အကျပ်အတည်း ကာလ စီမံခန့်ခွဲ တတ်ရဲ့လား

ဝင်းနိုင် (ဒန်ဗာ)

This article has been converted from Zawgyi One to Unicode

နိုင်ငံတကာမှာ အစိုးရအဖွဲ့တွေဟာ အကျပ် အတည်းကာလ စီမံချက်တွေကိုထားရှိပြီး ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို တုံ့ပြန် ဖြေရှင်းလေ့ရှိပါတယ်။ အကျပ်အတည်းကာလ စီမံခန့်ခွဲမှု (Crisis Management) ဆိုတာ သဘာဝကပ်ဘေး၊ ရုတ်တရက် မမျှော်လင့်ဘဲ ဖြစ်ပေါ်လာတဲ့ အကျပ်အတည်း၊ ပြဿနာအသေးအမွှား ကနေ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းတာကို ဆိုလိုပါတယ်။

ရံဖန်ရံခါ တိုင်းပြည်အကျပ်အတည်းတွေဟာ ပြည်တွင်းရေးပြဿနာ ဖြစ်နေတတ်သလို နယ်စပ် ဖြတ်ကျော်ပြီး နိုင်ငံတကာ အကျပ်အတည်းဆီသို့ လည်း ဦးတည်တတ်ပါတယ်။ ၉/၁၁ နယူးယောက် အမြွှာညီနောင် အဆောက်အအုံ တိုက်ခိုက်ခံရမှုဟာ အမေရိကန် ပြည်တွင်းပြဿနာကနေစပြီး အကြမ်းဖက်ဝါဒ တိုက်ဖျက် ရေးစတဲ့ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းသို့ ဦးတည်ခဲ့ရာ ယနေ့တိုင် လိပ်ခဲ တည်းတည်းဖြစ်နေတဲ့ ပြဿနာ ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းက နိုင်ငံတကာ ခရီး သည် ၂၉၃ ဦး သယ်ဆောင်လာတဲ့ မလေးရှားလေ ကြောင်း MH 370 ရုတ်တရက် ပျောက်ဆုံးမှုဟာ လည်း နိုင်ငံတကာ မျက်နှာစာမှာ မလေးရှားအစိုးရရဲ့ ကိုင်တွယ်ပုံ ညံ့ဖျင်းမှု ကြောင့် ဟိုးလေးတကျော်ကျော် ဖြစ်လာရတဲ့ နိုင်ငံစုံရဲ့အကျပ်အတည်း ဖြစ်ပါတယ်။ အဲဒါကြောင့် အရပ်ကူပါ လူဝိုင်းပါအဖြစ် ဒေသတွင်း နိုင်ငံတွေဟာ လေယာဉ်ပျောက် ရှာပုံတော်မှာ အကူ အညီပေးခဲ့ရပါတယ်။ နောက် ထပ်အလားတူအကျပ် အတည်းမျိုးဖြစ်လာရင် ဘယ်လိုဖြေရှင်းမလဲဆိုတာ နိုင်ငံတွေက ပြင်ဆင်မှုတွေလုပ်နေ ပါပြီ။

ပြည်သူပေါင်း သိန်းနဲ့ချီ သေဆုံးခဲ့ရတဲ့ ၂၀ဝ၈ ခုနှစ် မြန်မာပြည်မှာ ဖြစ်ပေါ်ခဲ့တဲ့ နာဂစ်မုန်တိုင်းဟာ ကမ္ဘာသိ သဘာဝဘေးအန္တရာယ် အကျပ်အတည်း တခုပါ။ ယနေ့အထိလည်း နာဂစ်ဒဏ် ခံစားခဲ့ရတဲ့ ပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို မကုစားနိုင်သေးပါဘူး။ ရခိုင်ပြည်နယ်ကနေ စတင် လောင်မြိုက်ခဲ့တဲ့ လူမျိုး ရေး၊ ဘာသာရေး မီးဟာ အခုနောက်ဆုံး မြန်မာနိုင်ငံရဲ့ နောက်ဆုံးနန်းစိုက်ရာ မန္တလေးမြို့တော်အထိ ပျံ့နှံ့လို့ လာခဲ့ပါပြီ။ ဒီမိုကရေစီ အသွင်ကူးပြောင်းကာစ မြန်မာနိုင်ငံမှာ အဲဒီ ပြဿနာဟာ အင်မတန်မှ နိုင်ငံတကာမှာ အရုပ်ဆိုး အကျည်းတန်စေတဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဟာ စစ်ရေး အရ တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့သလို သံတမန်ဆက်ဆံရေး အကျိတ်အခဲ ဖြစ်နေခဲ့စေပါတယ်။

