ကမ္ဘာ့မှာ နိုင်ငံတကာအကြမ်းဖက်ဝါဒ မျက်နှာစာသစ်နဲ့ ရင်ဆိုင်နေရတဲ့အချိန်မျိုးမှာ မြန်မာပြည်မှာ လူမျိုးရေး အဓိကရုဏ်းတွေ ပေါ်ပေါက်နေတာဟာ နောက်ဆက်တွဲ အကျိုးဆက်တွေအတွက် အလွန်စိုးရိမ်စရာ ကောင်း ပါတယ်။
မြန်မာပြည်ဟာ နိုင်ငံတကာ အကြမ်းဖက်ဝါဒီ တွေရဲ့ ပစ်မှတ်ဖြစ်လာတာ ကြာခဲ့ပါပြီ။ ၁၉၇၀ ပြည့် လွန်နှစ် တွေမှာ ဘင်လာဒင်ဆရာလို့ သတ်မှတ်ကြတဲ့ ပါလက်စတိုင်း ဂျီဟတ်ဝါဒီ အဗ္ဗဒူလာ အာဇန်ရဲ့ ပစ်မှတ် နိုင်ငံဖြစ်ခဲ့ပြီး အခုနောက်ဆုံး အီရတ် ISIL ဆွန်နီသူပုန်ခေါင်းဆောင် (အစ္စလမ္မစ်နိုင်ငံတော်ရဲ့ အကြီးအကဲလို့ သူပုန်တွေက တင်မြှောက်ထားတဲ့) အာဘူဘာခါအယ်ဘာဟာဒီ မိန့်ခွန်းထဲအထိ မြန်မာ ပြည်က ပါဝင်နေပါတယ်။
အိုစမာဘင်လာဒင်ရဲ့ ဗီဒီယို မိန့်ခွန်းတွေ၊ အင်တာဗျူးတွေမှာလည်း မြန်မာပြည်မှာ မွတ်စလင်တွေ ချိုးနှိမ်ခံရတဲ့အကြောင်းပြောဆိုခဲ့တယ်။ ၂၀ဝ၁ ခုနှစ်မှာပြောတဲ့ မိန့်ခွန်းတခုမှာ အိုစမာဘင်လာဒင်က မြန်မာပြည်မှာ ဂျီဟတ်အဖွဲ့ခွဲ (jihadist cells) ရှိနေပြီလို့ဆိုခဲ့တယ်။ နောက်ပိုင်း အာဖဂန်နစ္စတန်မှာ အမေရိကန်တပ်တွေ ခေါင်းဆောင်တဲ့ မဟာမိတ် တွေရဲ့ စစ်ဆင်ရေးအတွင်း ဖမ်းမိတဲ့ ဗီဒီယိုတိပ်ခွေ တွေ၊ ကွန်ပျူတာတွေထဲမှာ မြန်မာပြည်ဟာ အယ် ကိုင်းဒါးအဖွဲ့ကို စာနာတဲ့ နိုင်ငံတွေ စာရင်းထဲမှာ ထည့်ထားတဲ့ မှတ်တမ်းတွေကို တွေ့ခဲ့ရတယ်။
၂၀၁၂ ခုနှစ်မှာ လူမျိုးရေး အဓိကရုဏ်းတွေ ခပ်စိပ်စိပ် ဖြစ်ခဲ့တဲ့နောက်မှာလည်း အယ်ကိုင်းဒါး၊ တာလီဘန်၊ ဂျမား အစ္စလာမီရာအဖွဲ့ (JI) အဖွဲ့တွေ က မွတ်စလင် ရိုဟင်ဂျာတွေအတွက် လက်စားချေမယ်လို့ ခြိမ်းခြောက် ခဲ့တယ်။ ၂၀၁၃ ခုနှစ် မေလမှာ ဂျကာတာမှာရှိတဲ့ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ကြံစည် တဲ့အမှုကို အင်ဒိုနီးရှားမှာ လုံခြုံရေးတပ်ဖွဲ့တွေက ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်။ ဩဂုတ်လမှာ ဂျကာတာ မှာရှိတဲ့ ဘုန်းကြီးကျောင်းကို တိုက်ခိုက်ခဲ့တယ်။
