အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ မြန်မာနိုင်ငံကို လာမယ့် သြဂုတ်လမှာ လာရောက်ဖို့ ရှိပါတယ်။ သမ္မတ မစ္စတာ အိုဘားမားကလည်း နိုဝင်ဘာလ နေပြည်တော်မှာ ကျင်းပမယ့် အာဆီယံ-အမေရိကန် ထိပ်သီး အစည်းအဝေး တက်ရောက်ဖို့ ရှိနေပါတယ်။
ဒီခရီးစဉ်တွေဟာ ဆယ်စုနှစ် ၅ ခုကျော်ကြာ စစ်အုပ်ချုပ်ရေးအောက်မှ ရုန်းထွက်ကာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာတဲ့ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကို အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒရဲ့ အောင်မြင်မှုအဖြစ် မကြာသေးခင်က သမ္မတ အိုဘားမား ကြွေးကြော်ပြီးနောက် ဖြစ်လာတာပါ။
ဒီလို ကြွေးကြော်ခဲ့တာကလည်း မြန်မာအစိုးရက သမ္မတ အိုဘားမား မြန်မာနိုင်ငံလာတုန်းက ပေးခဲ့တဲ့ ကတိတွေအပေါ် မူတည်ပုံ ရပါတယ်။
၂၀၁၂ ခုနှစ်က သမ္မတ အိုအားမားနဲ့ သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံတဲ့ အစည်းအဝေးမှာ ဦးသိန်းစိန်က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး သမ္မတ အိုဘားမားကို ကတိကဝတ် ၁၁ ခု အာမခံခဲ့တယ်လို့ အမေရိကန် အခြေစိုက် Foreign Policy မဂ္ဂဇင်းက ရေးပါတယ်။
အဲဒီ ကတိကဝတ် ၁၁ ခုက ဘာတွေဆိုတာ သေချာ မသိရပေမယ့် တက်ကြွလှုပ်ရှားသူတွေနဲ့ အမေရိကန် ကွန်ဂရက် ခေါင်းဆောင်တွေအပြောအရ အစိုးရက အဲဒီထဲက နည်းနည်းပဲ ဖော်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန် ပြည်ထောင်စုဘက်ကတော့ မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆက်လက် အားပေးထောက်ခံသွားဖို့ အစီအစဉ်တွေ တပုံတပင် ရှိနေပါတယ်။ မကြာသေးခင် ကာလက လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး တွမ် မာလင်နော့စကီး မြန်မာနိုင်ငံ လာသွားစဉ်ကဆို မြန်မာ-အမေရိကန် ၂ နိုင်ငံ စစ်တပ်ချင်း ဆက်ဆံရေးလုပ်ဖို့တောင် အချိန်ကျပြီလို့ ထုတ်ဖော်ပြောဆိုခဲ့တယ်။
အမေရိကန် ပြည်ထောင်စုကတော့ မြန်မာနိုင်ငံကို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ စံပြ မော်ဒယ်လ် ဖြစ်လိုပေမယ့်လည်း လက်တွေ့မှာ မြန်မာအစိုးရက နောက်ပြန်ဆုတ်နေတဲ့ လုပ်ရပ်တွေ ဆက်တိုက် ရှိနေချိန်မို့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေအပေါ် အမေရိကန် ကွန်ဂရက် လွှတ်တော်ကလည်း ပြန်သုံးသပ်ဖို့ မေးခွန်းတွေ ထုတ်နေပါပြီ။
မြန်မာအစိုးရက ပေးထားတဲ့ကတိတွေ အပြည့်အ၀ အကောင်အထည် မဖော်တာကို လျစ်လျူရှုပြီး သွားကြမှာလား ဆိုတဲ့ မေးခွန်းက စိတ်ဝင်စားစရာပါ။
ပြုပြင်ပြောင်းလဲရေး အစိုးရလို့ အများက ခေါ်ကြတဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီး အစောပိုင်း နှစ်တွေမှာ မြန်မာ့ပြုပြင်ပြောင်းလဲရေးဟာ အချိန်တိုအတွင်း အလွန်မြန်မြန်ဆန်ဆန် လုပ်ခဲ့တာ အားလုံးက သတိထားမိသလို အမေရိကန်ကလည်း ဒီအပေါ် သတိထားမိခဲ့တယ်။