နိုင်ငံတွင်း ပြဿနာအဆင့်ကနေ ကျော်ဖြတ်ပြီး ဒေသဆိုင်ရာ ပြဿနာတခု ဖြစ်ပေါ်လာနေပါတယ်။ နိုင်ငံတိုင်း မှာ ဖြစ်ပေါ်လေ့ရှိတဲ့ ဒီပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းမှုဟာ အကျပ်အတည်းကာလ စီမံခန့်ခွဲမှုလို့ခေါ်ပါ တယ်။

နိုင်ငံတကာမှာတော့ ဒီလိုမျိုးပြသနာတွေ ဖြစ် လာရင် ကြိုတင်ပြင်ဆင်ထားတဲ့ အစီအစဉ်တွေရှိသလို ပြဿနာ ဖြစ်ဖြစ်ချင်း (Damage Control) လို့ခေါ်တဲ့ အပျက်အစီးနည်းအောင် အကျပ်အတည်း ကာလ စီမံခန့်ခွဲမှုအဖွဲ့ တွေ ဖွဲ့စည်းပြီး တိကျတဲ့တုံ့ပြန် မှုတွေလုပ်လေ့ရှိပါတယ်။ အစိုးရတွေကို ပြည်သူတွေက အကျပ်အတည်းဖြစ် လာရင် ဘယ်လို တုံ့ပြန် ဆောင်ရွက်သလဲဆိုတဲ့ အပေါ်မှာ မှီတည်ပြီးတော့ အမှတ်ပေးလေ့ ရှိကြပါတယ်။ အစိုးရကလည်း ပြည်သူကို ဘယ်လောက် အုပ်ချုပ်ရေး စီမံခန့်ခွဲမှု ပိုင်နိုင်သလဲဆိုတာကို ကိုင်တွယ်ဖြေရှင်းမှုနဲ့ ပြသ ကြပါတယ်။ ဒါမှ လက်ရှိတာဝန်ယူထားတဲ့ အစိုးရ ဟာ ပြည်သူအဆုံးအဖြတ်ပေးမယ့် နောက်ထပ် ရွေး ကောက်ပွဲမှာ မျက်နှာပန်းလှမှာ ဖြစ်ပါတယ်။

ပထမဦးဆုံး အကျပ်အတည်း ဖြစ်ပေါ်လာတဲ့ အချိန်မှာ (Control the low flow of information) သတင်း စီးဆင်းမှုကို ထိန်းချုပ်ရပါတယ်။ သတင်း အမှောင်ချခိုင်းတာ မဟုတ်ပါဘူး။ မလိုလားအပ်တဲ့ မှန်းဆချက်တွေနဲ့ တင်းမာမှုတွေ မဖြစ်ပေါ်လာအောင် သတင်းစီးဆင်းမှုကို တိကျတဲ့ပုံစံနဲ့ တာဝန်သတ်မှတ် ထားပေးတဲ့သူထံမှ စီးဆင်းစေဖို့ပါ။ အချက်အလက် နဲ့တင်ပြနိုင်သူ၊ စာနာမှုကို ဖော်ပြနိုင်သူ၊ ပြဿနာရဲ့ အတိမ်အနက်ကို နားလည်သူကို ပြောခွင့်ရပုဂ္ဂိုလ် အဖြစ် သတ်မှတ်ပြီး သတင်းစီးဆင်းစေပါတယ်။ ဥပမာ မကြာသေးမီက မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ မဟာသန္တိသုခ ဘုန်းတော်ကြီးကျောင်း ပြဿနာမှာ သမ္မတရုံး သာသနာရေးရာ အကြံပေးအရာရှိ ဦးအံ့မောင်လို ခေတ်ဟောင်းကို ဖက်တွယ်လိုသူ၊ ငါ့စကားနွားရ ပြောဆိုတတ်သူကို ပွဲထုတ် ရှင်းလင်း ခိုင်းတာမျိုးဟာ ပြဿနာကို မီးမွှေးပေးသလိုဖြစ်စေပါ တယ်။