လတ်တလော အခြေအနေကိုကြည့်ရင် မန္တလေး အဓိကရုဏ်းငြိမ်သက်ခါစမှာပဲ မလေးရှားမှာ မြန်မာတွေ ဆက်တိုက်အသတ်ခံရတယ်။ ဇူလိုင်လ ပထမ ၁၀ ရက်အတွင်း အသတ်ခံရတဲ့ ၄ ယောက်ထဲမှာ ကွာလာလမ်ပူ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌလို လူမှုရေးကူညီပေးနေသူတွေကနေ သာမန် အလုပ် သမားလည်း ပါဝင်ပါတယ်။ ၂၀၁၃ ခုနှစ်ကလည်း လားရှိုးနဲ့ မိတ္ထီလာမြို့တွေမှာ လူမျိုးရေး အဓိကရုဏ်း ဖြစ်နေတဲ့အချိန်နဲ့ မရှေးမနှောင်း မှာဘဲ မလေးရှားမှာ အနည်းဆုံး မြန်မာ ၉ ဦးသေဆုံးခဲ့ပြီး ၁၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေ ကဆိုတယ်။
မေလထဲမှာလည်း ရခိုင်ပြည်နယ် မောင်တော နယ်စပ်မှာ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ ဆက်တိုက် တိုက်ခိုက်ခံခဲ့ရတယ်။ ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေး အကြမ်းဖက်အဖွဲ့ (RSO) လက်ချက် လို့ မြန်မာဘက်ကယူဆတယ်။ RSO အဖွဲ့ဟာ မြန်မာပြည်မှာရှိတဲ့ ရိုဟင်ဂျာတွေအရေးကို ဆောင်ရွက်ဖို့ စတင်ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်းမှာတော့ မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ မွတ်စလင်တွေကို စုစည်းပြီး သီးခြားနိုင်ငံထူထောင်မယ့် ရည်မှန်းချက်ရှိတဲ့ အဖွဲ့ လို့ ကျွမ်းကျင်သူတွေကဆိုကြတယ်။ ဘင်္ဂလားဒေ့ရှ် ဘက်မှာ ဂျမား အစ္စလာမီရာအဖွဲ့၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန် အခြေစိုက်တဲ့ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့တွေနဲ့ အဆက်အစပ်ရှိတဲ့အဖွဲ့လို့ဆိုတယ်။
အခုအထိတော့ မြန်မာပြည်က မွတ်စလင် အများစုကတော့ နိုင်ငံတကာ အကြမ်းဖက် အဖွဲ့ အစည်းတွေနဲ့ ဆက်စပ်မိရင် သူတို့အရေးမှာကောင်း ကျိုးထက် ဆိုးကျိုးပေးမယ်ဆိုတာကို နားလည်ထား ကြပုံရပါတယ်။ ဥပမာ အခုနောက်ဆုံး မန္တလေးမှာ လူမျိုးရေး အဓိကရုဏ်းမှာ ဂျီဟတ် (မြင့်မြတ်တဲ့စစ်ပွဲ) အတွက် လှုံ့ဆော် တရားဟောတဲ့ ပုဂ္ဂိုလ်တွေကို မန္တလေးမြို့ခံ မွတ်စလင်တွေကပဲ ထိန်းသိမ်းတားမြစ်ခဲ့ တဲ့သတင်းတွေ ကြားရပါတယ်။
မြန်မာပြည်မှာ မွတ်စလင်လူဦးရေက ၄ ရာခိုင် နှုန်းရှိမယ်လို့ ခန့်မှန်းကြတယ်။ လူဦးရေ စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်း (၁၁ သန်း) လောက်အထိ ရှိမယ်လို့ ခန့်မှန်းတာလည်း ရှိပါတယ်။ အများစုက ဆွန်နီတွေ ဖြစ်ပါတယ်။ မြန်မာပြည်မှာ အခြေချတဲ့ အချိန် ကာလအလိုက် ၄ မျိုးခွဲကြပါတယ်၊ ပထမအသုတ် က ၁၃ ရာစုလောက်က ကုန်သည်တွေ၊ တရားရုံးဝန် ထမ်းတွေ၊ ကြေးစား စစ်သားတွေအနေနဲ့ ဝင်ရောက် ခဲ့ကြပြီး သူတို့ကို ပသီတွေ၊ ကုလားတွေလို့ ခေါ်ပါ တယ်။ မြန်မာအမျိုးသမီးတွေနဲ့ အိမ်ထောင်ကျတယ်။ သူတို့ကဆင်းသက်လာသူတွေဟာ မြန်မာမွတ်စလင် တွေဖြစ်ပြီး မြန်မာ့လူ့အဖွဲ့အစည်းနဲ့ ယဉ်ကျေးမှုအရ၊ ဘာသာစကားအရ ပေါင်းစည်းသွားတဲ့ အုပ်စုတွေ ဖြစ်ပါတယ်။
