Politics

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ (အပိုင်း - ၄)

This article has been converted from Zawgyi One to Unicode

ကွန်မြူနစ် သခင်ဗဟိန်းအား တပ်မတော်ကို ဦးစီးခေါင်းဆောင်နေရာပေးရန် ဗိုလ်ချုပ်အောင်ဆန်း လျှို့ဝှက်စီစဉ်ခဲ့ပုံကို ဆိုရှယ်လစ်များ သိသွားဟန်ရှိသည်ဟု ဗိုလ်ကျော်ဇောက ၎င်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ် (စာမျက်နှာ ၁၁၉) တွင် ဗိုလ်အောင်ကြီး၏ ၁၉၈၈ ခုနှစ်ကာလ ဦးနေဝင်းထံပေးစာများကို ရည်ညွှန်း ကောက်ချက်ချခဲ့ခြင်း ဖြစ်ပါသည်။

ဗိုလ်ကျော်ဇောသည် မဆလခေတ် နောက်ဆုံးသမ္မတ ဒေါက်တာ မောင်မောင်ရေးသည့် “မြန်မာနိုင်ငံ၏ ၁၉၈၈ ခုနှစ် အရေးအခင်း” စာအုပ် အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ထုတ်ဝေထားချက်ကို ဖတ်ရှုခွင့်မရခဲ့ဟု ယူဆပါသည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါ စာအုပ်ကို ဒေါက်တာ မောင်မောင်အနေဖြင့် သက်ရှိထင်ရှားရှိစဉ် ရေးသားခဲ့ပြီး ဖြစ်သော်လည်း ၁၉၉၄ ခုနှစ် ၎င်းကွယ်လွန်သည့်တိုင် ထုတ်ဝေခြင်း မရှိခဲ့ပါ။ ဒေါက်တာ မောင်မောင် ကွယ်လွန်ပြီး ၅ နှစ်ကျော် ၁၉၉၉ ခုနှစ်တွင်မှ အမေရိကန် ပြည်ထောင်စုတွင် ထူးထူးခြားခြားသွား၍ အင်္ဂလိပ်ဘာသာဖြင့် စတင်ထုတ်ဝေခဲ့ပါသည်။ အဆိုပါစာအုပ် မြန်မာဘာသာပြန်ကို ဒေါက်တာ မောင်မောင် ကွယ်လွန်ပြီး ၁၉ နှစ်ကြာ၂၀၁၃ ခုနှစ်တွင်မှ အလွန်နောက်ကျစွာ မြန်မာနိုင်ငံတွင် ထုတ်ဝေသောကြောင့် ဖြစ်ပါသည်။ အဆိုပါစာအုပ် အခန်း ၁၂၊ ပြန်လည်အမှတ်ရခြင်း၊ စာမျက်နှာ ၃၈၄ တွင် “ယနေ့ခေတ်လူများ မှတ်မိမည် မဟုတ်သော အခြားဖြစ်ရပ်တခုမှာ စစ်ကြီးပြီးသွားချိန်၌ မဟာမိတ်စစ်ဦးစီးချုပ် မောင့်ဘက်တန်သည် မြန်မာ့တော်လှန်ရေးတပ်များအား မျိုးချစ်မြန်မာ့တပ်ဖွဲ့ PBF ဟု ပြောင်းလဲအမည်ကင်ပွန်းတပ်လျက် ၎င်းတပ်ဖွဲ့၏အနာဂတ်ကို ဗိုလ်ချုပ် အောင်ဆန်းနှင့် လေးလေးနက်နက် ဆွေးနွေးခဲ့သည်။ ထိုအခါက ဗိုလ်ချုပ် အောင်ဆန်းသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အဖြစ် လူသိနည်းပြီး အေးဆေးစွာ နေတတ်သော ကွန်မြူနစ်တဦးဖြစ်သည့် သခင်ဗဟိန်းအား စာနှင့်ပေနှင့် တရားဝင် ခန့်အပ်ခဲ့သည်။ သို့သော် သခင်ဗဟိန်းမှ ဦးစီးချုပ်ရာထူးအား လိမ္မာပါးနပ်စွာ ငြင်းပယ်ခဲ့ရုံသာမက နိုင်ငံရေးလောကကိုလည်း အပြီးအပိုင်ကျောခိုင်းကာ ဇာတိမန္တလေးသို့ ပြန်သွားခဲ့သည်။ နောက်တနှစ်ခန့်ကြာသော် သူသည် မန္တလေးမှာပင် ဆုံးသွားခဲ့သည်။”

DSC_4609

စာရေးသူသည် ရှစ်လေးလုံး အရေးတော်ပုံ ကာလတွင် BBC နှင့် ဆက်သွယ်၍ သတင်းများကို ပေးပို့ခဲ့ သောကြောင့် စစ်အစိုးရက ထောင်ချခဲ့သည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာ လတွင် နောက်ဆုံး အကြိမ် ထောင်မှ ပြန်ထွက်လာသည်။ ယခုအခါ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိပြီး သမိုင်းဆိုင်ရာ သုတေသန ပြုစုချက်များ ရေးသားနေသည်။

