အင်္ဂလိပ်ခေတ်က ဖြစ်ပွားခဲ့တဲ့ ကုလား – ဗမာ အဓိကရုဏ်းအကြောင်းကို ကျနော်ငယ်ငယ်က အမေပြောပြလို့ ကြားဖူးတယ်။ “ရန်ကုန်မှာတော့ ဗမာတွေနှင့်တန်းတူ သူတို့လူမျိုးတွေရှိတော့ ရိုက်ကြနှက်ကြ၊ မီးရှို့ကြတာမျိုး ရှိမှာပေါ့။ ဒါပေမယ့် တို့မန္တလေးမှာက အဲဒါမျိုးမရှိဘူးတဲ့” အဲ့လို အမေကပြောလို့ ကျနော်က သိပ်နားမလည်တော့ ပြန်မေးရတယ်၊ အမေက ပြန်ရှင်းပြတယ်။
“ဟဲ့ – နိုင်ငံရေးနားလည်တဲ့ သူတွေကတော့ အဲဒီအချိန်အုပ်ချုပ်နေတဲ့ အင်္ဂလိပ်အစိုးရက သူတို့ပြန်ပြီး မပုန်ကန် နိုင်အောင် ပြဿနာရှာပြီး လမ်းလွှဲတာ၊ ကိုယ့်အချင်းချင်း ပြဿနာမဖြစ်ကြနဲ့၊ အားလုံးနင်းပြားတွေချည်းပဲ၊ ဘဝတူတွေလို့ ပြောကြ ဟောကြတယ်။ အစပိုင်းမှာတော့ ရန်ကုန်မှာ ရိုက်ကြနှက်ကြတာပဲ၊ မကြောပါဘူး သဘောပေါက်ပြီး ငြိမ်းအေး သွားကြတာပါ” လို့ အမေကပြောတယ်။ အနားမှာထိုင်နေတဲ့ အဖေက “အေးလေ ဒါကြောင့် ဆရာမှိုင်းကြီးက ကုလား အရေးနဲ့ ဓားမသွေးလောက်ပါဘူးလို့ စာစပ်ခဲ့တာပေါ့” လို့ ဝင်ပြောတယ်။ ကျနော်က မန္တလေးမှာက ဘာလို့မဖြစ်တာတုန်း အမေ အဲဒါပြောပါဦးလို့ ပူဆာတယ်။
“သြော် မန္တလေးမှာက မြို့တည်ကတည်းက အမရပူရကနေ အတူပါလာကြတာ၊ ကသည်းတွေရော၊ ပသီတွေရော၊ ယိုးဒယား တွေရော၊ တရုတ်တွေရော။ မြို့တည်ပြီးတော့လည်း လက်ထက်တော်ကြီး ကာလမှာ ဘုန်းရိပ်ကံရိပ် ခိုလှုံပြီး တမြို့တည်းနေ၊ တရေတည်းသောက်ခဲ့ကြတာ မင်းတုန်းမင်းကြီးက ဘာသာရေးကိုင်းရှိုင်းတယ်။ မြို့ထဲမြို့ပြင် ဘုန်းကြီးကျောင်း ကြီးတွေဆောက်တယ်။ ဘုရားတည်တယ်၊ ပဉ္စမ သင်္ဂါယနာတင်တယ်။ ဒီလိုပဲ သူ့မြင်းတပ်မှာ အမှုထမ်းတဲ့ ပန်းသေးစစ်ဗိုလ်ကို သူ့အပျိုတော်နဲ့ ပေးစားပြီး ချီးမြှောက်တယ်။ ပန်းသေးတွေ အတွက်လည်း ဝတ်ပြု ဗလီ ဆောက်စေတယ်။ ချီးမြှင့်တယ်။ သူ့အမြောက်တပ်သားတွေ ဆင်ကကြိုး၊ မြင်းကကြိုး ချုပ်လုပ်ကြသူတွေ အစ္စလမ် ဘာသာဝင်တွေလည်း နေရာချထားပေးတယ်။ ဗလီတွေ လှူဒါန်းပေးတယ်။ မင်းတုန်းမင်း ခေတ်မှာရော၊ သီပေါမင်း လက်ထက်မှာရော အကောက်ဝန်မင်း အဖြစ် အမှုထမ်းခွင့်ပေးသည်။ သူက အစ္စလမ်ဘာသာဝင်ပဲ၊ အဲဒီ အကောက် ဝန်မင်းက ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတိုက်ကြီးလည်း ဆောက်ပြီးလှူခဲ့တာ၊ ဒေးဝန်းရပ်မှာ အကောက်ဝန်မင်း တိုက်တဲ့။ ရှင်ဘုရင်တွေရှိတဲ့ လက်ထက်တော်ကြီး လက်ထက်တော်လေး ကာလမှာရော၊ ထီးရိပ်နန်းရိပ်၊ ဘုန်းရိပ်ကံရိပ်မှာ ဘာသာလူမျိုး မခွဲခြားကြဘူး၊ အတူနေခဲ့ကြတာ။ ပါတော်မူပြီးနောက်မှာရော … သူ့ကျွန်ဖြစ်ရသူချည်းပဲလေ။ ဒါပေမယ့် ဘာသာ မခြားဘဲ၊ ခံစားချက်ချင်းတူတာက သူ့ကျွန်အောက်က လွတ်ချင်းကြတာ ချည်းပါပဲ။ ဘာသာစကား၊ ရိုးရာ ယဉ်ကျေးမှုနဲ့ မန္တလေးချစ်စိတ်ကို ထိန်းသိမ်းခဲ့ကြသူချည်းပါ။ ဘုရင့်ခေတ်ကနေ သူ့ကျွန်ခေတ်အထိ မြန်မာ့မဟာဂီတကို ထိန်းသိမ်းခဲ့တဲ့ စောင်းဆရာကြီး ဒေဝဣန္ဒာ မောင်မောင်ကြီးဆီက ပညာအမွေကို သားသမီးလို ပြုစုရယူခဲ့တဲ့ စောင်း မောင်မောင်လတ်ဆိုတာ အစ္စလမ်ဘာသာဝင်။ သူ့ဆရာဒေဝဣန္ဒာ မောင်မောင်ကြီး အရွယ်အိုတော့ ဘုန်းကြီးဝတ်ကြီးနဲ့ မောင်မောင်လတ်အိမ်၊ မောင်မောင်လတ် လက်ပေါ်မှာပဲ ခေါင်းချသွားတာတဲ့။ ဒီတော့ တို့မြို့မှာက ဘယ်သူက ဘယ်ဘာသာဝင် ဆိုပြီး ခွဲခြားတာမရှိခဲ့ဘူး။ အားလုံး တမြို့တည်းသားချည်းပဲ၊ သူ့ဘာသာရေးပွဲမှာလည်း ကိုယ်ဝင်နွှဲ၊ ကိုယ့် ဘုရားကျောင်းကန်လည်း သူတို့ တရိုတသေ ဝင်ထွက်သွားလာ၊ ဘုန်းကြီးဆွမ်းလောင်း ဒီလိုနေခဲ့ကြတာ။ ဒီတော့ အဲဒီ အင်္ဂလိပ်ခေတ် ကုလား – ဗမာ အဓိကရုဏ်းဆိုတာ မန္တလေးမှာ စတိပဲ ဖြစ်ခဲ့တာ။ ဘုန်းကြီးတွေကိုယ်တိုင် သူတို့ဗလီတွေ၊ သူတို့ အိုးအိမ်တွေ စောင့်ရှောက်ခဲ့တာ၊ စစ်ကြီးဖြစ်တော့လည်း ဘုန်းကြီးတွေကပဲ ကယ်တယ်။ ဘုန်းကြီးကျောင်းတွေမှာပဲ ခိုလှုံကြရတာ။ ဒါကြောင့် ကျေးဇူးကြီးလွန်းလို့တဲ့လေ။ ကထိန်ရာသီ ရောက်ရင်၊ ဈေးချိုလည်း ဈေးချိုအလျောက်၊ အရပ်ထဲလည်း အရပ်ထဲအလျောက် သူတို့ကလည်း ပဒေသာပင် သီးပြီး လှူကြတန်းကြတာ၊ ဒီအစဉ်အလာက မန္တလေးမှာ တလျှောက်လုံး ထွန်းကားခဲ့တာ။