အကျပ်အတည်း ဖြေရှင်းသူတွေဟာ ဒေါသ အမျက် အပြင်မထွက်စေနဲ့ဆိုတဲ့ ဆောင်ပုဒ်ကိုလက် ကိုင်ထားသူ တွေ ဖြစ်ရပါမယ်။ အဝေဖန်ခံနိုင်သူဖြစ် ရမှာဖြစ်သလို မီဒီယာတွေရဲ့ ထောက်ပြမှုကို မျက်စိ ဖွင့် နားစွင့်နိုင်သူ ဖြစ်ရပါမယ်။ အများပါဝင်ဖြေရှင်း တာကို လက်ခံနိုင်သူဖြစ်ရမှာ ဖြစ်သလို (Media Friendly) မီဒီယာနဲ့ ရင်းနှီး ကျွမ်းဝင်မှုရှိသူမျိုး ဖြစ်ရပါမယ်။ အကျပ်အတည်းကာလ စီမံခန့်ခွဲရသူ တွေဟာ ဘယ်တော့မှ အမှန်ကိုပြောဆိုဖို့ မတွန့် ဆုတ်ရပါဘူး။ ဒါမှ ပြည်သူတွေရဲ့ ယုံကြည်မှုကို ရနိုင်မှာဖြစ်ပါတယ်။ နောက်ဆုံးဖြစ်ပေါ်ခဲ့တဲ့ မန္တလေး အဓိကရုဏ်းမှာ သေဆုံးသူနဲ့ ဒဏ်ရာရသူစာရင်းကို အတိအကျ အချိန်နဲ့တပြေးညီ ပြည်သူ့ရဲတပ်ဖွဲ့က ထုတ်ပြန် နိုင်ပေးခဲ့တာဟာ ပြဿနာရဲ့ အတိမ်အ နက်ကို ပြည်သူတွေမှန်းဆနိုင်ခဲ့ပါတယ်။ ယခင်ဖြစ်ခဲ့ တဲ့ ရခိုင်ပြည်နဲ့ မိတ္ထီလာ အရေးအခင်းတွေမှာ သေဆုံး ဒဏ်ရာရသူ စာရင်းဟာ အများယုံကြည် လက်ခံနိုင်တဲ့ အခြေအနေ မရှိခဲ့ပါဘူး။ မန္တလေးမြို့က လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေဟာ တိုင်းပြည်အတွက် ထိလွယ်ရှလွယ် နိုင်ငံရေး၊ လူမှု ရေးနဲ့ ဘာသာရေး အကျပ်အတည်းဖြစ်ပါတယ်။

အကျပ်အတည်းဆိုက်ကပ်လာပြီဆိုရင် တာဝန် ရှိသူတွေဟာ ဘာကြောင့်ဖြစ်တယ်၊ ဘယ်သူတွေ ပါဝင်တယ်၊ ပြည်သူကို ဘယ်လိုအသိပေးမလဲဆိုတာ တွေကို စဉ်းစားပြီး တာဝန်ခံမှုကို ပြသရပါတယ်။ မကြာသေးမီက ဖြစ်ခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံက သင်္ဘောမှောက်မှုမှာ ကျောင်းသား၊ ကျောင်းသူပေါင်း ၂၄၂ ဦး သေဆုံးခဲ့တဲ့ အတွက် တောင်ကိုရီးယား ဝန်ကြီးချုပ် (Chung Hong-won) ချောင်ဟွန်ဝန် ဟာ အသက်ကယ်ရေး လုပ်ငန်း တွေကို လုပ်ဆောင် ရာမှာ နှေးကွေးမှုတွေရှိခဲ့တဲ့အတွက် တာဝန်ခံမှု ပြသတဲ့အနေနဲ့ ပြည်သူကိုတောင်းပန်ပြီး ရာထူး ကနေ နုတ်ထွက်ခဲ့ပါတယ်။

တောင်ကိုရီးယား သမ္မတ ပတ်ဂျုံဟီးဟာ ဒီ အဖြစ်အပျက်အတွက် သူကိုယ်တိုင် ပြည်သူတွေကို လူသိရှင်ကြား တောင်းပန်ပြီး တာဝန်ခံမှုကို ပြသခဲ့ ပါတယ်။