“ဤဖြစ်ရပ်ဖြစ်စဉ်တို့မှာ အတိတ်တွင်ကျန်ရစ်ခဲ့ပြီးဖြစ်သော ကိစ္စရပ်များဖြစ်လျက် လူသားတို့၏ သဘောသဘာဝကို နားလည် သိမြင်စေလို၍ ဖော်ပြရခြင်းသာ ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်ဗဟိန်းနှင့် ဗိုလ်ချုပ်နေဝင်းတို့ အားလုံးသည် လူသားထဲမှ လူများသာဖြစ်ကြသည်မို့ အားနည်းချက် ပျော့ကွက်များ မကင်းနိုင်ကြ။ ဖြစ်စဉ်ဖြစ်ရပ်တို့ မည်သည် သူ့နောက်ခံ အကြောင်းနှင့်သူ ပေါ်ပေါက်လာတတ်သလို ကွဲပြားခြားနားသော လျှို့ဝှက် အနက်ဓိပ္ပါယ်များ ပါဝင်သရုပ်ဆောင်ကြသူတို့၏ စိတ်နေ စိတ်သဘောထားများတို့နှင့်လည်း သက်ဆိုင်နေကြောင်း တွေ့ရပေလိမ့်မည်” ဟု ဖော်ပြပါရှိချက်အရ ကွန်မြူနစ် သခင်ဗဟိန်းကို တပ်မတော် ခေါင်းဆောင်တင်ရန် ဗိုလ်ချုပ် အောင်ဆန်းက သခင်သန်းထွန်းနှင့် ကြိုတင်ညှိုနှိုင်း တိုင်ပင်ဆွေးနွေး တောင်းခံခဲ့ခြင်း မဟုတ်ဘဲ စာနှင့်ပေနှင့် တရားဝင် ခန့်အပ်ခဲ့သည်ဟုပင် ဒေါက်တာမောင်မောင်က အတိအကျ စွပ်စွဲရေးသားထားသည်ကို တွေ့ရပါသည်။ အမှန်တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်း တင်ပြသော တပ်မတော်ခေါင်းဆောင် စာရင်းမှန်မှာ ဗိုလ်လကျ်ာနှင့် စောကြာဒိုး ဖြစ်နေသည်ကို ဒေါက်တာမောင်မောင်၏ စာတွင် ရှင်းပြမထားပေ။

မည်သို့ဆိုစေ သခင်ဗဟိန်းအား ဦးစီးချုပ်ခန့်အပ်ရန် ဗိုလ်ချုပ်အောင်ဆန်း လျှို့ဝှက်စီစဉ်ခဲ့ပုံကို ကန္ဒီစာချုပ် ချုပ်သည့်အချိန်ကာလ တဝိုက်ကပင် ဆိုရှယ်လစ်အုပ်စု နောင်တွင် ယူနစ်အုပ်စုဟု တပ်မတော်အတွင်း ထင်ရှားလာသူများက သိရှိသွားခဲ့ပြီဟု မှတ်ယူရန် အကြောင်းများ ထင်ရှားပေါ်ပေါက်နေသည်ကတော့ အမှန်ပင်ဖြစ်ပါသည်။ ခေတ်တခေတ်၏ အရေးပါလှသည့် အဖြစ်အပျက်များကို နက်ရှိုင်းစွာ သိရှိနားလည်စေရန် ဂျပန်ခေတ်အဓိပတိ ဒေါက်တာဘမော် ရေးသားပြီး စစ်ပြီးခေတ်တွင် ထုတ်ဝေသည့် “မြန်မာပြည်တွင်း အောင်မြင်မှုကြီး” အမည်ရှိ စာအုပ်တွင် ဒေါက်တာဘမော်က “မြန်မာပြည်နှင့် ပတ်သက်သော သမိုင်းဆိုင်ရာ အမှန်တရားများသည် မြန်မာလူမျိုးတို့ကိုယ်တိုင် ပြန်မပြောပြသမျှ  ကာလပတ်လုံး မည်သည့်အခါမျှ ရုပ်လုံးပီပြင်စွာ ပေါ်လွင်လာမည် မဟုတ်ချေ”  ဟု ရေးသားခဲ့ပါသည်။ ၎င်းကပင် ဆက်လက်၍ “ဒုတိယကမ္ဘာစစ်နှင့် စစ်ကြိုခေတ် မြန်မာ့သမိုင်းကို ထိုခေတ်တွင်ပါဝင်သော မြန်မာတို့ကိုယ်တိုင် မရေးသားရသေးကြောင်း ဝန်ခံခဲ့ပြီး အကြောင်းရာ ခိုင်ခိုင်လုံလုံကို အတွင်းကျကျ သိထားသောပုဂ္ဂိုလ်တို့က မရေးသားသေးသမျှ မြန်မာပြည်တွင် ဖြစ်ပွားခဲ့သော အကြောင်းရင်းများ၏ အမှန်တရားကို သိရှိနားလည်နိုင်မည် မဟုတ်ချေ” ဟု ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ၊ ဥယျောဇဉ်၊ စာမျက်နှာ ၁၅ ပါရှိချက်ကိုလည်း စာဖတ်သူများ သတိပြုသင့်ပါသည်။