ဒါကြောင့်ပဲ မြန်မာအပေါ် ပိတ်ဆို့အရေးယူ ဒဏ်ခတ်မှုတွေကို လျှော့ချဖို့ Action for Action ဆိုတဲ့ မူဝါဒကို ထိုစဉ်က နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာ့ပြုပြင် ပြောင်းလဲမှုအပေါ် မူတည်ပြီး စတင် အကောင်အထည် ဖော်ခဲ့တာလို့ သူ့စာအုပ်မှာလည်း ရေးထားပါတယ်။ ဒါကိုလည်း သူက အတော်စွန့်စားခဲ့ရတယ်လို့ ရေးထားတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့ ၃ နှစ်လောက်က စတင်ပြီး မြန်မာ့အပြောင်းအလဲဟာ နောက်ဆုတ်လာတယ်လို့ အမေရိကန် ကွန်ဂရက် အမတ်တွေကလည်း ထောက်ပြ ဝေဖန်လာကြပါတယ်။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု နှေးကွေးလာတဲ့အပေါ် မြန်မာအပါအဝင် နိုင်ငံတကာက လူ့အခွင့်အရေး လှုပ်ရှားနေသူတွေကလည်း စိုးရိမ်လာကြတယ်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရစစ်တပ်အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေခဲ့တဲ့ ဒေသတွေအနက် တခုဖြစ်တဲ့ ကချင်ပြည်နယ်မှာ အပစ်အခတ် ရပ်စဲရေး အကောင်အထည်ဖော်ဖို့ မြန်မာသမ္မတက ကတိပေးခဲ့တယ်လို့ ဆိုတယ်။
ဒါပေမယ့် အဲဒီလို ကတိပေးပြီး ၃ နှစ်လောက် ကြာပြီးတော့ ကချင်ပြည်နယ်မှာ ခရစ်ယာန် ဘုရားကျောင်းတွေ၊ ရွာတွေကို အစိုးရစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောကြတယ်။
ပြီးခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်း ကချင်ပြည်နယ်က အရပ်သား ၆၀ ထက်မနည်းကို ညှဉ်းပန်း နှိပ်စက်တဲ့အကြောင်း Fortify Rights လို လူ့အခွင့်အရေး အုပ်စုတွေကလည်း မကြာသေးခင်က အစီရင်ခံစာထုတ်ပြန်ခဲ့တယ်။ မြန်မာအစိုးရ ကတော့ ညှဉ်းပန်းနှိပ်စက်ခွင့်တွေလည်း မပေးထားသလို ညှဉ်းပန်းနှိပ်စက်မှုတွေလည်း မလုပ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ်ကာလတွင်း မြန်မာဟာ အပြောင်းအလဲ လုပ်လာခဲ့သလောက် အခုတော့ အရင်ကလို မဟုတ်ဘဲ အပြည့်အ၀ အောင်မြင်မှုဆီ ရောက်ဖို့ စိုးရိမ်စရာတွေ ရှိနေပြီး မလိုလားအပ်တဲ့ ပြဿနာတွေလည်း ရှိလာနေတယ်လို့ အမေရိကန် အရာရှိတွေက ပြောဆိုထားပါတယ်။
ဒါ့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စကလည်း မြန်မာအစိုးရဘက်က အဲဒီအတွက် လွှတ်တော်တွင်း ကော်မတီဖွဲ့ခဲ့ပေမယ့် သိပ်ပြီး ထူးခြားမလာခဲ့ဘူး။ ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စကလည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ဖို့ တံခါးဖွင့်နိုင်အောင် စစ်တပ်ရဲ့ အထူးလုပ်ပိုင်ခွင့်တွေကို လျှော့ချရေးပဲ ဖြစ်တယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေ အပါအဝင် တိုင်းရင်းသားတွေ၊ ဒီမိုကရေစီ အင်အားစုတွေက စုပေါင်းပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်း ပုံပြင်ဆင်ရေး နိုင်ငံအဝန်းမှာ လက်မှတ်တွေ စုဆောင်းနေပါတယ်။
