မဟာသန္တိသုခကျောင်း ကိစ္စနှင့် ပတ်သက်ပြီး တရားစွဲခံထားရသော လန်ဒန်ဆရာတော် ဦးဥတ္တရနှင့် သံဃာ ၅ ပါးတို့က မိမိတို့၏ နစ်နာမှုများအတွက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန) ကို ဗဟန်းတရားရုံးတွင် ပြန်လည်တရားစွဲဆိုရာ တရားသူကြီးက လက်မခံဘဲ ပယ်ချလိုက်ကြောင်း သိရသည်။
မဟာ သန္တိသုခကျောင်းကို ဝင်ရောက်ချိတ်ပိတ်စဉ် မိမိတို့ကို ချုပ်နှောင်ထားခဲ့မှုနှင့် ပတ်သက်ပြီး ဇူလိုင်လ ၁၆ ရက်နေ့ နံနက်ပိုင်းက ဗဟန်းတရားရုံးရှိ တရားသူကြီးထံသို့ သွားရောက် ဆွေးနွေးခဲ့ရာ နေ့လည်ပိုင်းတွင် ပြန်လည် ဆွေးနွေးရန် ပြောဆိုခဲ့ကြောင်း၊ နေ့လည်ပိုင်း ရောက်သည့်အခါတွင် တရားစီရင်ရေး ဆွေးနွေးဆုံးဖြတ်ချက်အရ မဟုတ်ဘဲ စီမံခန့်ခွဲရေးအရ တရားစွဲဆိုရန် တင်ပြလွှာကို လက်မခံဘဲ ပြန်လည်ပေးအပ်ခဲ့ကြောင်း ဆရာတော်များ၏ အကျိုးဆောင်ရှေ့နေ ဦးသန်းထွန်းအောင်က ဧရာဝတီသို့ ပြောသည်။
“မတရား တားဆီးထားတာ၊ မဟနက တရားရုံး မရောက်ခင်မှာ ချုပ်နှောင်ထားတာတွေနဲ့ ပတ်သက်ပြီး လန်ဒန်ဆရာတော်က နစ်နာမှုရှိခဲ့တာကြောင့် တရားစွဲဖို့ လုပ်တာပါ။ ဘာဖြစ်လို့ ရဲမှာ အမှုမဖွင့်တာလဲလို့ တရားသူကြီးက မေးပါသေးတယ်။ အခု ပယ်ချလိုက်တာကလည်း တရားစီရင်မှုအရ ပယ်တာမဟုတ်ဘဲ စီမံခန့်ခွဲမှုအရ ပယ်တာဆိုတော့ နည်းနည်းတော့ လွဲနေတယ်။ ထူးဆန်းတာက တရားသူကြီးရဲ့ မှတ်ချက်ထဲမှာ တာမွေတရားရုံးက တရားစွဲဆိုမှုနဲ့ ဆက်စပ်နေတယ် ဆိုတာ ပါတယ်။ ဒါကို ကျနော်တို့ သဘောမတူဘူး” ဟု ၎င်းက ဆိုသည်။
တာမွေမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားသည့် ကိစ္စသည် မဟန အနေဖြင့် နစ်နာမှုရှိသည့်အတွက် တရားလိုပြုလုပ် စွဲဆိုခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကိစ္စသည် လန်ဒန်ဆရာတော်တို့ဘက်မှ နစ်နာသည့််အတွက် ကိုယ်တိုင် တရားလိုပြုလုပ်ကာ တရားစွဲဆိုသည့်ကိစ္စ ဖြစ်သည့်အတွက်ကြောင့် အခြေအနေခြင်း တူညီမှုမရှိကြောင်း အကျိုးဆောင်ရှေ့နေ ဦးသန်းထွန်းအောင်က ဆက်ပြောသည်။
မဟာ သန္တိသုခကျောင်းကို မဟနအဖွဲ့ဝင်များ ဝင်ရောက်စီးနင်းပြီး သံဃာတော် ၅ ပါးကို ၃ ညကြာ ဖမ်းဆီး ချုပ်နှောင်ခဲ့မှုတွင် မည်သူမဆို ပိုင်းခြားသတ်မှတ်ထားသော နေရာမှ အခြားနေရာများသို့ သွားရောက်ခွင့်ကို မတရား တားဆီးကန့်သတ်သည့်အတွက် ရာဇဝတ်မှုပုဒ်မ ၃၄၂ အရ တရားစွဲဆိုရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း လန်ဒန်ဆရာတော်၏ အကျိုးဆောင် ရှေ့နေဖြစ်သူ ဦးနေလက ဧရာဝတီသို့ ပြောသည်။
“ဒီပုဒ်မက အချုပ်ထဲထည့်မှ မဟုတ်ပါဘူး။ လန်ဒန်ဆရာတော်တို့ကို အခင်းဖြစ်တဲ့ညက မဟနရုံး၊ တိုင်းမဟနရုံးနဲ့ မင်္ဂလာဈေး ဓမ္မာရုံတို့မှာ ချုပ်နှောင်ထားတာကြောင့် အခုလို အမှုပြန်ဖွင့်ဖို့ စီစဉ်တာပါ။ ဒီပြစ်မှုအရ စစ်ဆေးလို့ အမှန်ပေါ်ပေါက်ခဲ့ရင် ထောင်ဒဏ် ၁ နှစ်အထိ အပြစ်ပေးလို့ရတယ်” ဟု ၎င်းက ဆိုသည်။
ယနေ့ တရားစွဲဆိုရန် ဗဟန်းတရားရုံးသို့ သွားရောက်စဉ် ဗြိတိသျှသံရုံးမှ ကောင်စစ်ဝန်ကိုယ်တိုင် လာရောက်ခဲ့ပြီး လန်ဒန်ဆရာတော်တို့၏ ကိစ္စရပ်များကို ဗြိတိသျှသံရုံးမှ စောင့်ကြည့်နေမည်ဟု ကောင်စစ်ဝန်က ပြောကြားခဲ့သည်ဟု သိရသည်။
ယနေ့ညနေတွင် ဆရာတော်များနှင့် အကျိုးဆောင်ရှေ့နေများ စည်းဝေးကာ ယခုကိစ္စနှင့် ပတ်သက်၍ မည်သို့ ဆက်လုပ်မည်ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ တရားရုံးအဆင့်ဆင့်သို့ ဆက်လက် တက်သင့်မည်ဆိုလျှင် တက်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
မဟာသန္တိသုခကျောင်းကို ဇွန်လ ၁၀ ရက်နေ့ ညဘက်တွင် သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတချို့နှင့် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက် စီးနင်း ချိတ်ပိတ်ကာ အင်္ဂလန်ဆရာတော် ဦးဥတ္တရ အပါအဝင် ရဟန်းတော် ၅ ပါးကို ဖမ်းဆီးခဲ့သည်။ နောက်တရက်တွင် ချက်ခြင်း လူဝတ်လဲ၊ ရုံးထုတ်ကာ ပုဒ်မများတပ်ပြီး အင်းစိန်ထောင်သို့ ပို့ခဲ့သည်။ ဇွန်လ ၂၀ ရက်နေ့တွင် အာမခံဖြင့် ပြန်လွှတ်ပေးပြီး ရဟန်းတော် ၅ ပါးစလုံး သင်္ကန်းပြန်စည်းခဲ့သည်။