နိုင်ငံခေါင်းဆောင်များ လုပ်ကြံခံရသည့် ခေတ်သစ် မြန်မာ့နိုင်ငံရေးသမိုင်းတွင် အရေးကြီးလှသော အာဇာနည်နေ့နှင့် ပတ်သက်၍ တရားခံအဖြစ် ဦးစောနှင့် အပေါင်းအပါများ နောက်ကွယ်တွင် နယ်ချဲ့သမားများ ရှိနေသည် ဟူသော ကောက်ချက်ကို မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းက နှစ်ပေါင်းများစွာ ချမှတ်ခဲ့ပြီး ဖြစ်ပါသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံတော်လုပ်ကြံမှုနှင့် ပတ်သက်၍ တရားခံဦးစောသည် နိုင်ငံရေးထောင်ချောက် ဆင်မှုအတွင်း ကျရောက်ခဲ့သော သားကောင်တဦးသာဖြစ်ပြီး နိုင်ငံရေးထောင်ချောက်ဆင်သူမှာ ဦးနေဝင်းဖြစ်သည်ဟူသော အယူအဆအသစ်တခု ထင်ထင်ရှားရှား ပေါ်ထွက်လာပါသည်။ အဆိုပါ အယူအဆသည် ၁၉၆၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှ အကြောင်းအမျိုးမျိုးဖြင့် နိုင်ငံခြားသို့ စွန့်ခွာလာသူ မြန်မာအသိုင်းအဝန်းတွင် အကျယ်လောင်ဆုံး ဖြစ်မည်ဟု ယူဆပါသည်။ ဦးနေဝင်းနှင့် တွဲဖက်လျက်  စာရေးဆရာ ရန်ကုန်ဘဆွေ၊ ဗိုလ်လက်ျာ၏ညီ ဦးမြလှိုင်တို့ ပြောဆို လုပ်ကိုင်ချက်များကို သက်သေထူပြီး အဆိုပါ အယူအဆကို ထူထောင်ခဲ့ခြင်း ဖြစ်ပါသည်။ စာရေးသူ အနေဖြင့် နိုင်ငံတော်လုပ်ကြံမှုတွင် ဦးနေဝင်း ပါဝင်ပတ်သက်ခြင်း မရှိဟု မဆိုနိုင်သော်လည်း ပြည်ပရောက် မြန်မာများ ယူဆသလို နိုင်ငံတော်လုပ်ကြံမှုတွင် ဦးနေဝင်းသာ အဓိကဇာစ်မြစ် တာဝန်ရှိသူအဖြစ် တွေးခေါ်မှုလမ်းဆုံးနေခြင်းကို လက်ခံရန် ခဲယဉ်းလှပါသည်။

စာရေးသူအနေဖြင့် ဦးနေဝင်း ကိုယ်တိုင်သည်ပင်လျင် ၁၉၄၅ မှ ၁၉၆၀ ခုနှစ် အိမ်စောင့်အစိုးရအဖြစ် အုပ်ချုပ်ခဲ့သည့် ကာလအထိ မြန်မာနိုင်ငံရေး ကျားကွက်ပေါ်တွင် ဆိုရှယ်လစ်ဂိုဏ်း၏ နယ်ရုပ်တရုပ်သာ ဖြစ်သည်ဟု ထင်မြင်ယူဆပါသည်။ ဤယူဆချက်ကို ရှင်းလင်းစွာ သိမြင်နိုင်ရန် လုပ်ကြံခံရတော့မည့် အမျိုးသားခေါင်းဆောင် ဦးအောင်ဆန်း၏ နိုင်ငံရေးဘဝခရီးတွင် သူနှင့်ထိစပ်ခဲ့သော ပုဂ္ဂိုလ်/ပါတီ အသင်းအဖွဲ့များ ဆက်စပ်ပုံကိုလည်း အတန်အသင့် သိထားမှသာ နားလည်နိုင်မည်ဟု ယူဆပါသည်။ ဆိုရှယ်လစ် ပါတီခေါင်းဆောင် ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့သည် ဦးနု၊ ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် တက္ကသိုလ်ကျောင်းသားသမဂ္ဂ နိုင်ငံရေးကာလက စတင်ရင်းနှီးခဲ့သူများဖြစ်သည်။ ဗိုလ်ချုပ်နှင့် ဦးနုတို့သည် သခင်ကိုယ်တော်မှိုင်း၏ တို့ဗမာအစည်းအရုံးတွင် ၁၉၃၈ နိုဝင်ဘာလ ၂၀ ၌ အထွေထွေ အတွင်းရေးမှူးနှင့် ဝါဒဖြန့်ချိရေးမှူး တာဝန်များယူပြီး နိုင်ငံရေးလောကသို့ စတင်ဝင်ရောက်ခဲ့သူများ ဖြစ်ပါသည်။

