ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်တောင်ဘက်ပိုင်း၊ ကပ္ပလီပင်လယ်နီးကပ်သော ကျေးလက်တောရွာများတွင် ပင်လယ်ဒီရေတက်မှုကြောင့် လူနေအိမ် ၅၀၀ ကျော် ရေလွှမ်းမိုးမှု ခံစားနေရပြီး လူဦးရေ ၂၀၀၀ ကျော် ရေဘေးဒုက္ခ ရင်ဆိုင်နေရေကြောင်း သိရှိရသည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ ရေတွင်းကုန်း၊ သံဒိပ်၊ ချောင်းသစ်ပေါက်၊ ဥသြလမ်း၊ ကျွန်းပင်၊ တော်ကရင်၊ တော်ပေါင်စိန်၊ တိုးဆားကျင်း ၊ကျောင်းဆိပ် အပါအဝင် ကျေးရွာများတွင် ရေလွှွမ်းမိုးနေပြီး အနည်းဆုံး လူပေါင်း ၂၀၀၀ ကျော် ရေဘေး ဒုက္ခ ကြုံတွေ့နေကြောင်း၊ ရေဘေးဒုက္ခသည်များအတွက် အကူအညီများစွာ လိုအပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။
“ရွာထဲကို ရေတွေဝင်တယ်။ စာသင်ကျောင်းကိုရော ဘုန်းကြီးကျောင်းထဲကိုရော ပင်လယ်ရေတွေ ဝင်လာတာ။ တော်ကရင်ရွာ ထဲမှာလည်း ပင်လယ်ရေဝင်တာ ရွာလည်လမ်းမှာတင် ရေအနက် ၂ ပေ ကျော်လောက် ဖြစ်နေပြီ။ လူတွေက ရေထဲမှာ ဖြစ်သလိုပဲသွားလာနေရတယ်” ဟုကျောင်းဆိပ် ကျေးရွာမှ ကိုအောင်ကျော်စန်းက ဧရာဝတီကို ပြောသည်။
ပင်လယ်ရေများသည် လယ်ယာမြေများအတွင်းထိပါ ဝင်ရောက်နေပြီး ရေငန်များကြောင့် စပါးစိုက်ပျိုးရေး လုပ်ငန်းများ ထိခိုက်နေကြောင်း၊ ရေကြီးမှုကြောင့် ငါးဖမ်းလုပ်ငန်းများ ရပ်ဆိုင်းထားရကြောင်း သိရှိရသည်။
ဇူလိုင်လ ၁၁ ရက်နေ့ကတည်းက ဒေးဒရဲ ကျေးရွာများတွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး တော်ပေါင်စိန်ကျေးရွာတွင် နေအိမ် ၆ လုံး ပြိုကျ ပျက်စီးခဲ့ကြောင်း၊ ပင်လယ်ကမ်းစပ်တွင်နေထိုင်သည့် တံငါမိသားစုများမှာလည်း ရွာအတွင်းသို့ ပြောင်းရွှေ့နေထိုင်ရကြောင်း ဒေသခံ များကပြောသည်။
“အခုလက်ရှိကလေးတွေလည်း လှေနဲ့ကျောင်းတက်နေရတယ်။ ကျွန်းပင်နဲ့ ဥသြလမ်းရွာကြားက တာကျိုးပြီး တံတား လည်း ပျက်စီးသွားတယ်။ အဲတော့ ဟိုဘက်ရွာဒီဘက်ရွာကိုစက်လှေကူးတို့နဲ့ နေရတယ်။ သောက်ရေ၊ သုံးရေကန် တွေ လည်း ပင်လယ်ရေဝင်ကုန်တော့ မိုးရေခံပြီးတော့ သောက်နေရတယ်။ အခုလက်ရှိတော့ အစိုးရပိုင်းက၊ အုပ်ချုပ်ရေး ပိုင်းက ဘာမှ လာကူညီပေးတာ မရှိသေးဘူး” ဟု ဒေသခံဒေါ်တင်စန်းက ပြောသည်။