ဒီလှုပ်ရှားမှုကလည်း မြန်မာနိုင်ငံမှာ စစ်တပ်က လွှမ်းမိုးအုပ်ချုပ်တဲ့ ခေတ်ကာလမျိုးကို ပြန်လည် ဦးမတည်ရေး လုပ်ဆောင်နေတဲ့ လှုပ်ရှားမှုလည်း ဖြစ်ပါတယ်။
၂၀၁၀ ခုနှစ်နောက်ပိုင်း နိုင်ငံရေး တံခါးဖွင့်ပေးလိုက်ပေမယ့် မြန်မာစစ်တပ်က ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လုပ်ပိုင်ခွင့် အထူး အာဏာတွေလည်း ရယူထားပြီး လွှတ်တော်မှာ ရွေးကောက်ပွဲ ဝင်စရာ မလိုဘဲ ၂၅ ရာခိုင်နှုန်း လွှတ်တော် ကိုယ်စားလှယ်တွေ ယူထားသလို အရေးကြီးတဲ့ ဝန်ကြီးရာထူးတွေကိုလည်း စစ်တပ်က လူတွေပဲ ရယူထားလို့ပါ။ စစ်တပ်က ဖွဲ့စည်းပုံ မပြင်ချင်ရင် ပြင်ဆင်လို့ လုံးဝမဖြစ်နိုင်တဲ့ အခြေအနေရှိပါတယ်။
မြန်မာအစိုးရ အနေနဲ့ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အရ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးမှုတွေ လုပ်နေပေမယ့် သိသာတိုးတက်ပြီး အာမခံနိုင်တဲ့ အခြေအနေကတော့ မမြင်ရသေးပါဘူး။
တဖက်ကလည်း တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးကို အမေရိကန် အပါအဝင် နိုင်ငံတကာ လက်ခံ အသိအမှတ်ပြုမှု ရရှိရေးအတွက် လာမယ့်နှစ် မတ်လကုန်ပိုင်း မဖြစ်ဖြစ်အောင် လက်မှတ်ထိုးနိုင်ဖို့ အစိုးရနဲ့ စစ်တပ်ဘက်က လျာထားနေတယ်။
စာရွက်ပေါ် လက်မှတ်ထိုးကြရုံနဲ့ မြန်မာနိုင်ငံ အမှန်တကယ် ငြိမ်းချမ်းရေး ရမယ်လို့ ဘယ်သူကမှ မျှော်လင့်မထားပါဘူး။ အထူးသဖြင့် မြန်မာ့ပြုပြင်ပြောင်းလဲရေးကို အမေရိကန်ဘက်ကလည်း တစိုက်မတ်မတ် ထောက်ပြနေပါတယ်။
သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒုဝန်ကြီး ဦးရဲထွဋ်က မြန်မာအစိုးရရဲ့ စီးပွားရေး တံခါးဖွင့်ဝါဒ ကျင့်သုံးတာ၊ ပုဂ္ဂလိက နေ့စဉ်သတင်းစာတွေ ထုတ်ဝေခွင့် ပြုတာတွေ အပါအဝင် ပြုပြင်ပြောင်းလဲမှုတွေအပေါ် ဝါရှင်တန်အနေနဲ့ ဒီထက်ပိုပြီး အသိအမှတ်ပြု ချီးကျူးဖို့ လိုတယ်လို့လည်း Foreign Policy မဂ္ဂဇင်းကို ပြောထားတယ်။
ဒါပေမယ့် မကြာသေးခင်ကပဲ နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ ဒေသခံ ယူနီတီ ဂျာနယ် သတင်းသမားတွေကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ထောင် ၁၀ နှစ် ပြစ်ဒဏ်ပေးခဲ့တာအပါအဝင် သတင်းသမား တချို့ကိုလည်း ဖမ်းဆီးတရား စွဲဆိုမှုတွေ ရှိနေဆဲပါ။
ဒီ့အပြင်လည်း မီဒီယာလောကကို ပိုမိုတင်းကြပ်တဲ့ ပုံနှိပ်မီဒီယာဥပဒေ ဆိုတာကလည်း အစိုးရက ပြဋ္ဌာန်းအတည်ပြု လိုက်ပါတယ်။