ထို့နောက် ဗိုလ်ချုပ်သည် ၁၉၃၉ သြဂုတ်လ ၁၅ ရက်တွင် သခင်စိုး ခေါင်းဆောင်သော ဗမာပြည်ကွန်မြူနစ်ပါတီတွင်လည်း အထွေထွေအတွင်းရေးမှူး တာဝန်ယူပါဝင်ခဲ့ပြန်သည်။ ထို့အတူ ဗိုလ်ချုပ်သည် ၁၉၃၉ အောက်တိုဘာ ၁ ရက်တွင် ဒေါက်တာ ဘမော်ခေါင်းဆောင်သော ဗမာ့ထွက်ရပ်ဂိုဏ်း၌ တို့ဗမာအစည်းအရုံး ကိုယ်စားပြု၍ အထွေထွေ အတွင်းရေးမှူး တာဝန်ယူ ပါဝင်ခဲ့ပြန်သည်။ ထို့အပြင် ၁၉၃၉ နိုဝင်ဘာ ၁၈ တွင် သခင်မြ ခေါင်းဆောင်သော ပြည်သူ့အရေးတော် ပုံပါတီ၌ ဗိုလ်ချုပ်သည် မြေအောက်တော်လှန်ရေး လှုပ်ရှားမှု လုပ်ငန်းများအတွက် ပြည်ပခေါင်းဆောင် တာဝန်ယူခဲ့ပြန်သည်။ ၁၉၄၀/၄၁ အတွင်း ဗိုလ်ချုပ်သည် ရဲဘော်သုံးကျိပ် ခေါင်းဆောင် ဖြစ်လာခဲ့ပြန်သည်။ စစ်တပ်ကို ဦးစီး၍ မြန်မာနိုင်ငံတွင်း ဝင်ရောက်လာချိန်မှစ၍ ဗိုလ်ချုပ်အောင်ဆန်း ဟူသော အမည်ဖြင့် လူထုကြား ထင်ရှားလာချိန်တွင် ဦးအောင်ဆန်းသည် မူလပါဝင်ခဲ့သော အဖွဲ့များကို ဆက်လက် ကိုယ်စားပြုခြင်း၊ တရားဝင်နှုတ်ထွက်ခြင်း မရှိဘဲ အဆက်အဆံ ကင်းပြတ်၍ တပ်ခေါင်းဆောင်ပုံစံဖြင့်သာ ရပ်တည်လာမှုများသည်ကို တွေ့ရသည်။

ဤအခြေအနေတွင် နိုင်ငံရေးအရှိန်အဝါ ကြီးနေပြီဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းအား မူလပါဝင်ခဲ့သော  ပါတီအဖွဲ့အစည်းများသည် ဗိုလ်ချုပ်၏ အခြေအနေကို စောင့်ကြည့်လာရပြီး မိမိတို့ပါတီ အတွင်းစည်းအဖွဲ့ဝင်အဖြစ် ခိုင်ခိုင်မာမာ မသတ်မှတ်ရဲသလို၊ အရှိန်အဝါကြီးသော ဗိုလ်ချုပ်ကို ဆန့်ကျင်ပြီး သက်ဆိုင်ရာ ပါတီများမှလည်း ထုတ်မပစ်ရဲ၊ ဗိုလ်ချုပ်၏ အရှိန်အဝါကို ရသလောက်သုံးနိုင်သမျှသုံး၍ မိမိပါတီ ဦးဆောင်နေရာ ရရေးအတွက် အမြတ်ထုတ်နေကြချိန် ဖြစ်လာပါသည်။ ဗိုလ်ချုပ် ကိုယ်တိုင်ကလည်း သက်ဆိုင်ရာ ပါတီအသီးသီးမှ နုတ်ထွက်ခြင်းမရှိဘဲ မိမိကို ဝိုင်းရံအသုံးချနေသည်ကို သိရှိလက်ခံထားသည့် သဘောတွေ့ရသည်။ မြေအောက်တော်လှန်ရေးအတွက် ရည်မှန်းပြီးဖွဲ့ခဲ့သော ပြည်သူ့အရေးတော်ပုံ ပါတီအနေဖြင့် ၎င်း၏ နိုင်ငံတွင်း လက်နက်စွဲကိုင် ပုန်ကန်ထကြွရေး အဖွဲ့ဝင်များဖြစ်သော ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ရန်ကုန်ဘဆွေ၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့သည် ၎င်းတို့အား ဗိုလ်ချုပ်အောင်ဆန်းက ယခင်ကဲ့သို့ အလေးမထား နေရာမပေးဘဲ ရဲဘော်သုံးကျိပ်နှင့် စစ်တပ်ကိုသာ ဦးစားပေးနေမှုကို ကျေနပ်မှု မရှိကြကြောင်းကိုလည်း လေ့လာသုံးသပ်တွေ့ရှိရပါသည်။