ကျနော် အမေ့စကားကို နားထောင်ပြီး ရင်ထဲမှာလည်း ကြည်နူးနေမိတယ်။ နောက် ဒေါ်ဒေါ်လူထုဒေါ်အမာရဲ့ “မန္တလေးသူ မန္တလေးသားများ” စာအုပ်ထဲက ဈေးချိုက ပန်းကန်သည် ဒေါ်မြအကြောင်း၊ ဗန္ဓုလ သင်္ကန်းတိုက် ပိုင်ရှင် ဦးဆိုင် အကြောင်း၊ ကျားဘငြိမ်း အကြောင်းတွေ ဖတ်ရတော့ “မန္တလေးမှာ ဗုဒ္ဓဘာသာအထွန်းကားဆုံး” ဆိုတာနဲ့အတူ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ တညီတညွတ်တည်း နေထိုင်ခဲ့ကြတဲ့ အစဉ်အလာတောင် ခိုင်ခိုင်မာမာ တည်ရှိတယ်ဆိုတာ သဘောပေါက်ပြီး “မန္တလေး” အတွက် ဂုဏ်ယူမိတယ်။
မန္တလေး သမိုင်းမှာလည်း ပြန်ကြည့်ပါဦး ၁၃၀၀ ပြည့် အရေးတော်ပုံမှာ ရဟန်းသံဃာများ ဦးဆောင်ပြီး ကျောင်းသား ပြည်သူ ရဟန်းရှင်လူ ညီညွတ်ခဲ့ကြပြီး အစိုးရရဲ့ ဖြိုခွင်းမှုကြောင့် ကျဆုံးခဲ့ရတဲ့ အာဇာနည် ၁၇ ဦးမှာ အစ္စလမ် ဘာသာဝင်တွေလည်း ပါဝင်ခဲ့တာပဲ။ ယနေ့မြင်တွေ့နေရတဲ့ “မန္တလေးတက္ကသိုလ်” ကြီး ခံ့ခံ့ညားညားနဲ့ တည်ရှိနေခြင်းရဲ့ ကနဦး လုံ့လဥဿဟဟာ အစ္စလမ် ဘာသာဝင်ဆရာကြီး ဦးရာဇတ်ပဲ မဟုတ်ပါလား။ ဆရာကြီးနဲ့အတူ မန္တလေးမှာ တက္ကသိုလ် ဖွင့်လှစ်ခွင့် ရရှိရေး ဆောင်ရွက်ရာမှာ နောက်ကွယ်က အားပေး ကူညီပေးနေတာက ရသေ့ကြီး ဦးခန္တီပါ၊ ဒီလို ညီညွတ်လက်တွဲပြီး မန္တလေးမြို့ကြီး အကျိုးဆောင်ရွက်ခဲ့ကြတာပါ။
မန္တလေးမှာ ဖြစ်ပွားခဲ့တဲ့ မီးဘေး အသီးသီးဆိုရင်လည်း မီးသေးခြင်း၊ ကြီးခြင်းမဟူ “မီးတဲ့ဟေ့” ဆိုရင် အနီးဆုံး ဘုန်းကြီး ကျောင်းတိုက်ကြီးတွေက သာမဏေက အစ၊ သံဃာအားလုံး ဧကသီ ပုခုံးသိုင်းပြီး ချက်ချင်း ရောက်လာတာပါပဲ။ မီးသတ် ဆိုတာ ဘုန်းကြီးသံဃာ နောက်မှရောက်ကြတာပါ။ မီးလောင်ရာမှာ သင်းပိုင်ခါးထောင်းကျိုက်ပြီး သက်စွန့်ဆံဖျား ငြှိမ်းသတ် ကြတယ်။ ဘယ်ဘာသာဝင်အိမ်မို့ မငြှိမ်းဘူးဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ဘာသာခြားတွေရဲ့ ဝင်းကြီးတွေ လောင်လည်း ဒီသံဃာတော်တွေ ငြှိမ်းသတ်တာပါ။ အသက် အိုးအိမ်ကို စောင့်ရှောက်တာပါ။ မီးငြိမ်းပြီး မီးလောင်ပြင်မှာပင် တောကြောင် တွေရဲ့ရန်က ကာကွယ်ရအောင် ဒီသံဃာများက ဆွမ်းတနပ်ပဲစားပြီး ၂၄ နာရီပတ်လုံး မီးလောင်ပြင်ကို စောင့်ရှောက် ကြတယ်။ မီးဘေးဒုက္ခသည်တွေကို ကျောင်းတိုက်ကြီးတွေဆီ ခိုလှုံစေပြီး ကျွေးမွေး စောင့်ရှောက်ရုံမက အဝတ်အထည်၊ အိမ်သုံးပစ္စည်းများပင် စွန့်ကျဲတော်မူခဲ့ကြတယ်။