လူပေါင်းသိန်းချီ သေဆုံးခဲ့တဲ့ နာဂစ်မုန်တိုင်း ဖြစ်ပွားမှုမှာ အစိုးရအာဏာပိုင်တွေရဲ့ ကယ်ဆယ်ရေး အားနည်းမှု အပေါ်မှာ တာဝန်ရှိတဲ့ မြန်မာ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေက ဝန်ခံပြောဆို ခဲ့တာ၊ ပြည်သူကို တောင်းပန် စကား ပြောခဲ့တာမျိုး အခုထိမကြားရသေးပါဘူး။ ထို့အတူပဲ ပြည်သူတွေ အေးချမ်းစွာ နေထိုင်ရေး ပျက်ပြား စေပြီး လူပေါင်း ရာနဲ့ချီ သေဆုံးကာ၊ သောင်းနဲ့ချီ ဒုက္ခသည်ဘဝ ကျ ရောက်ခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး တိုက်ခိုက်မှုတွေ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်လာတဲ့အပေါ် တာဝန်ရှိသူတွေက တုံ့ပြန်မှု နှောင့်နှေးမှုတွေ အတွက် ပြည်သူလူထုကို အမှန်အတိုင်း ဝန်ခံတောင်းပန်တာ မျိုးလည်း မရှိသေးပါဘူး။ နောက်ကွယ်က ကြိုးကိုင် နေသူတွေ လက်ချက်ကြောင့်သာ ဖြစ်နေရတယ်လို့ တစာစာသာ ဦးသိန်းစိန် အစိုးရက အော်နေပြီး ပြစ်မှုကျူးလွန်သူတွေကို ထိရောက်တဲ့ အရေးယူမှု တွေ မပြုလုပ်နိုင်သေးပါဘူး။

အစိုးရတိုင်း အားနည်းချက်အမှားနဲ့ မကင်း နိုင်ပါဘူး။ ဒါပေမယ့် ရိုးသားစွာဝန်ခံခြင်းနဲ့ ပြဿနာ ကို ထိထိ ရောက်ရောက် ကိုင်တွယ်ဖြေရှင်းခြင်းဖြင့် သာ ပြည်သူလူထုရဲ့ နားလည်မှုကို ရယူနိုင်မှာဖြစ်ပါ တယ်။ အကျပ် အတည်းတွေကို ဖြေရှင်းရာမှာ ခေါင်းဆောင်တွေဟာ ပွင့်လင်းမြင်သာမှု ရှိရပါမယ်၊ ချင့်ချင့်ချိန်ချိန် တုံ့ပြန်ရပါ မယ်။ အရေးကြီးဆုံး အချက်က အကျပ်အတည်းတွေကို ဖြေရှင်းရာမှာ အားလုံးစိတ်ကျေနပ်မယ့် အဖြေရဖို့ ဆိုတာ အတော် ခဲယဉ်းတယ်ဆိုတာကို နားလည်ထားဖို့ပါ။ ဒါပေမယ့် အစိုးရက တာဝန်ခံမှုရှိတယ်ဆိုတာကို ကြိုးစားပြီး သက်သေထူရပါတယ်။ အကျပ်အတည်းကရတဲ့ သင်ခန်းစာကိုယူပြီး နောက်ထပ် ကြုံတွေ့လာမယ့် စိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ အသုံးချရပါတယ်။ အစိုးရတိုင်းအတွက် အကျပ်အတည်းဆိုတာ မမျှော်လင့်နိုင် တဲ့ လက်တကမ်းလိုလိုမှာ အမြဲရှိနေနိုင်တဲ့ အတွက် မြန်မာနိုင်ငံမှာ အကျပ်အတည်းကာလ စီမံခန့်ခွဲမှုအဖွဲ့တွေ ကို အခုကတည်းက စီမံဖွဲ့စည်း ထားပြီး ပြင်ဆင်မှုရှိမှသာ နောက်ထပ် ပေါ်ပေါက်လာမယ့် အကျပ်အတည်း တွေကို ရှောင်လွှဲနိုင်မှာ ဖြစ်ပါတယ်။

(စာရေးသူသည် အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်တွင် အခြေချနေထိုင်လျက်ရှိသည့် မြန်မာစကားပြန် တဦး ဖြစ်သည်။)

Loading