လွတ်လပ်ရေးအတွက် ဖက်ဆစ်ဂျပန် တော်လှန်ရေးနှင့် ပြန်လည် ဝင်ရောက်လာနိုင်သည့် ကိုလိုနီနယ်ချဲ့ကို ဆက်လက် လက်နက်စွဲကိုင် တိုက်ခိုက်ရေး အမြင်အပေါ် သဘောထားကွဲလွဲမှုသည် ရဲဘော်သုံးကျိပ်ဝင် အုပ်စုနှင့် အရေးတော်ပုံပါတီ၏ ယူနစ်ဂိုဏ်းဝင် ဂျပန်ခေတ် မင်္ဂလာဒုံစစ်ကျောင်းဆင်း စစ်ဗိုလ်ငယ်များ အကြားတွင် ပို၍ထင်ရှားလာခဲ့သည်ကို တွေ့ရပါသည်။ နောင်တွင် ရဲဘော်သုံးကျိပ်ဝင် အများစုမှာ လက်ဝဲကွန်မြူနစ်များ ဖြစ်လာကြ၍ ယူနစ်အုပ်စုဝင်များမှာ ဆိုရှယ်လစ်ဂိုဏ်းသားများ ဖြစ်လာကြပါသည်။ ၁၉၄၅ ခုနှစ် ဇူလိုင်လ ၂၀ တွင် ဒုတိယ ပါတီကွန်ဂရက်မှ ဗမာပြည် ကွန်မြူနစ်ပါတီကို ပြန်လည်ဖွဲ့စည်းရာတွင်လည်းကောင်း၊ ၁၉၄၅ စက်တင်ဘာလ ၁ ရက်တွင် ပြည်သူ့အရေးတော်ပုံပါတီမှ ဆိုရှယ်လစ်ပါတီအဖြစ် ပြန်လည်ဖွဲ့စည်းရာတွင် လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းသည် မည်သည့်ပါတီတွင်မျှ ပါဝင်လာခြင်း မရှိတော့ဘဲ စစ်တပ်ဦးဆောင်သူ ဗိုလ်ချုပ်အဖြစ် ရပ်တည် ကျန်ရစ်ခဲ့သည်ကို တွေ့ရသည်။ သို့သော် ၁၉-၈-၄၅ တွင် ဖွဲ့စည်းသော ဖတပလအဖွဲ့ချုပ် ဥက္ကဋ္ဌ တာဝန်ကိုမူ ကိုယ်ပိုင်ပါတီမရှိဘဲ ရယူထားသည်ကို တွေ့ရသည်။

ထို့ပြင် ၄-၉-၄၅ သီဟိုဠ်ကျွန်း (သီရီလင်္ကာနိုင်ငံ) ကန္ဒီမြို့၌ မျိုးချစ်ဗမာ့တပ်မတော်ကို အမြဲတမ်း ဗမာ့တပ်မတော်အဖြစ် ပြောင်းလဲသည့်အခါ မိမိသည် တပ်မတော်မှ အထွက်ပြ၍ နိုင်ငံရေးလောက ဝင်ရန် ပြင်ဆင်ထားပြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းသည် ယခင်က မိမိပါဝင်ခဲ့သော အထက်ပါပါတီ ၂ ခုလုံးတွင် ပါဝင်ခြင်းမရှိဘဲ နိုင်ငံရေးလောကတွင် တကိုယ်တော် ရပ်တည်ခဲ့ခြင်းမှာ စာဖတ်သူများ အတွေးနယ်ချဲ့သင့်သော အကြောင်းတရပ် ဖြစ်လာပါသည်။ ၂၇-၁၀-၄၅ တွင် စစ်တပ်မှ တရားဝင်နှုတ်ထွက်၍ နိုင်ငံရေးနယ်ပယ်သို့ ဝင်ရောက်လာသော ဦးအောင်ဆန်းသည် ၁-၁၂-၄၅ တွင် နိုင်ငံရေးပါတီ မဟုတ်သော “ပြည့်သူ့ရဲဘော်တပ်ဖွဲ့”ကို စစ်သေနာပတိနှင့် ဥက္ကဋ္ဌနေရာ ရယူဖွဲ့စည်း ထူထောင်ခဲ့သည်ကို တွေ့ရပြန်သည်။ အဆိုပါ ပြည်သူ့ရဲဘော်တပ်ဖွဲ့ဆိုသည်မှာ လွတ်လပ်ရေးတိုက်ပွဲဝင် ရဲဘော်ဟောင်းများချည်း မဟုတ်၊ ပြည်သူထဲမှ လူသစ်အမျိုးသား၊ အမျိုးသမီးများကိုလည်း လက်ခံသည်ဟု သိရသည်။ တပ်ပုံသဏ္ဍာန် ဖွဲ့စည်းထားပြီး ပါတီလည်း မဟုတ်သဖြင့် အချိန်မရွေး ဦးအောင်ဆန်း၏ ကိုယ်ပိုင်တပ် ဖြစ်လာနိုင်သော အခြေအနေသည် လွတ်လပ်ရေး ရခါနီး မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် ထင်ရှားပေါ်ပေါက်ခဲ့သည်ကတော့ အမှန်ပင်ဖြစ်ပါသည်။