ဒေးဒရဲ ရေကြီးမှုဖြစ်စဉ်များနှင့်ပတ်သက်၍ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။
ဒေးဒရဲမြို့နယ်တွင် ၁၉၉၇ ခုနှစ် စစ်အစိုးရ၏ လယ်ယာမြေဧက ၁ သန်းဖော်ထုတ်ရေးစီမံချက်အရ ဒီရေတော စားကျက်မြေများကို ခုတ်ထွင်ရှင်းလင်း၍ လယ်ယာမြေအဖြစ် အသုံးပြုခဲ့ကြရာ ဒီရေတောများ ပျက်စီးပြုန်းတီးခဲ့ကြောင်း၊ ဒီရေတောများမရှိသည့်နောက်ပိုင်း ပင်လယ်ဒီရေ လွှမ်းမိုးမှုဒဏ်ကို ခံစားလာရခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဒီရေတောမရှိတော့ ပင်လယ်ဒီရေ တိုက်စားတာ ခံရတယ်။ ဘုန်းကြီးကျောင်းတွေ၊ ဘုရား စေတီတွေလည်း ရေတိုက်စားလို့ ပင်လယ်ထဲကျကုန်ပြီ။ ဒီရေတောတွေမစိုက်ဘဲ ဒီပုံအတိုင်းဆက်သွားရင် ကျနော်တို့ဒေသကကျေးရွာတွေ မကြာခင် ပင်လယ်ထဲပါသွားလိမ့်မယ်ထင်တယ်”ဟု မရမ်းကျေးရွာမှ ဒေသခံ ကိုချိုလွင်က ပြောသည်။
ပင်လယ်ရေတိုက်စားမှုဒဏ်မှ ကာကွယ်ရန်လိုအပ်နေသည့် ဒီရေတောများစိုက်ပျိုးရန်အတွက် လယ်ယာမြေ အဖြစ် အသုံးပြုနေသည့် စားကျက်မြေများကို မူလအတိုင်းဒီရေတောစားကျက်မြေအဖြစ် ပြန်လည် သတ်မှတ်ပေးရန် ဒေးဒရဲမြို့နယ် တောင်ပိုင်းရှိကျေးရွာများစုပေါင်း၍ ဧရာဝတီတိုင်းအစိုးရထံ တောင်းဆိုခဲ့သော်လည်း အစိုးရကလက်မခံဘဲ ပယ်ချခဲ့သည်။
ယခုနှစ် မေလအတွင်း ဒေသခံများစုပေါင်း၍ အစိုးရထံခွင့်ပြုချက်မတောင်းခံဘဲ လယ်ယာမြေ ဖြစ်နေသည့် စားကျက်မြေ များအတွင်း ဒီရေတောအပင် ၉ သောင်းကျော် ဝင်ရောက်စိုက်ပျိုးခဲ့ရာ သစ်ပင်စိုက်ပွဲဦးဆောင်သူ ၃၇ ဦး တရားစွဲခံခဲ့ရပြီး လတ်တလော ဒေးဒရဲမြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်နေရဆဲဖြစ်သည်။
မြန်မာနိုင်ငံတွင် ၁၉၇၈ ခုနှစ်က ဒီရေတော ၂၆၂၃ စတုရန်းကီလိုမီတာခန့် ဒီရေတောများ ဖုံးလွှမ်းခဲ့သော်လည်း ၂၀၁၁ ခုနှစ်တွင် ဒီရေတော ၉၃၈ စတုရန်း ကီလိုမီတာခန့်သာဖုံးလွှမ်းတော့ကြောင်း၊ ၃၃ နှစ်တာကာလအတွင်းဒီရေတော ၆၄ ဒသမ၂ ရာခိုင်နှုန်းအထိ လျော့ကျခဲ့ကြောင်း စင်္ကာပူအမျိုးသား တက္ကသိုလ်မှ သုတေသနပညာရှင်များ၏ ပြောဆိုချက်ကို ကိုးကား၍ ဇူလိုင်လ ၁၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။