ဒီလို ပြုပြင်ပြောင်းလဲရေး နောက်ဆုတ်တဲ့ လက္ခဏာတွေ ရှိလျက်နဲ့ အမေရိကန်က မြန်မာအပေါ် အထူး ထိတွေ့ ဆက်ဆံမှုတွေ အရှိန်မြှင့်လုပ်ဖို့ ခြေလှမ်းတွေက ခပ်ကြဲကြဲ လှမ်းလာနေတာပါ။
လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) ရဲ့ အကြီးတန်း သုတေသနမှူး ဒေးဗစ်မက်သီစန်က “ဝါရှင်တန်က လူအမြောက်အမြားက မြန်မာနိုင်ငံမှာ အကြီးအကျယ် အောင်မြင်နေပြီလို့ ထင်နေကြတာ” လို့ ဆိုပါတယ်။
အခုထိလည်း အမေရိကန် ခေါင်းဆောင်တွေ မျှော်လင့်ထားတဲ့ အခြေအနေ တစုံတခုကို မရသေးဘဲ စစ်တပ်ချင်း ဆက်ဆံရေး လုပ်ဖို့တောင် အချိန်တန်ပြီလို့ ပြောဆိုလာမှုတွေအပေါ် ဝေဖန်မှုတွေက ဆက်တိုက် ပေါ်ထွက်လာနေခဲ့တယ်။
ဒါကြောင့်ပဲ ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် အောက်လွှတ်တော် ကြားနာပွဲ တခုမှာ ရီပတ်ပလီကင် အထက်လွှတ်တော် အမတ် မစ္စတာ အက်ဒ်ရွိုက်စ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ရှိနေတဲ့အတွက် စစ်တပ်ချင်း ဆက်ဆံရေး အချိန်မတန်သေးဘဲ ချက်ချင်း ရပ်တန့်ဖို့ပါ ထောက်ပြခဲ့တယ်။
မြန်မာ စစ်ခေါင်းဆောင်တွေကို ဗီဇာ ပိတ်ပင်တဲ့ အရေးယူ ကန့်သတ်မှုတွေ ဆက်လက် ထားရှိဖို့လည်း တောင်းဆိုခဲ့ပါတယ်။
အမေရိကန် ကွန်ဂရက်က မီဒီယာလွတ်လပ်ခွင့်တွေ ဆုတ်ယုတ်လာတာ၊ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတာ၊ လူမျိုးရေး ဘာသာရေးခွဲခြားမှု၊ ကန့်သတ်မှု၊ အမုန်းပွားမှုတွေ ကျယ်ပြန့်လာနေတာ၊ လာမယ့်နှစ် ရွေးကောက်ပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရေး ကန့်သတ်ထားတဲ့ ဥပဒေပုဒ်မအပါအဝင် ဖွဲ့စည်းပုံဆိုင်ရာ ပြင်ဆင်မှု တွေ မရှိသေးတာတွေကို ထောက်ပြနေတယ်။
အိမ်ဖြူတော် အရာရှိ တဦးကတော့ အိုအားမား မြန်မာနိုင်ငံ သွားတုန်းက မြန်မာအစိုးရက သူ့ကို ပေးထားခဲ့တဲ့ ကတိတွေကို အကောင်အထည် မဖော်သေးတာတွေနဲ့ ရခိုင်ပြည်နယ်က ဘင်္ဂါလီကိစ္စတွေအပေါ် စိုးရိမ်မှုတွေ မြင့်မားနေတာကြောင့် စီစဉ်မှုတွေ လုပ်နေတယ်လို့တော့ ပြောထားပါတယ်။
“အာရှမှာ ကျနော်တို့ရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့ ကျနော်တို့ ပြောချိန်မှာ မြန်မာကတော့ နမူနာ နံပါတ် ၁ ဖြစ်ပါတယ်။ ဒါဟာ ကြီးမားပြီး စွန့်စားရတဲ့ ပြဇာတ်တပုဒ်ပဲ၊ ဒါကို ကျနော်တို့ သိတယ်။ ဒါကြောင့်ပဲ ကျနော်တို့ရဲ့ ဆက်ဆံရေးမှာ ဆက်ပြီး ရင်းနှီးသွားဖို့ပါပဲ” လို့ အမည်မဖော်လိုသူ အမေရိကန် အရာရှိက ဆိုပါတယ်။
သမ္မတ အိုးဘားမား အစိုးရလည်း ၂၀၁၀ ခုနှစ်လောက်က စပြီး မြန်မာနိုင်ငံအနေနဲ့ တိုင်းပြည်ကို တံခါးဖွင့်လာခဲ့သလို တရုတ်၊ မြောက်ကိုရီးယားတို့နဲ့ တချိန်က နီးနီးကပ်ကပ် ဆက်ဆံခဲ့ရုံသာမက စစ်ဘက်ဆက်ဆံရေး ရှိခဲ့တာတွေတောင် ခပ်ခွာခွာ လုပ်လာတဲ့ လက္ခဏာတွေကို စပြီး မျက်စေ့ကျလာတာပါ။