ပြည့်သူ့ရဲဘော်အဖွဲ့သည် ဝါဒသဘောတရားနှင့် လုပ်ငန်း လမ်းညွှန်ချက်မရှိ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု အပေါ် အခြေတည် ဖွဲ့ထားသဖြင့် ခေတ်သစ်အာဏာရှင် စနစ်တရပ် ထူထောင်ဖို့အတွက် ရည်ရွယ် ဖွဲ့စည်းလေရော့သလားဟု ထင်မှတ်ရပေသည်။ အထူးသဖြင့် ဗိုလ်ချုပ်သည် တူရကီ အမျိုးသား ခေါင်းဆောင်ကြီးနှင့် အာဏာရှင်အဖြစ် ကမ္ဘာကျော်ခဲ့သူ မူစတာဖါလ်ကီးမား၏ ပုံရိပ်ကိုဖော်ဖို့ ကြိုးစားခဲ့ဟန်ရှိသည်ဟု စာရေးသူ ယူဆပါသည်။ ပြည်သူ့ရဲဘော်သည် ဗိုလ်ချုပ်မရှိတော့သည့်အခါ ရဲဘော်ဖြူ၊ ရဲဘော်ဝါစသဖြင့် ပြည်တွင်းစစ်အတွင်း သင်းကွဲလက်နက်ကိုင် အဖွဲ့များ ဖြစ်သွားကြသည်ကို တွေ့ရပါသည်။ တရားဝင် ကိုယ်ပိုင်ပါတီ မရှိဘဲ အဖွဲ့ချုပ်ဥက္ကဋ္ဌ နေရာယူထားပြီး ကိုယ်ပိုင်တပ်ပုံစံအဖွဲ့တခုကို ပါတီပြင်ပတွင် တည်ထောင်လာသော ဦးအောင်ဆန်း၏ နိုင်ငံရေးအခင်းအကျင်းကို ပြိုင်ဘက်ပါတီဖြစ်စေ၊ မိတ်ဖက်ပါတီဖြစ်စေ၊ အားလုံးက ဂရုထားရမည့် ပုဂ္ဂိုလ်အနေအထားသို့ ဦးအောင်ဆန်း ရောက်ရှိနေသည်မှာလည်း ဦးအောင်ဆန်း ကိုယ်တိုင် ဖန်တီးသော ဦးအောင်ဆန်း၏ နိုင်ငံရေးကံကြမ္မာပင် ဖြစ်ပါသည်။ ထို့ပြင် ရန်သူမိတ်ဆွေအားလုံး ဦးအောင်ဆန်းအနီးတွင် ဝိုင်းရံခွင့်ရှိနေသော အခြေအနေထူး တရပ်လည်း အမှန်ပင် ဖြစ်ပေါ်နေချိန် ဖြစ်ပါသည်။

အလားတူပင် တရားဝင် ဖွဲ့စည်းထားသော တပ်မတော်အား မိမိနှင့် မယားညီအစ်ကိုတော်သူ သခင်သန်းထွန်း၏ ကွန်မြူနစ်များ လက်ထဲလွှဲအပ်နိုင်ပြီး မိမိက ကာကွယ်ရေးဝန်ကြီး အာဏာကို ကိုင်စွဲလျက် အချိန်မရွေး ကိုယ်ပိုင်တပ်ပုံစံ ဖွဲ့နိုင်သည့် “ပြည့်သူ့ရဲဘော်တပ်ဖွဲ့” ကြီးကို ထူထောင်လာသူ ဦးအောင်ဆန်းအား လက်နက်ကိုင်တပ်မရှိသော အခြားပါတီ အဖွဲ့အစည်းများက ခေါင်းငုံ့လက်ပိုက် ကြည့်နေရမည့် အခြေအနေ တရပ်ဆီသို့ ထိုအချိန်က မြန်မာနိုင်ငံသည် ဦးတည်နေသည်ဟုပင် သုံးသပ်နိုင်ပါသည်။ ဦးစောက လက်နက်မရှိသော ဂဠုန်တပ်ဖွဲ့ကို ထူထောင်ထားသကဲ့သို့ ဒေါက်တာဘမော်ကလည်း သားမက်ဗိုလ်ရန်နိုင် အားကိုးဖြင့် ဒေါင်းနီတပ်ဖွဲ့ ထူထောင်ရန် ပြင်ဆင်နေသည်ကိုလည်း ထိုအချိန်တွင် လေ့လာတွေ့ရှိရပါသည်။