အထူးခြားဆုံးက ၁၉၈၈ အရေးတော်ပုံကြီး ကာလမှာ အစိုးရရဲ့ အုပ်ချုပ်မှု ယန္တရား၊ တရားစီရင်ရေး ယန္တရား၊ လုံခြုံရေး ယန္တရားတွေ မန္တလေးမှာ ရပ်ဆိုင်းသွားတယ်။ ပျက်သွားတယ်ပဲ ဆိုကြပါစို့။ ဒီအချိန် အစစ စားဝတ်နေရေး ကျပ်တည်းဆင်းရဲ ဒုက္ခရောက်ကြတဲ့အချိန် ပျက်စီးမယ်၊ ဖျတ်ဆီးမယ်၊ ခိုးဆိုးလုယက် တိုက်ခိုက်မယ်ဆို အလွယ်လေးပေါ့။ ဒါပေမယ့် ဆရာတော် သံဃာတော်တွေ ကြီးကြပ်ပြီး ဘာသာပေါင်းစုံ အဖွဲ့အစည်းတွေက မြို့ကို ကာကွယ်စောင့်ရှောက်ခဲ့ကြတယ်။ ကာကွယ်စောင့်ရှောက်ရုံတင်လား၊ မဟုတ်ပါဘူး။ စစ်ကြောင်းကြီးတွေဖွဲ့၊ စနစ်တကျနဲ့ နိုင်ငံရေး ရည်မှန်းချက်ကိုလည်း ငြိမ်းချမ်းစွာ စည်းကမ်းသေဝပ်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြတယ်။ မြို့မှာ သွေးတစက်မျှမကျ၊ အပ်တိုတချောင်းပင် မပျောက်ရှခဲ့ပါဘူး။ ဒီအချိန် တောကြောင် လက်ခမောင်းခတ်ဖို့ ကြံရွယ်ကာ ထေရဝါဒ ဗုဒဘာသာနှင့် ဆန့်ကျင်ပြီး လူမှုရေး ရှုပ်ထွေးခဲ့သူ သင်္ကန်းဝတ်တယောက်ကိုပဲ အရေးယူဖို့ ဖမ်းဆီးစဉ် ကျောင်းကို မီးရှို့ထွက်ပြေးပြီး ခုခံတိုက်ခိုက်လို့ ဖမ်းဆီးရာမှာ အသကင်ဆုံးတာ တခုပဲရှိခဲ့တယ်။ စစ်တပ်က အာဏာသိမ်းချိန်အထိ တမြို့လုံး ဘေးကင်းရှင်းခဲ့တယ်။ တမြို့လုံး မြို့သူ မြို့သား အချင်းချင်း ညီညွတ်ခဲ့ကြတယ်။
ဒီအစဉ်အလာတွေက ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးမှာလည်း ဆက်လက်ထိန်းသိမ်းပြီး မန္တလေးဂုဏ်ရောင် ပြောင်မြောက်စေခဲ့တာပါပဲ။ နောက်ဆုံး ၂၀၁၃ မတ်လဆန်း မန္တလေးကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လာရောက်ဟောပြောစဉ်ကပင်လျှင် မန္တလေး ရဟန်းသံဃာထုကြီးက မြို့လူထုကို ရှေ့ဆောင်ကာ လာရောက်အားပေးချီးမြှင့်ခဲ့ကြတယ်။ ဒါဟာ မန္တလေးရဲ့ အစဉ်အလာကောင်းတွေပါ။ ဂုဏ်ယူ မြတ်နိုးဖွယ်ရာတွေပါ။ စိတ်ကြည်နူး ကျေနပ်ဖွယ်ရာတွေပါ။
ဒါပေမယ့် . . .။
၂၀၁၃ ခုနှစ် နှောင်းပိုင်းနှင့် ၂၀၁၄ နှစ်ဆန်းပိုင်းကစပြီး မန္တလေးသူ မန္တလေးသား အချင်းချင်းကြား သွေးကွဲစေတဲ့ စကားလုံးတွေ၊ အကြောင်းအရာတွေ ကျလာတယ်။ ရခိုင် အရေးအခင်း၊ မီတ္ထီလာ အရေးအခင်း ပဋိက္ခတွေကလည်း မန္တလေးရဲ့ အစဉ်အလာ ညီညွတ်မှုကို အားစမ်းချင်လာတယ်။ ဒီ့အရင်က အားစမ်း၊ ထိုးနှဲ့၊ ထိုးနှက်တိုင်း မန္တလေးက ရဟန်းပြည်သူ ကြည်ဖြူ ညီညွတ်စွာ ကျော်ဖြတ်နိုင်ခဲ့ကြတယ်။ အဓမ္မကို ဓမ္မနဲ့ အနိုင်ယူနိုင်ခဲ့ကြတယ်။