ဒုတိယအုပ်စုကတော့ တရုတ်နွယ် မွတ်စလင် ပန်းသေးအုပ်စုတွေပါ။ ၁၃ ရာစုလောက်ကစပြီး မြန်မာပြည်မှာ အခြေချပြီး ၁၉ ရာစုမှာ တရုတ်ပြည် ယူနန်ပြည်နယ်ထဲက နိုင်ငံရေး မငြိမ်သက်မှုတွေကြောင့် အလုံးအရင်းနဲ့ ဝင်လာပြီး အခြေချခဲ့တဲ့အုပ်စု ပါ။ ပန်းသေးတွေကလည်း မြန်မာမွတ်စလင်တွေလိုပဲ မြန်မာ့လူ့အဖွဲ့အစည်းနဲ့ အကျွမ်းတဝင် သဟဇာတ ဖြစ်နေပြီ။
တတိယအုပ်စုကတော့ အင်္ဂလိပ် ကျူးကျော်စစ် သုံးကြိမ် (၁၈၂၆၊ ၁၈၅၂၊ ၁၈၈၅) နဲ့ အိန္ဒိယတိုက်ငယ် ကနေ ပါလာတဲ့ အုပ်စုတွေပါ။ စီးပွားရေးသမားတွေ၊ အရာရှိတွေ၊ အလုပ်သမားတွေအနေနဲ့ အလုံးအရင်း နဲ့ ဝင်ရောက် ခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ် မတိုင် ခင်အထိ မြန်မာပြည် မွတ်စလင်တွေထဲမှာအများဆုံး၊ ရန်ကုန်လူဦးရေမှာ လွှမ်းမိုးခဲ့တာ ဒီအုပ်စုပါပဲ။ ၁၉၄၂ ဂျပန်အဝင်နဲ့ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း တက်လာပြီး ပြည်သူပိုင်သိမ်းတာနဲ့ နိုင်ငံသားဥပဒေ သစ်ပြဋ္ဌာန်းလိုက်တဲ့ နောက်ပိုင်းမှာ တော်တော်များ များ မြန်မာပြည်ကို စွန့်ခွာခဲ့ကြပါတယ်။
နောက်ဆုံးအုပ်စုကတော့ ရိုဟင်ဂျာလို့ကြေညာ ကြတဲ့ အုပ်စုတွေပါ။ လူဦးရေ ၈ သိန်းလောက်အထိ ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ ရခိုင်ပြည်မှာ အများစု ဖြစ်ပြီး ရန်ကုန်မှာလည်း တော်တော်များများ ရှိပါတယ်။ တောင်အာရှ သားတွေဖြစ်ပြီး ဘင်္ဂါလီ ဘာသာစကား တမျိုးကို ပြောကြပါတယ်။ ဒီအုပ်စုကတော့ နာမည် သာမက သမိုင်း ကြောင်းနောက်ခံမှာလည်း အငြင်း ပွားစရာတွေ ရှိပါတယ်။ တချို့က ၁၅ ရာစုလောက် ရခိုင်ဘုရင်တွေခေတ်က တည်ရှိခဲ့တယ်လို့ ဆိုကြ တယ်။ အင်္ဂလိပ်ခေတ်မှာ မြန်မာပြည်ဘက်ကိုပြောင်း ရွှေ့အခြေချတဲ့ အုပ်စုတွေ၊ ၁၉၄၅ ခုနှစ် နောက်ပိုင်း နှစ်တွေကျမှ အရှေ့ပါကစ္စတန်က သဘာဝကပ် ဘေးကြောင့် ပြောင်းရွှေ့အခြေချ သူတွေ၊ ၁၉၇၁ ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးတိုက်ပွဲကာလမှာ စစ်ဘေး ရှောင် ဒုက္ခသည်တွေ စသဖြင့် မျိုးစုံပါဝင်ပါတယ်။