လွတ်လပ်ရေးအတွက် ပြည်တွင်းသူပုန်ထရေး တာဝန်ဖြင့် လက်နက်ကိုင် အတွေ့အကြုံ ရှိခဲ့ပြီး ဂျပန်ခေတ် မင်္ဂလာဒုံ ဗိုလ်သင်တန်းဆင်း ပုဂ္ဂိုလ်များနှင့် ကိုယ်ပိုင်တပ်ဖွဲ့ အသင့်တင့်ရှိလာပြီဖြစ်သော ဆိုရှယ်လစ်ပါတီ ဂိုဏ်းသားများကမူ အာဏာလိုချင်၍ ပါတီနိုင်ငံရေးထဲ ဝင်လာသူများသာဖြစ်ရာ မိမိတို့လက်ထဲ လက်နက်ရှိတပ် ရှိနေပြီဖြစ်၍ မိမိပြိုင်ဘက် ဦးအောင်ဆန်းအပေါ် မည်သို့ သဘောထားမည်ကို စဉ်းစားကြည့်နိုင်ပါသည်။

ကဗျာဆရာကြီး ဒဂုန်တာရာက ဦးအောင်ဆန်းကို အရိုင်းဟု တင်စားခဲ့ပါသည်။ ကိုလိုနီခေတ် နိုင်ငံရေး သမားဟောင်းကြီးများနှင့် နှီးနွယ်သော အသိုင်းအဝိုင်းကမူ ဦးအောင်ဆန်းနှင့် ပတ်သက်၍ မလိုတမာစိတ်ဖြင့် ပြင်းထန်သော ဝေဖန်သံကိုလည်း စာရေးသူ လူငယ်ဘဝကပင် ကြားဖူးပါ၏။ စာရေးသူတို့လူငယ်ဘဝက ဗိုလ်ချုပ်နှင့် ပတ်သက်၍ ပါးစပ်ပြောပုံပြင်များဖြင့် တင်စား ပြောနေကြသည်ကို နိုင်ငံရေးသမားဟောင်း အချို့က နားခါးဟန်ဖြင့် “အောင်ဆန်းဆိုတာ ေ-ာက်ရမ်း တစောက်ကန်းကောင်ပါကွာ၊ အသေစောလို့ အာဇာနည်ဖြစ်တာ၊ အာဏာနိုင်ငံရေး၊ ပါတီနိုင်ငံရေးနယ်မှာ နည်းနည်းလေးပဲ အသက်ရှည်ခဲ့ရင် ဒီကောင် နိုင်ငံရေး မြောင်းပုတ်ထဲ ရောက်သွားမှာ မြင်ယောင်သေးတယ်။  မင်းတို့လည်း သူ့အကြောင်း အဲဒီကျမှသိမယ်” ဟု ပြောကြားသည်ကို ကြားခဲ့ဖူးပါသည်။ မိမိမမွေးခင်က အကြောင်းအရာများဖြစ်၍ ထိုပုဂ္ဂိုလ်များပြောသည်ကို မကြေမလည်နှင့် နားထောင်ခဲ့ရဖူးသည်။