အခု . . .။
မန္တလေးမှာ မန္တလေးရဲ့ အစဉ်အလာ၊ မန္တလေးရဲ့ ဂုဏ်သိက္ခာနဲ့ မလျော်ညီစွာ အမည်းကွက် စွန်းထင်းသွားခဲ့ကြရပါပြီ။ ခေတ်အဆက်ဆက် အင်အား အမျိုးမျိုး၊ ပရိယာယ် အမျိုးမျိုးသော ထောင်ချောက်၊ ကျော့ကွင်း၊ အထိုးအနှက်တွေကို ပညာသားပါစွာ ညီညွတ်စွာ ကျော်ဖြတ် အနိုင်ယူခဲ့ကြပါလျှက်နဲ့ အင်အားကြီးမားသော ဓမ္မ အပေါ် အင်အားနည်းတဲ့ အဓမ္မက အနိုင်ယူပြီး ထင်ရာစိုင်းသွားခဲ့ပါပြီကော။
မန္တလေး ရွှေမြို့တော်သူ၊ ရွှေမြို့တော်သားအပေါင်းတို့ ကမ္ဘာကျော်အောင် ထင်ရှားခဲ့တဲ့ ယဉ်ကျေးဖွယ်ရာမှု၊ ဘာသာပေါင်းစုံ ညီညွတ်ငြိမ်းချမ်းခြင်း အစဉ်အလာကို ထိန်းသိမ်းမှု၊ ကိုယ်မြို့သူ ကိုယ့်မြို့သားဆိုတဲ့ မြို့ချစ်စိတ်၊ နိုင်ငံချစ်စိတ် အစွဲအလမ်း ခိုင်မာမှုများကို ဆက်လက် အမွေခံ၍ ဆက်လက် တည်တံ့အောင် အားကြိုးမာန်တက် ဆောင်ရွက်ကြပါကုန်။ အဖျတ်အဆီး၊ ပယောဂများနှင့် ပဋိပက္ခများကို ချေဖျက်ကြပါကုန်။
ပြည်သူတွေ ရွေးချယ်တင်မြှောက်တဲ့ အာဏာပိုင် အစိုးရအဖွဲ့အစည်း၊ လုံခြုံရေး တပ်ဖွဲ့များကလည်း အကြမ်းဖက်မှု၊ ရာဇဝတ်မှု၊ တရားဥပဒေနှင့် ဆန့်ကျင်ဆောင်ရွက်မှုများကို ကျောသားရင်သား မခွဲခြားဘဲ တရားဥပဒေကြောင်းအရ ချက်ချင်းအရေးယူ ဆောင်ရွက်ကြပါကုန်။
သံဃာတော် အရှင်သူမြတ်များဘုရား … မန္တလေး သာသနာဝင် အဆက်ဆက် ဆောင်ရွက်တော်မူခဲ့ကြသော ထုံးကို နှလုံးမူ၍ မန္တလေးမြို့သူ မြို့သားများ အားလုံးအပေါ် မေတ္တာလွှမ်းခြုံ၍ မြို့သူမြို့သားအားလုံး နှလုံးစိတ်ဝမ်း အေးချမ်းစေမှုကို ပျက်စီးစေမည့် ပဋိပက္ခများအား အမြော်အမြင် ကြီးစွာဖြင့် တားဆီးပေးတော်မူကြပါ ဘုရား။ မြို့သူ မြို့သား အားလုံး၏ ငြိမ်းချမ်း ညီညွတ်စွာ အတူတကွ နေထိုင်၍ မန္တလေး၏ အစဉ်အလာကို ထိန်းသိမ်းနေမှုအပေါ် ထိခိုက်ထိုးနှက်လာသည့် အဓမ္မ အကြမ်းဖက်မှုများအား ဟန့်တားကာကွယ် ပေးတော်မူကြပါဘုရား။