လှိုင်သာယာမြို့နယ်ရှိ ကိုးရီးယား နိုင်ငံသားပိုင် Master Sports ဖိနပ် စက်ရုံမှ အမျိုးသမီး အလုပ်သမား ၇၅၀ ကျော်သည် လုပ်အားခ တလစာမရရှိဘဲ စက်ရုံပိတ်လိုက်သည့် အပေါ် မကျေနပ်သည့်အတွက် ကိုးရီးယား သံရုံးရှေ့တွင် ယနေ့ ဆန္ဒ္ဒ ထုတ်ဖော်ခဲ့သည်။
အမျိုးသမီး ၇၅၀ ကျော်နှင့် အမျိုးသား ၅၀ တို့ ပါဝင်သော အလုပ်သမားများသည် လှိုင်သာယာမြို့နယ် ဖိနပ်စက်ရုံမှ ဗဟန်းမြို့နယ် ကိုးရီးယား သံရုံးအထိ လမ်းလျှောက် ဆန္ဒထုတ်ဖော် ခဲ့ကြခြင်း ဖြစ်သည်။
စက်ရုံတွင် အမျိုးသမီးအလုပ်သမား အများစု လုပ်ကိုင်နေသည့် နေရာဖြစ်ကြောင်း၊ နယ်မှ လာရောက်အလုပ်လုပ်ကြသဖြင့် လုပ်အားခ မရရှိသဖြင့် စားဝတ်နေရေး ခက်ခဲနေကြပြီး ကိုးရီးယားအလုပ်ရှင် Mr. Bang In Ho ကို တရားစွဲဆို အရေးယူ ပေးရန်နှင့် လစာနှင့် အလုပ်ပိတ် နစ်နာကြေး ခံစားခွင့်ရရှိရန် အတွက် ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်ကြောင်း Mater Sports ဖိနပ်စက်ရုံမှ အလုပ်သမား ကိုယ်စားလှယ် မစုထက်မာက ဧရာဝတီသို့ပြောသည်။
“စက်ရုံကို ၅ လပိုင်းက စပြီး ဖွင့်လိုက် ပိတ်လိုက်လုပ်တယ်။ တရားဝင် အကြောင်းမကြားဘဲ အပြီးပိတ်လိုက်တာကတော့ ၆ လပိုင်း ၂၇ ရက်က။ ၆ လပိုင်းအတွက် လစာမရလို့ ကျမတို့ စားဝတ်နေရေး အရမ်းခက်သွားတယ်။ အဆောင်ခ မပေး နိုင်လို့ တောင်းပန်ထားရတယ်။ တချို့ကတော့ ချေးပြီး စားသောက်ရပါတယ်။ စက်ရုံမှာ အမျိုးသားဆို ၅၀ လောက်ပဲ ရှိတယ်။ အမျိုးသမီး ကတော့ ၇၅၀ ကျော်လောက်ရှိပါတယ်” ဟု မစုထက်မာက ဆိုသည်။
နယ်မှ လာရောက် လုပ်ကိုင်သည့် အမျိုးသမီးများ ဖြစ်သဖြင့် စားဝတ်နေရေးအတွက် အဆင်မပြေမှုများ ဖြစ်ရာမှ တဆင့် အမျိုးသမီးများ အတွက် တခြား အန ္တရာယ်များ ကျရောက်လာနိုင်ကြောင်း၊ ကိုးရီးယား နိုင်ငံသားပိုင် ဖြစ်သည့်အတွက် ကိုးရီးယား သံရုံးတွင် တာဝန်ရှိကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူမှုအဖွဲ့အစည်းမှ အလုပ်သမားရေးရာ ဆောင်ရွက်သူ ဒေါ်မာမာဦးက ဧရာဝတီသို့ ပြောသည်။
“လစာမရတဲ့အတွက် အမျိုးသမီးတွေ လမ်းဘေး ရောက်သွားနိုင်သလို မကောင်းတဲ့နေရာလည်း ရောက်သွားနိုင်တယ်။ လုံခြုံမှု ကင်းမဲ့သွားနိုင်တယ်” ဟု ဒေါ်မာမာဦးက ဆိုသည်။
မြန်မာနိုင်ငံသို့ လာရောက်ပြီး စက်ရုံဖွင့်သည့် ကိုးရီးယားနိုင်ငံသား တဦးသည် အလုပ်သမား အခွင့်အရေး ချိုးဖောက် သည်ကို မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သံအမတ် သိရှိစေရန် ရည်ရွယ်ချက်ဖြင့် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း၊ တောင်းဆိုမှုများ မရမချင်း ဥပဒေဘောင်အတွင်းမှ နေပြီး ဆက်လက် တောင်းဆိုသွားမည် ဖြစ်ကြောင်း Master Sports မှ အလုပ်သမား ခေါင်းဆောင် ကိုထွန်းထွန်းနိုင်က ပြောသည်။
