပြီးတော့ ကိုယ့်ကိုယ်ကို သူရဲကောင်းလိုလို ဘာလိုလို သူတွေကိုတော့ လွှတ်ပေးထားတယ်။ လိုအပ်ရင် သုံးဖို့ မွေးစားထားသူတွေတောင် ရှိတယ်။ ဒါက သက်ဆိုင်ရာ အာဏာပိုင်တွေ၊ အစိုးရ အဖွဲ့က အရေးယူ ဖော်ထုတ်ရဖို့ ကိစ္စပါ။ အပြစ်ရှိသူတွေကို လွှတ်ထားတယ်။ အပြစ်မရှိသူ တချို့ ထောင်ထဲမှာ သေသွားရတယ်။
တကယ်တော့ နောက်ကွယ်က ကြိုးကိုင် လှုပ်ရှားသူတွေဟာ ပွင့်ပွင့်လင်းလင်း ပြောရမယ် ဆိုရင် နိုင်ငံရေး ကျွမ်းကျင်သူတွေပါ။ ဒါကြောင့်လည်း မဖမ်းမိ ဖြစ်နေတာပေါ့။ နိုင်ငံရေး အမြတ်ထုတ်ဖို့လုပ်တဲ့ လုပ်ရပ်တွေပါ။ ရခိုင်ပြည်သူတွေရဲ့ လုပ်ရပ် မဟုတ်ပါဘူး။ ဒါကို ရခိုင်ပြည်သူတွေက သတိကြီးကြီး ထားဖို့တော့ လိုတာပေါ့။ စစ်တွေမှာ ဖြစ်တဲ့ အချိန်တုန်းက အနားယူသွားတဲ့ ဝန်ကြီးချုပ် ဦးလှမောင်တင် လက်ထက်ပေါ့။ အခု ဝန်ကြီးချုပ်ကိုတော့ စောင့်ကြည့်ရဦးမယ်။
မေး။ ။ ရခိုင် ပဋိပက္ခတွေ ဖြစ်ပြီးကတည်းက ဦးသိန်းစိန်အစိုးရ ပြောတာတွေက ဒေသတွင်း တည်ငြိမ်အေးချမ်းရေး အတွက် ဆောင်ရွက်နိုင်ဖို့ ဆိုပြီးတော့ ကော်မတီ၊ ကော်မရှင်တွေ ဖွဲ့တယ်၊ စီမံကိန်းတွေ အများအပြား ချပြခဲ့တယ်။ ဒါပေမယ့် လက်တွေ့မှာ ဘာမှ ဖြစ်လာတာ မတွေ့သေးဘူး။ ဒီတော့ စောင့်ကြည့်တာ အပြင်၊ ဘယ်လို ဆောင်ရွက်သွားမယ် ဆိုတာမျိုး စီစဉ်ထားတာ ရှိပါသလား။
ဖြေ။ ။ အစိုးရက လက်တွေ့ အကောင်အထည် မဖော်ရင် ဥပဒေဘောင် အတွင်းကပဲ ပြောမယ်၊ ဆိုမယ်၊ တိုက်တွန်းမယ်၊ လူထု ဆန္ဒဖော်ထုတ်တာတွေ လုပ်သွားမှာပါ။ ကျနော်တို့ ပါတီအနေနဲ့သော် လည်းကောင်း၊ ရခိုင် ပြည်သူလူထုမှာသော် လည်းကောင်း လုပ်ပိုင်ခွင့် အာဏာ မရှိပါဘူး။ အဓိက ကတော့ အာဏာ ပြဿနာပါ။
မေး။ ။ RNDP (ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ) နဲ့ ALD (ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်) တို့ကို ANP ပါတီအဖြစ် ပေါင်းစည်းလိုက်ပြီ ဖြစ်ပေမယ့် ပါတီရဲ့ မူဝါဒတွေ၊ သဘောထားတွေကို ရခိုင် ပြည်သူလူထုကို ရှင်းလင်းတင်ပြတာတွေ အားနည်းတဲ့ အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။ အဲဒီလို ဆောင်ရွက်ဖို့ နှေးကွေးနေရတာက ဘာကြောင့်ပါလဲ။