ဆိုခဲ့တဲ့အတိုင်း မွတ်စလင်အုပ်စု ၄ စုထဲက ပထမအုပ်စု ၂ ခုက လူများစုမြန်မာတွေနဲ့ တသား တည်းလိုဖြစ်ပြီး ကျန်တဲ့အုပ်စုတွေကတော့ သူစိမ်း တွေလိုဖြစ်နေတယ်။ မြန်မာပြည် လွတ်လပ်ရေးရတဲ့ အချိန်ကစလို့ မွတ်စလင်တွေဟာ နိုင်ငံသား အခွင့် အရေးတွေ တစတစနဲ့ ကန့်သတ်ခံခဲ့ရတယ်။
အထူးသဖြင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေအရ ပထမ အင်္ဂလိပ်ကျူးကျော်စစ် ၁၈၂၃ ခုနှစ်မတိုင်ခင် မြန်မာ့မြေပေါ်မှာအခြေချတဲ့ ဘိုးဘွား တွေရဲ့ အဆက်အနွယ်တွေကိုပဲ မြန်မာနိုင်ငံသား အဖြစ်သတ်မှတ်ပြီး နောက်မှဝင်လာတဲ့ မွတ်စလင် အုပ်စုတွေကို နိုင်ငံခြားသားအနေနဲ့ပဲ ခွဲခြားထား လိုက်ပါတယ်။ နိုင်ငံခြားသား တွေဟာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့မှာ စစ်မှုထမ်းခွင့် မရှိ၊ အစိုးရဌာနတွေမှာ တာဝန်ထမ်းဆောင် ခွင့်မပြုတော့ပါဘူး။ ခေတ် အလိုက်ပြောမယ်ဆိုရင် ဦးနုခေတ်မှာ မွတ်စလင်တွေ ကို အတိုင်းအတာတခုအထိ နေရာပေးခဲ့ပြီး ၁၉၆၂ စစ်တပ်အာဏာသိမ်းတဲ့နောက်ပိုင်း ကန့်သတ်လာ လိုက်တာ ၁၉၈၈ နောက်ပိုင်း စစ်အစိုးရခေတ်မှာ ပိုဆိုး သွားပါတယ်။
သမိုင်းမှာ ပြန်ကြည့်ရင်လည်း မြန်မာပြည်မှာ “ကုလား-ဗမာ အဓိကရုဏ်း” နဲ့ကင်းတဲ့ အချိန်ကာလ ရယ်လို့ ရှားပါတယ်။ မဖြစ်ဖူးတဲ့ ဒေသရယ်လို့လည်း ရှားရှားပါပါးပါပဲ။ လွတ်လပ်ရေးမရခင် ၁၉၃၀ တဝိုက်က မြန်မာပြည်မှာ “ကုလား” လူဦးရေတိုးပြီး စီးပွားရေးမှာ လွှမ်းမိုးလာတာကို အကြောင်းပြုလို့ အဓိကရုဏ်း စတင်ခဲ့တယ်။ နောက်ပိုင်းမှာတော့ လူမျိုးရေး အဓိကရုဏ်း ပြောင်းသွားပါတယ်။ ဦးနု အစိုးရခေတ်မှာရော၊ ဦးနေဝင်းခေတ်မှာပါ အဓိကရုဏ်းတွေဖြစ်ခဲ့တယ်။ ဗလီတွေ၊ ဈေး ဆိုင်တွေ၊ ကျောင်းတွေ၊ အိမ်တွေ ဖျက်ဆီးခံရတယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေအထိ ဆက်ရှိခဲ့ပါတယ်။