“အလုပ်ရှင်ကို ခေါ်ပြီးရှင်းရင်တော့ ဒီကိစ္စရှင်းသွားမှာပါ။ အခုဆိုရင် အမျိုးသမီးတွေ တော်တော် အခက်အခဲ တွေ့နေပါတယ်။ ကျနော်တို့ယောက်ျား အယောက် ၅၀ ကို ထည့် မစဉ်းစားချင်နေပါ၊ အမျိုးသမီး ၇၀၀ ကျော်ကိုတော့ ထည့် စဉ်းစားပေးပါလို့ ပြောချင်ပါတယ်” ဟု ကိုထွန်းထွန်းနိုင်က ဆိုသည်။
မြန်မာနိုင်ငံတွင် အလုပ်သမားနှင့် ပတ်သတ်သည့် ဥပဒေသည် အလုပ်သမားများ အပေါ်သို့ သက်ရောက်မှု မရှိသေးကြောင်း၊ အလုပ်သမားကိစ္စ္စကို ခုံသမာဓိထံ လွှဲပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း၊ အလုပ်သမားများ၏ တောင်းဆိုချက်နှင့် ဆန္ဒပြမှုကို လေးစားမည်ဆိုပါက ကိုးရီးယား သံအမတ်အနေဖြင့် ကူညီဖြေရှင်းပေးမည်ဟု မျှော်လင့်ကြောင်း တရားလွှတ်တော် ရှေ့နေ တဦးဖြစ်ပြီး အလုပ်သမားအရေး ဆောင်ရွက်နေသည့် ဦးဌေးက ဧရာဝတီသို့ ပြောသည်။
“နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက ပြည်တွင်း ဥပဒေကို လေးစားဖို့လိုပါတယ်။ ပြည်တွင်း အလုပ်သမား အခွင့်အရေးကိုလည်း လေးစားဖို့ လိုပါတယ်။ ခုံသမာဓိကို လွှဲပေးဖို့ လုပ်နေပါတယ်။ ခုံသမာဓိက ဆုံးဖြတ်ချက် လုပ်နိုင်တဲ့အတွက်ပါ” ဟု ဦးဌေးက ထပ်မံပြောသည်။
ဆက်လက်ပြီး အမျိုးသမီး အလုပ်သမားတဦးဖြစ်သည့် မဝင့်ဝါနေလင်းက “ ကျမကတော့ ဇွန်လ အတွက် ရမယ့်လစာနဲ့ အလုပ်ပိတ်တဲ့ အတွက် နစ်နာကြေးတွေကို ရချင်တယ်။ အဆောင်ခမပေးနိုင်လို့ တောင်းပန်ထားရတယ်” ဟု ဆိုသည်။
ထိုစက်ရုံတွင် အလုပ်လုပ်နေသည့် အလုပ်သမားများသည် လုပ်အားခ အနေဖြင့် လုပ်သက် သုံးလ သမားများမှာ တနာရီ ၁၅၀ ကျပ်၊ ၆ လ သမားများမှာ တနာရီ ၁၆၀ ကျပ်နှင့် ၆ လနှင့် အထက်မှာ တနာရီ ၁၇၀ ကျပ် ရရှိကြပြီး ရှားပါး စရိတ် အနေဖြင့် တလ ၂ သောင်းကျပ် ပေးကာ အချိန်ပိုဆင်းပါက တနာရီ ၃၀၀ ကျပ်ပေးသည်ဟု သိရသည်။
Mater Sports စက်ရုံ အလုပ်သမားများသည် ဇွန်လ အတွက် လုပ်ခလစာ အမြန်ဆုံး ရရှိရေး၊ ဥပဒေ ဆန့်ကျင်သော အလုပ်ပိတ်ခြင်းကို အရေးယူပေးရေး၊ အလုပ်ပိတ် နစ်နာကြေး ခံစားခွင့်ရရှိရေး၊ ကိုးရီးယားပိုင် Mater Sports ကို နာမည်ပျက် စာရင်း ကြေညာပေးရေး၊ ကိုးရီးယားအလုပ်ရှင်ကို တရားစွဲဆိုရေး၊ အဂတိ လိုက်စားသော အစိုးရ ဝန်ထမ်းများကို အပေရးယူပေးရေး၊ နိုင်ငံတော်အစိုးရက အလုပ်သမား အခွင့်အရေး ကာကွယ် စောင့်ရှောက်ပေးရေးနှင့် Master Sports ဖိနပ်စက်ရုံ ကုန်အမှတ်တံဆိပ်ပါ ဖိနပ်များကို သပိတ်မှောက်ရေး ဆိုသည့် အချက်များကို လမ်းလျှောက်ဆန္ဒပြစဉ် ကြွေးကြော်ခဲ့ကြသည်။
၂၀၁၂ ခုနှစ် ဝန်းကျင်မှ စတင်ပြီး အလုပ်သမားများ လုပ်ခလစာ နည်းပါးမှုနှင့် အလုပ်သမား အခွင့်အရေး ဆုံးရှုံးမှု များကြောင့် ဆန္ဒပြခဲ့ကြပြီး ၂၀၁၃ ခုနှစ် အတွင်း အလုပ်ရှင်နှင့် အလုပ်သမား ပဋိပက္ခဖြစ်ပွားမှု အကြိမ်ရေ ၉၀၀ ကျော် ဖြစ်ခဲ့ကြောင်း သိရသည်။