ဖြေ။ ။ ANP ပါတီ အနေနဲ့ မူဝါဒ အသစ်အဆန်းတွေ မရှိသေးပါဘူး။ အရင်တုန်းက RNDP နဲ့ ALD တို့ရဲ့ မူဝါဒ အတိုင်းပဲ ရှိပါတယ်။ အဲဒါတွေကတော့ ရခိုင်ပြည်သူတွေ ဖွံဖြိုးတိုးတက်ရေး၊ တိုင်းရင်းသား တန်းတူရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့်၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ အခြေခံမူတွေနဲ့ပဲ သွားနေတုန်းပါ။ ဒါပေမယ့် မြို့နယ် အဆင့်၊ ကျေးလက် အဆင့် ANP ပါတီ ရုံးတွေ ဖွင့်နေပါတယ်။ စက်တင်ဘာလမှာ ပါတီညီလာခံ လုပ်ဖို့ ရည်ရွယ်ထားပါတယ်။
အဲဒီ ညီလာခံကြီးကပဲ ပြည်သူလူထု တရပ်လုံးက လက်ခံနိုင်လောက်တဲ့ ခေါင်းဆောင်တွေ ရွေးမယ်၊ လာမည့် ရွေးကောက်ပွဲ အတွက် အမတ်လောင်းတွေ ရွေးမယ်။ လက်ရှိ အမတ်တွေထက် တကယ့်ဒေါင်ဒေါင်မြည်တဲ့ အမတ်တွေ၊ မိမိကိုယ်ကျိုးကို မကြည့်တဲ့သူ၊ စစ်တပ်ကို မကြောက်တတ်သူ၊ ရခိုင်ပြည်သူတွေရှေ့က မားမားမတ်မတ် ရပ်တည်မယ့်သူ စတဲ့ အရည်အချင်းတွေ ပြည့်ဝတဲ့ အမတ်တွေ ပေါ်ထွက်လာဖို့ မူဝါဒတွေ ချမှတ်သွားဖို့ ရှိပါတယ်။
မေး။ ။ ပြီးခဲ့တဲ့ ကျောက်ဖြူ ညီလာခံက ချမှတ်ခဲ့တဲ့ မူဝါဒတွေ၊ ရှေ့ဆက် လုပ်ဆောင်သွားမယ့် အရာတွေကို အခုချိန်ထိ ရခိုင်ပြည်သူတွေဆီကို အသေးစိတ် ရှင်းလင်း တင်ပြတာမျိုး မရှိသေးဘူးလို့ သိရတယ်။ ဘာကြောင့် ကြန့်ကြာနေရတယ် ဆိုတာလဲ သိပါရစေ။
ဖြေ။ ။ ကျောက်ဖြူ ညီလာခံက ချမှတ်ခဲ့တဲ့ မူဝါဒတွေကို အကောင်အထည်ဖော်နိုင်ဖို့ အတွက် ရုံးတခုဖွဲ့ဖို့ ဆောင်ရွက်နေပါတယ်။ ညီလာခံ ကျင်းပခဲ့တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး၊ စာအုပ်တွေ၊ ဗီဒီယိုခွေတွေ ဖြန့်ပေးနေပါတယ်။ စစ်တွေမြို့မှာ ဖက်ဒရယ်ဆိုင်ရာ Workshop တခုကို မကြာခင် လုပ်ဖို့ ရှိပါတယ်။