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်ပြခဲ့တဲ့အတွက် အမေရိကန် အပါအဝင် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေကတော့ တဖွဲဖွဲ ဝင်ရောက်လာခဲ့တယ်။ ဒါပေမယ့် တဖက်မှာ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံးက တရုတ် နိုင်ငံပဲ ဖြစ်နေပါသေးတယ်။
တဖက်ကလည်း အမေရိကန် အပါအဝင် နိုင်ငံတကာ ကုမ္ပဏီတွေဟာ အရည်အချင်း ပြည့်မီတဲ့ လုပ်သားလိုအပ်မှု၊ အခြေခံ အဆောက်အဦ လိုအပ်မှု ပြဿနာတွေကြောင့် လာရောက်မှု အတော်ပဲ နှေးကွေးနေပါတယ်။
တဖက်မှာတော့ ပြုပြင်ပြောင်းလဲမှုကြောင့် ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကြီးဟောင်းတွေနဲ့ ခရိုနီကြီးတွေက ပိုပြီး ကြွယ်ဝချမ်းသာကုန်ကြပြီး မြန်မာ နိုင်ငံသား ၅၅ သန်းကျော်ကတော့ ဆင်းရဲတွင်း နက်သည်ထက် နက်နေဆဲပါဘပဲ။
ဒါတွေဟာ တကယ်တော့ စစ်တပ်က အဖက်ဖက်က ချုပ်ကိုင်ထားလို့ ဖြစ်လာတာဆိုတာ အမေရိကန် အပါအဝင် နိုင်ငံတကာက သိထားနိုင်ပါတယ်။
ဒါကြောင့် အခု သြဂုတ်လ လာရောက်မယ့် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက မြန်မာအစိုးရကို တိုက်တွန်း ပြောဆိုမှုတွေ တော်တော်လုပ်မယ့် အခြေအနေတွေက တွန်းပို့နေတယ်။
အထူးသဖြင့် မြန်မာအစိုးရက လူ့အခွင့်အရေး ကိစ္စတွေကို လေးစားလိုက်နာဖို့၊ အမေရိကန်-မြန်မာ ဆက်ဆံရေး ပိုကောင်းဖို့ မျှော်လင့်တဲ့အနေနဲ့ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို တရားမျှမျှတတ မှန်မှန်ကန်ကန် ကျင်းပရေး သမ္မတ အိုးဘားမား အစိုးရက သမ္မတ ဦးသိန်းစိန်ကို ရှင်းလင်းတဲ့ သတင်းစကားပေးဖို့ လုပ်ရပါလိမ့်မယ်။
အခု လတ်တလောမှာတော့ မစ္စတာ ဂျွန်ကယ်ရီ မလာခင် သတင်းသမားတွေကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ချခဲ့ပြီး မြန်မာအစိုးရဘက်က လုပ်နေကျ ပုံစံအတိုင်း မြန်မာ-အမေရိကန် ဆက်ဆံရေး ကောင်းမွန်တာ လိုလားတဲ့ပုံပြချင်လို့ အဲဒီ သတင်းသမားတွေနဲ့ ဖမ်းဆီးထားသူ တက်ကြွလှုပ်ရှားသူတချို့ကို သူ့ခရီးစဉ်မှာ ပြန်လွှတ်ပေးတာမျိုးလည်း လုပ်နိုင်ပါတယ်။
ကွန်ဂရက်အမတ် မစ္စတာ ဂျိုးဇက် ခရော်လီကတော့ မြန်မာအစိုးရနဲ့ သမ္မတ အိုဘားမား အစိုးရ ဆက်ဆံရေး တိုးတက်လာမှုအပေါ် နိုင်ငံရေးအကျိုးကျေးဇူး ရှိတဲ့အပြင် တဖက်မှာလည်း အမေရိကန်တို့ စံထားတဲ့ ကိုယ့်ကျင့်တရားဆိုင်ရာ တာဝန်ဝတ္တရားကိုလည်း သတိထားဖို့ လိုတဲ့အကြောင်း ပြောထားပါတယ်။
“ကျနော်တို့ဟာ မြန်မာနဲ့ ဆက်ဆံရေး ရှိရမှာပါ။ ဒါပေမယ့် ဒီကိစ္စက လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို သူတို့ လေးစားမှဖြစ်မယ်” လို့ မစ္စတာ ဂျိုးဇက်ခရော်လီက ဆိုပါတယ်။