၁၉၈၈ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းတက် လာတဲ့ အချိန်ကစလို့ လုံခြုံရေးကို ကြပ်ကြပ်မတ်မတ် စောင့်ကြည့်ခဲ့ပေမယ့် အဓိကရုဏ်းတွေက ရပ်မသွား ပါဘူး။ တချို့ကိစ္စတွေမှာ အစိုးရက လူတွေကိုအာရုံ လွှဲချင်လို့ တမင်ကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့တယ် လို့ လေ့လာသူတွေက ဆိုကြတယ်။ ဥပမာအနေနဲ့ မန္တလေးမြို့ထဲကို တရုတ်တွေ အလုံးအရင်းနဲ့ ဝင်နေ တာကို မကျေမနပ်ဖြစ်လာတာကိုအာရုံလွှဲဖို့ မွတ်စလင် မုန်းတီးရေးနဲ့ လှည့်တိုက်ပေးခဲ့တာမျိုး ၁၉၉၇ ခုနှစ် မှာလည်း ဖြစ်ခဲ့ပါတယ်။
ဒီလိုပဲ ၂၀ဝ၁ ခုနှစ်မှာလည်း စစ်တွေ၊ တောင်ငူ၊ ပြည်မြို့တို့မှာ အဓိကရုဏ်းတွေ ပေါ်ပေါက်ခဲ့တယ်။ မွတ်စလင်တွေပိုင်တဲ့ ပစ္စည်းတွေ ဖျက်ဆီးခံပေမယ့် ရက်ကြာတဲ့အထိ အစိုးရက မတားဆီးပေးခဲ့ပါဘူး။ ဖြစ်စဉ်တိုင်း အစိုးရ ထောက်လှမ်းရေးတွေ၊ အစိုးရ ကျောထောက်နောက်ခံ ပေးထားတဲ့အဖွဲ့အစည်းတွေ က ကြားကဝင်ဆွပေးတာမျိုး၊ ဘုန်းကြီးယောင်ဆောင် ပြီး လှုံ့ဆော်တာမျိုး ရှိခဲ့တယ်လို့ စွပ်စွဲတာတွေလည်း ရှိခဲ့တယ်။
နိုင်ငံတကာ အခြေအနေကြောင့် ဖြစ်လာတဲ့ ဂယက်တွေလည်း ရှိပါတယ်၊ ဥပမာ ၂၀ဝ၁ ခုနှစ် မတ်လ လောက်မှာ အာဖဂန်နစ္စတန်မှာ တာလီဘန် တွေက ဗုဒ္ဓရုပ်တုကို ဖျက်ဆီးခဲ့တဲ့အချိန်မှာ ဗုဒ္ဓ ဘာသာဝင်တွေက စိုးရိမ်သွားတယ်။ အဲဒီအဖြစ် အပျက် ရုပ်ပုံတွေကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းရဲ့ လူတွေ ကဖြန့်ဝေပြီး အမုန်းမီးကို ဆွပေးခဲ့တာမျိုးလည်း ရှိတယ်။ မွတ်စလင်တွေဟာ မြန်မာအမျိုးသမီးတွေကိုယူပြီး မြန်မာပြည်ကို အစ္စလာမ္မစ်နိုင်ငံ ပြောင်းပစ်မယ်ဆိုတဲ့ ဝါဒဖြန့်မှုတွေ ကလည်း တလျှောက်လုံး ရှိခဲ့ပါတယ်။ မွတ်စလင် ဆန့်ကျင်ရေး စာရွက်စာတမ်းတွေ၊ တရားဟောတဲ့ တရားတိပ်ခွေတွေလည်း တက္ကသိုလ်နယ်မြေ ကနေ ကျေးလက်တောရွာတွေအထိ ပျံ့နှံ့ခဲ့ပါတယ်။ ၂၀ဝ၁ စက်တင်ဘာအကြမ်းဖက်မှု နောက်ပိုင်းမှာ အကြမ်း ဖက်ဝါဒ ဆန့်ကျင်ရေး စစ်ပွဲနဲ့အတူ မြန်မာပြည်မှာ အစွန်းရောက်အကြမ်းဖက်ဝါဒအန္တရာယ်ကို စိုးရိမ်မှု တွေမြင့်တက်ခဲ့ပြီး ပြည်တွင်းက မွတ်စလင်တွေ အပေါ် မယုံသင်္ကာစိတ်တွေ ပိုဆိုးသွားခဲ့တယ်။
မြန်မာပြည်မှာ မွတ်စလင်သူပုန်ထမှုကိုကြည့်ရင် ၁၉၄၅ လောက်အထိ ခြေရာပြန်ကောက်ရပါမယ်။ ရခိုင်ဒေသ မှာ မွတ်စလင် သူပုန်အုပ်စုအမျိုးမျိုး ပေါ်လာလိုက်၊ ပျောက်သွားလိုက်ပါပဲ။ ဒုတိယကမ္ဘာ စစ်အပြီးမှာ တချို့ မွတ်စလင်တွေက ရခိုင်ပြည်နယ် ထဲက အစိတ်အပိုင်းတွေကို အဲဒီအချိန်က အသစ် ထူထောင်ခါစ အရှေ့ ပါကစ္စတန်နဲ့ ပေါင်းစည်းရေး အတွက် သူပုန်ထခဲ့ကြတယ်။