မေး။ ။ ရွှေသဘာ၀ ဓာတ်ငွေ့စီမံကိန်း အပါအဝင် ရခိုင်ပြည်နယ် အတွင်းက စီမံကိန်းတွေနဲ့ ပတ်သက်ပြီးတော့ ANP ပါတီ ခေါင်းဆောင်တွေ တရုတ်နိုင်ငံကို မကြာခဏ သွားနေတာ ရှိပါတယ်။ တခြားနိုင်ငံတွေရဲ့ ခရီးစဉ်တွေ အပါအဝင်ပေါ့။ ဒါပေမယ့် စီမံကိန်းတွေနဲ့ ပတ်သက်ပြီး တရုတ်အာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့တာတွေ၊ ပြည်ပခရီးစဉ်တွေကို ပြည်သူတွေကို ပွင့်လင်းမြင်သာမှု ရှိရှိ ရှင်းလင်း ထုတ်ပြန်တာမျိုး မရှိဘူးလို့ ဝေဖန်မှုတချို့ တွေ့ရပါတယ်။ အဲဒါ ဘာကြောင့်ပါလဲ။
ဖြေ။ ။ ဒီကိစ္စကို ပွင့်ပွင့်လင်းလင်း ပြောရရင် ပါတီခေါင်းဆောင်တွေ နိုင်ငံခြား ခရီးစဉ်တွေ သွားကြတယ်၊ အစိုးရက လွှတ်လို့ဖြစ်စေ၊ တခြားနိုင်ငံက ဖိတ်လို့ဖြစ်စေ သွားကြတာတွေ ရှိပါတယ်။ တခါတလေ ဘယ်သူက ဘယ်ခရီးစဉ် သွားတယ် ဆိုတာတောင် ပါတီခေါင်းဆောင်ပိုင်းတွေ အချင်းချင်း မသိတာတွေ ရှိပါတယ်။ ဘယ်သူက ဘယ်နိုင်ငံ သွားတယ်၊ ဘာတွေ ဆွေးနွေးခဲ့တယ် ဆိုတာတွေ ပြန်လည်ရှင်းလင်း တင်ပြတာတွေ မရှိတာတော့ အမှန်ပါ။ အဲဒါတွေကို ANP ပါတီ ညီလာခံ ပြီးရင်တော့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်သွားမှာပါ။ ခရီးသွားမယ့် ကိစ္စတွေ၊ ပြန်လာရင် အစီရင်ခံစာ တင်ပြတာမျိုးတွေပေါ့။ ချမှတ်ထားတဲ့ စည်းကမ်းတွေ မလိုက်နာရင် ဘယ်လို ပုဂ္ဂိုလ်မျိုးပဲ ဖြစ်ဖြစ်ပေါ့၊ ဘယ်လို အရေးယူမလဲ ဆိုတာတွေ ရှိလာမှာပါ။ နိုင်ငံရေး ပါတီတခုမှာ စည်းကမ်းထိန်းသိမ်းရေး ဆိုတာ အင်မတန် အရေးကြီးပါတယ်။
မေး။ ။ ၂၀၁၅ မတိုင်မီနဲ့ ၂၀၁၅ အလွန်မှာ ရခိုင် နိုင်ငံရေး၊ ရခိုင် ပြည်တွင်းရေး အခြေအနေတွေကိုလည်း သုံးသပ်ပေးပါဦး။
ဖြေ။ ။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်လိုပဲဖြစ်ဖြစ် ရခိုင်ပြည်မှာ ANP က အနိုင်ရမှာပါ။ ANP ပါတီ ညီလာခံကနေ ခိုင်မာတဲ့ မူဝါဒတွေ၊ ရပ်တည်ချက်တွေ ချမှတ်နိုင်ပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲအတွက် အရည်အချင်း ပြည့်ဝသူတွေ၊ ခေါင်းဆောင်နိုင်တဲ့ စွမ်းရည်ရှိသူတွေ ပေါ်ထွက်လာမယ်ဆိုရင် အနာဂတ် ရခိုင်နိုင်ငံရေး အခြေအနေ ကောင်းလာမှာပါ။ ဒီလိုမှမဟုတ်ဘဲ လက်ရှိ အခြေအနေအတိုင်း သွားနေမယ် ဆိုရင်တော့ ရခိုင်ပြည်သူတွေအတွက် ဘာမှ ပြောင်းလဲလာမှာ မဟုတ်ဘူး။ ဒုံရင်းက ဒုံရင်းပဲ ဖြစ်နေမှာပါ။
