ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပျူမြို့ဟောင်းများ ဖြစ်သည့် သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း အပါအဝင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်များ အတွင်း ဆက်သွယ်ရေး တာဝါတိုင်များ စိုက်ထူခွင့်ပြုမည် မဟုတ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနက ဇူလိုင် ၁၇ ရက်နေ့က ဆုံးဖြတ်လိုက်ကြောင်း သိရသည်။
ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန တာဝန်ရှိသူ တဦးက “ရှေးဟောင်း ယဉ်ကျေးမှုဇုန် ထဲမှာ မပေးနိုင်ဘူး၊ ဇုန်ဧရိယာ အပြင်ဘက်မှာပဲ စိုက်ဖို့ ဆုံးဖြတ်တာပါ” ဟု ဧရာဝတီကို ပြောသည်။
အရေးပါသည့် ရှေးဟောင်း အဆောက်အအုံများ တည်ရှိရာ (Monument Zone)၊ ရှေးဟောင်း သုတေသနဇုန် (Archaeological Zone) တို့၏ အပြင်ဘက်တွင်သာ တာဝါတိုင် စိုက်ထူခွင့် ပြုခဲ့ပြီး စိုက်ထူလျှင်လည်း ထန်းပင်ပုံသဏ္ဍန် ပြုလုပ်စိုက်ထူရမည်ဟု ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
သရေခေတ္တရာ မြို့ဟောင်း၊ ဗိဿနိုး မြို့ဟောင်းနှင့် ဟန်လင်း မြို့ဟောင်းတို့ကို ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်က ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) က ကမ္ဘာ့အမွေအနှစ် (World Heritage List) တွင် ထည့်သွင်းခဲ့သည်။
ကမ္ဘာ့အမွေအနှစ် အဖြစ် အသိအမှတ်ပြု ခံခဲ့ရသည့် သရေခေတ္တရာနှင့် ဗိဿနိုး မြို့ဟောင်းအား ထိန်းသိမ်းရေး အတွက် ရေးဆွဲထားသည့် စီမံခန့်ခွဲမှု အစီအစဉ်နှင့် ပတ်သက်ပြီး လာမည့် ၂၀၁၅ ခုနှစ်တွင် ယူနက်စကို အကြံပေးအဖွဲ့ (ICOMOS) က လာရောက် စစ်ဆေးမည် ဖြစ်ကြောင်း၊ စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှု မရှိပါက ၂၀၁၆ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ် စာရင်းမှ ပယ်ဖျက်နိုင်သည့် အခြေအနေ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။
ယင်းအတွက် အဆိုပါ မြို့ဟောင်းများ အတွင်း စိုက်ပျိုးမြေများ ချဲ့ထွင်ခြင်း ခွင့်မပြုသကဲ့သို့ ကြံ စိုက်ပျိုးခွင့်၊ အိမ်ခြေ တိုးချဲ့မှုများ ပြုလုပ်ခွင့်တို့ကို ပိတ်ပင်ထားသည်ဟု ယင်းဒေသခံများက ပြောသည်။
အလားတူ ပုဂံ ရှေးဟောင်း ယဉ်ကျေးမှုဇုန်ကိုလည်း လာမည့် ၄ နှစ် အတွင်း ကမ္ဘာ့အမွေအနှစ် အဖြစ် အသိအမှတ်ပြု ခံရစေရန် ကြိုးပမ်းမှုများ စတင်ပြုလုပ်နေပြီ ဖြစ်သဖြင့် တာဝါတိုင် စိုက်ထူခွင့် မပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT) အပါအဝင်၊ ပုဂ္ဂလိက ဆက်သွယ်ရေး ကုမ္ပဏီများဖြစ်သည့် တယ်လီနော၊ အော်ရီဒူး ကုမ္ပဏီ တို့က ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပျူမြို့ဟောင်းများ အပါအဝင် ပုဂံ ရှေးဟောင်း ယဉ်ကျေးမှုဇုန်နှင့် အင်း၀ ရှေးဟောင်း ယဉ်ကျေးမှု ဇုန်များတွင် ဆက်သွယ်ရေး တာဝါတိုင် စိုက်ထူခွင့် တောင်းခံခဲ့ကြသည်။
ဆက်သွယ်ရေး ကုမ္ပဏီကြီးများက တာဝါတိုင် စိုက်ထူခွင့် တောင်းခံခဲ့သည့် နေရာများမှာ သရေခေတ္တရာ မြို့ဟောင်း အတွင်းရှိ ဆင်ဖြူကန်ရွာ၊ ဗိဿနိုး မြို့ဟောင်းရှိ ကုက္ကိုခွနှင့် ဝါးခြမ်းကာရွာ၊ ပုဂံ ရှေးဟောင်းဇုန် အတွင်းရှိ ညောင်ဦးမြို့ အောင်မြေသာ ရပ်ကွက်၊ အင်း၀ ရှေးဟောင်းဇုန် အတွင်းရှိ တံတားဦးမြို့နယ် ဇီးပင်ကွေ့ကျေးရွာအုပ်စုတို့ ဖြစ်ကြောင်း သိရသည်။