မူဂျာဟစ်လို့ခေါ်တဲ့အဖွဲ့က ရခိုင်ပြည်နယ်ထဲက ကုလားတန်မြစ်နဲ့ မေယုမြစ် (မယူမြစ်) တွေကြားက နယ်မြေ ကို လွတ်လပ်တဲ့ မွတ်စလင် နိုင်ငံတော်ကို ထူထောင်ချင်တယ်။ လွတ်လပ်ရေးရခါစမှာ ဗဟို အစိုးရက တိုင်းရင်း သား သူပုန်တွေဘက်ကို ဖိတိုက် နေရတဲ့အချိန်မှာ မူဂျာဟစ် သူပုန်တွေ အင်အားကြီး ထွားခဲ့တယ်။
၁၉၅၀ ပြည့်နှောင်းပိုင်းမှာ မူဂျာဟစ်သူပုန်အဖွဲ့ ပြိုကွဲသွားခဲ့တဲ့နောက်ပိုင်း မွတ်စလင် သူပုန်တွေ အဖွဲ့မျိုးစုံ ပေါ်ပေါက်ခဲ့ပေမယ့် အင်အားမကောင်း တော့ပါဘူး။ ဒီထဲက ၁၉၆၃ မှာ ပေါ်ပေါက်ခဲ့တဲ့ ရိုဟင်ဂျာ လွတ်လပ်ရေး တပ် (RIF)၊ ၁၉၇၄ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ရိုဟင်ဂျာ မျိုးချစ်တပ်ဦး (RPF) တို့မှာ မူဂျာဟစ် သူပုန်ဟောင်းတွေ၊ အဲဒီအချိန်က မွတ်စလင် သွေးစည်းညီညွတ်ရေး လှုပ်ရှားမှု (Pan-Islamic Movement) ကို အားကျတဲ့ လူတွေနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်းနှစ်တွေမှာလည်း မွတ်စလင် သူပုန် အဖွဲ့ငယ်မျိုးစုံ ပေါ်ပေါက်ခဲ့ပါတယ်။ မေလထဲမှာ လည်း ရခိုင်ပြည်နယ် မောင်တောနယ်စပ်မှာ မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့တဲ့ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး အကြမ်းဖက်အဖွဲ့ (RSO) ကတော့ ရိုဟင်ဂျာမျိုးချစ်တပ်ဦး (RPF) အဖွဲ့ကနေ ခွဲထွက်လာတဲ့ အဖွဲ့ဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။
မွတ်စလင် သူပုန်တပ်ဖွဲ့တွေ ပေါ်ပေါက်တဲ့ သမိုင်းကိုကြည့်ရင် မွတ်စလင်တွေ ဖိနှိပ်ခံရမှုရဲ့ နောက်ဆက်တွဲ ဖြစ်နေတာကို တွေ့နိုင်ပါတယ်။ ဥပမာ ၁၉၇၀ တဝိုက်က အထက်မြန်မာပြည်မှာ မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေရဲ့ နောက် ဆက်တွဲအဖြစ် မွတ်စလင်တွေကိုစည်းရုံးပြီး ပုန်ကန် ဖို့ရည်ရွယ်ချက်နဲ့ မန္တလေးမှာပဲ (Ommat Liberation Front) ဆိုတဲ့အဖွဲ့ ပေါ်ခဲ့တယ်။ ၁၉၈၀ တဝိုက်က မော်လမြိုင်၊ မုတ္တမ၊ ဧရာဝတီ မြစ်ဝကျွန်း ပေါ်ဒေသမှာ ကုလား-ဗမာ အဓိကရုဏ်းတွေရဲ့ အဆက်အဖြစ် ကော်သူလေး မွတ်စလင်လွတ်မြောက် ရေးတပ် (KMLF) ပေါ်ခဲ့တယ်။ လူအင်အား ၂၀ဝ လောက်နဲ့ ထိုင်းမြန်မာ နယ်စပ်မှာ လှုပ်ရှားခဲ့ပြီး ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ကလည်း အထောက်အပံ့ပေးခဲ့တယ်။