မေး။ ။ ANP ခေါင်းဆောင်ပိုင်းတွေဟာ အောက်ခြေပြည်သူတွေနဲ့ ကင်းကွာနေတယ်လို့ သိရပါတယ်။ ခေါင်းဆောင် အများစုဟာ ရခိုင်ပြည်တွင်းမှာ နေတာထက် ရန်ကုန်မှာနေတာ များတယ်။ အောက်ခြေပြည်သူတွေက သူတို့ရဲ့ အခက်အခဲတွေကို ခေါင်းဆောင်တွေဆီ တိုက်ရိုက် တင်ပြချင်ကြတာတွေ ရှိနေတယ်။ ဒီတော့ ပြည်သူတွေနဲ့ ဘယ်လို ထိတွေ့မှုမျိုးတွေ လုပ်သွားဖို့ရှိတယ် ဆိုတာလဲ သိပါရစေ။
ဖြေ။ ။ ဒီဟာက တဝက်က မှန်သလို၊ တဝက်ကလည်း မှားပါတယ်။ ပါတီခေါင်းဆောင်းပိုင်းတွေ သွားကြပါတယ်။ ဆွေးနွေးတာ၊ ရှင်းပြတာတွေ ရှိပါတယ်။ နောက် မြို့နယ်အဆင့်က ပုဂ္ဂိုလ်တွေကလည်း ကျေးရွာတွေအထိ အမြဲတမ်း သွားလာ ဆွေးနွေးတာတွေ ရှိပါတယ်။ တချို့ဟာတွေမှာလည်း သွားရလာရ အခက်အခဲတော့ ရှိပါတယ်။ အခုလည်း ကြားဖြတ် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတာတွေ ရှိပါတယ်။ အားမလိုအားမရလို့ ဝေဖန်တာမျိုးတော့ ရှိကောင်းရှိမှာပါ။
မေး။ ။ အခုဆိုရင် ရခိုင်ပြည် အတွင်းမှာ အတန်အသင့် တည်ငြိမ်နေပါပြီ။ ဆက်လက်ပြီး ရခိုင်ပြည်တဝှမ်း တည်ငြိမ် အေးချမ်းဖို့၊ ဖွံဖြိုးဖို့ အတွက် ရခိုင်ပြည်သူတွေကို ဘာများပြောလိုပါသလဲ။
ဖြေ။ ။ ကျနော်တို့ ရခိုင်လူမျိုးတွေမှာ အချုပ်အခြာအာဏာတွေ အဘက်ဘက်က ကျဆုံးနေတာ ကြာပါပြီ။ ဒီတော့ ရခိုင် ပြည်သူတွေကို ပြောချင်တာကတော့ အဘက်ဘက်က ယိုယွင်းပျက်စီးနေတဲ့ လူမျိုးတမျိုးကို ဂုဏ်သိက္ခာရှိတဲ့ လူမျိုးတမျိုးအဖြစ် ရပ်တည်မယ် ဆိုရင် တကယ့် တည်တည်ငြိမ်ငြိမ်နဲ့၊ စည်းနဲ့ကမ်းနဲ့ နိုင်ငံရေး အသိနဲ့ ဖြည်းဖြည်းချင်း ချီတက်မှ ရမှာပါ။ အခုလိုမျိုး သူများတွေက မြှောက်ပေးတိုင်း ထင်ရာမြင်ရာ လျှောက်လုပ်နေမယ်ဆိုရင်၊ မင်းမဲ့စရိုက် ဆန်ဆန် စည်းမဲ့ကမ်းမဲ့ လုပ်နေမယ်၊ လုပ်နေလို့ကတော့ ရခိုင်တွေဟာ ကျွန်သက်ရှည်တဲ့ ဘဝနဲ့ပဲ သွားနေကြရဦးမယ် ဆိုတာကို အသိပေးချင်ပါတယ်။