မြန်မာအစိုးရ တာဝန်ရှိသူများက သတင်းသမား ၅ ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ခြင်းသည် အာဏာရှင်ဆန်သော အပြုအမူနှင့် နည်းစနစ်များကို ကျင့်သုံးခြင်း ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူ့အခွင့် အရေး ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တွမ်မာလင်နော့စကီးက ပြောဆိုဝေဖန်လိုက်သည်။
ဇူလိုင်လ ၁၆ ရက်နေ့ အမေရိကန်အခြေစိုက် အေပီသတင်းဌာနနှင့်တွေ့ဆုံမေးမြန်းခန်းတခုတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်ပြီး စစ်တပ်လက်နက်စက်ရုံ တခုနှင့်ပတ်သက်သော သတင်းရေးသားချက်ကြောင့် ယူနီတီဂျာနယ် သတင်း သမား ၅ ဦးကို ကိုလိုနီခေတ် နိုင်ငံတော် လုံခြုံရေး ဥပဒေဖြင့် တရားစွဲဆို၍ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် အပြစ် ပေးလိုက်သည့် အပေါ် မြန်မာအစိုးရသည် အာဏာရှင်ဆန်စွာ ပြုမူနေသည်ဟု ပြောဆိုလိုက်သည်။
အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တွမ်မာလင်နော်စကီးသည် ဇွန်လကုန်ပိုင်းက အမေရိကန် စစ်ဘက်၊ နယ်ဘက် ထိပ်တန်း အရာရှိများ ပါဝင်သည့် အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နှင့် အတူ မြန်မာ နိုင်ငံသို့ လာရောက်ခဲ့ပြီး မြန်မာ့အပြောင်းအလဲ ဆက်လက် အရှိန်ရလာစေရေး အမေရိကန်က ဆက်လက် ကူညီ ထောက်ပံ့မည်ဟု ပြောဆိုခဲ့သည့်အပြင် အမေရိကန် အနေဖြင့် မြန်မာ အစိုးရစစ်တပ်နှင့် ထိတွေ့ဆက်ဆံရန် အချိန်ကျပြီ ဟုလည်း ပြောဆိုခဲ့သည်။
မြန်မာအစိုးရက သတင်းသမား ၅ ဦးကို ကြီးလေးသည့် ထောင်ဒဏ် ချမှတ်လိုက်သည့် ဖြစ်ရပ်သည် မြန်မာနိုင်ငံကို စံနမူနာပြ ကြွေးကြော်ခဲ့သည့် အမေရိကန်၏ နိုင်ငံခြားရေး မူဝါဒ အောင်မြင်သည်ဆိုသော အမေရိကန် အစိုးရအတွက် ကြီးစွာ အခက်တွေ့သည်ဟု သူက အေပီသတင်းဌာသို့ ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန် နှောင့်နှေး ကြန့်ကြာမှုများ ရှိနေသော်လည်း အမေရိကန် အနေဖြင့် ထိတွေ့ဆက်ဆံရေး မူဝါဒ ကို အခိုင်အမာ ထားရှိဆဲ ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၃ နှစ် ဦးသိန်းစိန် အစိုးရတက် လာပြီး နောက် ပေးခဲ့သော မီဒီယာလွတ်လပ်ခွင့်ကို ဆက်လက် ကာကွယ်ထိန်းသိမ်းစေလိုကြောင်း သူက တိုက်တွန်း ပြောဆို သည်။
သတင်းသမားများကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ ချမှတ်လိုက်သည့် ကိစ္စအပေါ် အမေရိကန်အနေဖြင့် အပြင်းအထန် ဝေဖန် ထောက်ပြပြီး မည်သည့် သတင်းသမားမဆို လွတ်လပ်စွာ သတင်း ရေးသားခွင့် ရှိစေရန်နှင့် တရားစွဲခံထား ရမှုများ ကိုလည်း မြန်မာ အစိုးရ အနေဖြင့် ပြန်လည်သုံးသပ်ရန် သူက ဆိုသည်။
“လွန်ခဲ့တဲ့ ၂ နှစ်လောက်က နိုင်ငံရေး အကျဉ်းသား လွှတ်ပေးတဲ့ ကိစ္စဟာ အရေးကြီးတဲ့ အောင်မြင်မှုတွေထဲက တခုပါ။ အခု ကျနော်တို့က ဒီကိစ္စ (သတင်းသမားများ ဖမ်းဆီးထောင်ချမှု အပေါ်) လို ဖြစ်လာတော့ ဒါတွေဟာ လွန်ခဲ့တဲ့ ၂ နှစ် က အခြေအနေ အတိုင်း ပြန်ပြောရတော့မယ်ဆိုရင် သိပ်မဟုတ်တော့ဘူး” ဟု တွမ်မာလင်နော့စကီးက ပြောဆိုသည်။
မီဒီယာများက စာနယ်ဇင်း ကျင့်ဝတ်ကိစ္စနှင့် တာဝန်မဲ့ သတင်းရေးသားမှုများအပေါ် ကိုင်တွယ်ရာတွင် အာဏာရှင်ဆန် သော နည်းစနစ်မျိုး မသုံးဘဲ ဥပဒေနှင့်အညီ ကိုင်တွယ်ရေး အမေရိကန်က အလေးအနက် ပြောဆိုတိုက်တွန်း ကြောင်း သူက ဆက်လက်ပြောဆိုသည်။
“သတင်းသမားတွေကို ဖမ်းဆီးတာမျိုးနဲ့ ခင်ဗျားတို့က တုံ့ပြန်တယ် ဆိုရင် ကျနော်တို့ကလည်း ခင်ဗျားတို့အတွက် အကျိုး မရှိတဲ့ အရင်ခေတ် မြန်မာနိုင်ငံနဲ့နိုင်ငံတကာ ဆက်ဆံရေးပုံစံမျိုးကို နောက်ပြန်ဆုတ်သွားမှာပဲ”ဟု ၎င်းက ပြောသည်။
သမ္မတ ဦးသိန်းစိန်နှင့် အနုပညာရှင်များ တွေ့ဆုံပွဲပြုလုပ်သည့် ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေး စင်တာ(MPC) ရှေ့တွင် သတင်းသမားများက မိမိတို့၏ပါးစပ်ကို တိပ်များဖြင့်ပိတ်ကာ သတင်းသမားများ အပေါ် အသံတိတ် ဆန္ဒပြခဲ့ပြီး ဆန္ဒပြ သတင်းသမား ၅၀ ကို ကမာရွတ်မြို့နယ်ရဲစခန်းက ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားသည်။ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားခံရသော သတင်းသမားများသည် ထောင်ဒဏ် ၆ လ (သို့မဟုတ်) ငွေဒဏ်လည်း ပေးဆောင်ကျခံရဖွယ် ရှိနေသည်။