ဒီနေ့အထိ ကျန်နေတဲ့အဖွဲ့က ရိုဟင်ဂျာ သွေး စည်းညီညွတ်ရေး အကြမ်းဖက်အဖွဲ့ (RSO) ဖြစ်ပါ တယ်။ ဒီအဖွဲ့ဟာ နိုင်ငံတကာ အကြမ်းဖက် အဖွဲ့ အစည်းတွေနဲ့ အချိတ်အဆက်ရှိတယ်လို့ ကျွမ်းကျင် သူတွေကဆိုကြတယ်။ အာဖဂန်နစ္စတန်မှာ အမေရိကန် ခေါင်းဆောင်တဲ့ မဟာမိတ်တပ်တွေက ဖမ်းမိခဲ့တဲ့ တာလီဘန် တပ်သားတွေထဲမှာ (RSO) အဖွဲ့ဝင် တချို့ပါဝင်နေတယ်။ မြန်မာပြည်မှာ တိုက်ပွဲမဝင်ခင် မှာ အာဖဂန်နစ္စတန်မှာ စစ်ရေးအတွေ့အကြုံ ယူနေ တယ်လို့ဆိုတယ်။
ဒီမတိုင်ခင် နှစ်တွေကတည်းက RSO အဖွဲ့ကို ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်က စခန်းတွေမှာ တာလီဘန် တွေက စစ်ရေး လေ့ကျင့်ပေးခဲ့ပုံရတဲ့ ဗီဒီယိုမှတ်တမ်းတွေလည်း ဖမ်းမိခဲ့တယ်။ ဒီအဖြစ် အပျက်တွေနဲ့ အိုစမာဘင်လာဒင် မိန့်ခွန်းထဲမှာပါတဲ့ မြန်မာပြည်မှာ ဂျီဟတ်အဖွဲ့ခွဲ (jihadist cells) ရှိနေပြီဆိုတဲ့အချက်ကို ဆက်စပ်စဉ်းစားနိုင်ပါတယ်။
အရှေ့တောင်အာရှဒေသထဲမှာ အတည်မပြုနိုင် တဲ့ မြင့်မြတ်သော စစ်သည်တော်များ အဖွဲ့ချုပ်ဆိုတဲ့ အဖွဲ့ကိုအစွန်းရောက် မွတ်စလင်တွေကို ဖွဲ့စည်း ထားပြီးဒီအဖွဲ့ရဲ့အစည်းအဝေးတွေ (၁၉၉၉၊၂၀ဝဝ) မှာ မြန်မာပြည်က ကိုယ်စားလှယ်တက်ရောက်ခဲ့တဲ့ မှတ်တမ်းတွေလည်း ရှိတယ်လို့ဆိုတယ်။ အရှေ့တောင်အာရှ ဒေသက အယ်ကိုင်းဒါး ခေါင်းဆောင် တယောက်ဖြစ်တဲ့ အိုမာအယ်ဖာရွတ်ရဲ့ ဖြောင့်ချက် တွေထဲမှာ အယ်ကိုင်းဒါးနဲ့နွှယ်တဲ့ ဂျမားအစ္စလာမီရာ (JI) အဖွဲ့ဟာ မြန်မာပြည်ဘက်က မွတ်စလင် သူပုန်တွေနဲ့ ချိတ်ဆက်ဖို့ ကြိုးစားခဲ့တယ်ဆိုတာပါ တယ်။
အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေး အရာရှိတွေ၊ သတင်းမီဒီယာတွေမှာလည်း မြန်မာပြည်မှာ ဂျီဟတ် အဖွဲ့ခွဲ (jihadist cells) ရှိနိုင်တဲ့ ခန့်မှန်းချက်တွေ အတော်များများ ရှိပါတယ်။ ခိုင်လုံတဲ့ အထောက် အထား မရှိပေမယ့် ပေါ့လျော့သင့်တဲ့ ကိစ္စတွေတော့ မဟုတ်ပါဘူး။ တဖက်မှာ ဒီလိုကိစ္စမျိုးတွေကို အကောက်အယူ လွဲမှားတာမျိုး၊ လွန်လွန်ကျူးကျူး တုံ့ပြန်တာမျိုးဟာ အန္တရာယ်ရှိပါတယ်။ အစွန်း ရောက် အကြမ်းဖက်သမားတွေနဲ့ ရိုးရိုးသား သား သာမန်မွတ်စလင်တွေကိုလည်း ခွဲခြားဖို့လိုပါတယ်။
မြန်မာပြည်မှာ ခေတ်အဆက်ဆက် မွတ်စလင် သူပုန်ထမှုတွေ အင်အားကြီးထွား မလာတာဟာ ငြိမ်းချမ်းစွာ နေလိုတဲ့ မွတ်စလင် လူများစုကြီးနဲ့ ဆိုင် ပါတယ်။ တချိန်တည်းမှာ ဘယ်လူမျိုး၊ ဘယ်တိုင်းရင်း သားမှာမဆို အစွန်းရောက်အုပ်စုတွေ ရှိနိုင်တာကို လည်း သတိထားဖို့လိုပါတယ်။ မွတ်စလင်တွေမှာရော ဗုဒ္ဓဘာသာဝင် တွေမှာလည်း ရှိနိုင်ပါတယ်၊ ရှိနေပါ တယ်။
ပြဿနာကို မီးမွှေးတဲ့ လက်တဆုပ်စာ အစွန်း ရောက်တွေကို အင်အားမကြီးထွားလာအောင် ပြတ်ပြတ် သားသား တားဆီးဖို့လိုပါတယ်။ တဖက်မှာ သူတို့ကိုစာနာသူတွေ၊ ပူးပေါင်းလိုသူတွေ ပိုများလာနိုင်တဲ့ လုပ်ရပ်မျိုးတွေကို ရှောင်ရှားကြဖို့ လိုပါတယ်။
ဒီနေ့ နိုင်ငံတကာ အခြေအနေကိုကြည့်ရင် လောလောဆယ် အီရတ်နဲ့ ဆီရီးယား နယ်စပ်မှာ ဆွန်နီသူပုန်တွေ အင်အားကြီးထွားလာတာနဲ့အတူ အမေရိကန်နဲ့ ဥရောပ အနောက်နိုင်ငံတွေသာမက မလေးရှား၊ အင်ဒိုနီးရှား စတဲ့ ဒေသတွင်းနိုင်ငံတွေမှာ လည်း အစွန်းရောက်သမားတွေရဲ့ အန္တရာယ်အပေါ် စိုးရိမ်မှုတွေ မြင့်တက်နေပါ တယ်။ ကမ္ဘာ့အရပ်ရပ်က ဆွန်နီသူပုန်တွေဆီကိုစာနာသူတွေကလည်း အီရတ် ရှေ့တန်းစစ်မြေပြင်အထိသွားပြီး စစ်ကူတိုက်ပေးနေ ကြတာလည်း ရှိပါတယ်။ ဒီထဲမှာ အယ်လ်ကိုင်းဒါးနဲ့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ဖူးတဲ့ RSO အဖွဲ့ ဝင်တွေ မပါ ဝင်ဘူးလို့ ဘယ်သူမှမပြောနိုင်ပါဘူး။ ဒီတိုက်ခိုက် ရေးသမားတွေ မိခင်တိုင်းပြည်ဆီ ပြန်လာရင် အချိန် မရွေး အန္တရာယ်ပေးနိုင်တာကို သက်ဆိုင်ရာ အစိုးရ တွေက ခေါင်းခဲပြီး ကြိုတင်ကာကွယ်နိုင်ဖို့ လုံခြုံရေး အစီအမံသစ်တွေ လုပ်နေကြတယ်။
ဒီအချိန်မျိုးမှာ မြန်မာပြည်မှာတော့ နိုင်ငံရေး အောက်လမ်းသမားတွေနဲ့ မျက်ကန်းမျိုးချစ်တွေက တမင်ဖန်တီး ပုံရတဲ့ လူမျိုးရေး အဓိကရုဏ်းတွေ ပေါ်ပေါက်နေတယ်။ အပြင်ဘက်က အန္တရာယ်ကို ဖိတ်ခေါ်ရုံသာမက ပြည်တွင်းက အစွန်းရောက် သမားတွေကို အင်အားစုရလွယ်အောင် အခြေအနေ တွေဖန်တီးပေးရာ ရောက် တယ်ဆိုတာကို မျက်ကန်း တစ္ဆေမကြောက်သမားတွေ သိမှသိပါလေစ။
(ညီစောလွင်သည် မြန်မာ့အရေးနှင့် ကမ္ဘာ့ရေးရာ သုံးသပ်ချက်များကို ရေးသားနေသူ ဖြစ်သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လတ်တလော နေထိုင်သည်။)