ဒေါက်တာမောင်မောင်၏ ၁၉၈၈ အရေးအခင်းစာအုပ် ဒုတိယတွဲ စာမျက်နှာ ၃၈၅ တွင် “ဒဏ်ရာဟောင်းကို ပြန်ဆွမည့်အစား နာစရာတွေကို ကုစားကြပါစို့ ဟု ဦးနေဝင်းက ၁၉၂၀ ပြည့်နှစ် တက္ကသိုလ်ကျောင်းသားများ သပိတ်ကို လူငယ်ဘဝက ဦးဆောင်ခဲ့သည့် ကျောင်းသားဟောင်းကြီးများအား ဂုဏ်ပြုသည့် သပိတ်ရွှေရတုပွဲတွင် ပြောကြားခဲ့သည်” အစချီသော ရည်ညွှန်းစာမျက်နှာ၌ သပိတ်ကျောင်းသားဟောင်းကြီး ဦးဘဘေနှင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို ဖတ်ရှုရသောအခါ နိုင်ငံရေးသံဝေဂ ယူစရာ၊ ဇာတ်လမ်းတပုဒ်ကို မှတ်သားလာမိပါသည်။ အောင်ဆန်း-အက်တလီ စာချုပ်ချုပ်စဉ်က အရေးပါသော အခန်းကဏ္ဍမှ အကူအညီပေးခဲ့ရသူ ဘကြီးဘဘေ တယောက် ၁၇-၁-၄၇ တွင် စာချုပ်ချုပ်ဆိုပြီး သူ့အခန်းကဏ္ဍ ကုန်ဆုံးသောအခါ ၁၉၄၇ မေလထဲတွင် ကုန်သွယ်ရေးဝန်ကြီးအဖြစ်မှ ဦးအောင်ဆန်း၏ အလုပ်ထုတ်ခြင်း ခံလိုက်ရသည်။ ထိုနေရာတွင် အစားထိုးဖို့ လူတယောက် နေရာအနှံရှာဖွေခဲ့ရာ ဦးအောင်ဆန်းသည် ၎င်း၏ဇာတိ နတ်မောက်မြို့မှ ကျောင်းဆရာ လုပ်နေသော သူ၏အစ်ကို ဦးဘဝင်းအား တွေ့ခဲ့သည်။ ကြည့်ရသည်မှာ အစိုးရဝန်ကြီးများမှ သူ့အစ်ကိုကို ခန့်ဖို့ ဦးအောင်ဆန်းအား ဝိုင်းဝန်း အကြံပေးတိုက်တွန်း ခဲ့ပုံရသည်။ ဤနည်းအားဖြင့် မိသားစုအတွင်း ရာထူးပေးသည့် အလေ့အထသည် မရည်ရွယ်ဘဲ စတင်လာခဲ့သည်ဟု ဆိုရပေမည်ဟု ဖော်ညွှန်းထားသည်ကို ဖတ်ရှုရသည်။ အောင်ဆန်းကို ပါတီနိုင်ငံရေး၊ အာဏာနိုင်ငံရေး နယ်ပယ်မှာ နည်းနည်းလေးပဲ အသက်ရှည်ရှည်နေလိုက်ရင် မင်းတို့ သူ့အကြောင်း ကောင်းကောင်း သိလိမ့်မယ်လို့ ပြောသူများ ဘာကိုရည်ညွှန်းကြောင်း စာရေးသူ သဘောပေါက်ပါသည်။

ဗိုလ်ချုပ်၏အစ်ကို ဦးဘဝင်းသည် ကုန်သွယ်ရေးဝန်ကြီး စားပွဲတွင် ၂ လခန့်သာ ထိုင်လိုက်ရပြီး ၁၉-၇-၄၇ တွင် ဗိုလ်ချုပ်နှင့်အတူ လုပ်ကြံခံရရှာသည်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဝင်းတို့ ကျဆုံးရာ မိခင်ကြီး ဒေါ်စု နတ်မောက်မြို့မှ ရန်ကုန်သို့ လိုက်လာခဲ့ပြီး ဗိုလ်ချုပ်အလောင်းဘေးတွင် “အောင်ဆန်း … ငါ့သားကြီး ဘဝင်းကို ရန်ကုန်ကိုခေါ်ပြီး သတ်တာ နင်ပဲ” ဟု အမေစုသည် ရင်ထုမနာ ငိုကြွေးပြောဆိုခဲ့သည်ဟု တဆင့်စကား မှတ်သားဖူးပါသည်။ ၁၀-၅-၄၇ နေ့က ဗိုလ်ချုပ်ကိုယ်တိုင် သတင်းစာရှင်းလင်းပွဲလုပ်၍ အလုပ်ထုတ်ပစ်ခြင်းခံရသော ကုန်သွယ်ရေးဝန်ကြီးဟောင်း ဘကြီးဘဘေ တယောက် မိမိထိုင်ရမည့် ကုလားထိုင်တွင် ထိုင်လျက် မိမိကိုယ်စား အသတ်ခံသွားရသော ဦးဘဝင်းနှင့် ဗိုလ်ချုပ်တို့ ညီအစ်ကို၏ ကံကြမ္မာသည် မိမိဘဝနှင့် မည်သို့ဆက်စပ်ပုံကို စဉ်းစားရင်း ဝမ်းနည်းနေမည်လား၊ ဝမ်းသာနေမည်လားဆိုသည်မှာ စိတ်ဝင်စားစရာ ကောင်းလှပါ၏။

ဦးအောင်ဆန်း ကိုယ်တိုင်လည်း မိမိသည် နိုင်ငံရေးလောကတွင် လူမုန်းများနေသည်ဟု ခံစားရပြီး ကြာကြာခံတော့မည် မဟုတ်ကြောင်း၊ နောက်ထပ် ၁၈ လထက် ပိုနေရဖို့ တွက်မထားပါဘူး ဟု ၁၉၄၆ နှစ်ဦးပိုင်းတွင် ထိုအချိန်က ဘုရင်ခံဖြစ်သော ဆာရဂျီနယ်ဒေါ်မန်စမစ်အား နှစ်ကိုယ်ကြား ပြောခဲ့ကြောင်း ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ စာအုပ် စာမျက်နှာ ၁၅၆ တွင် ဖော်ပြထားပါသည်။ ထိုစာအုပ် စာမျက်နှာ ၁၅၅ တွင် ဦးအောင်ဆန်း လုပ်ကြံခြင်း မခံရမီကပင် မြန်မာမျိုးချစ်များ၏ စစ်အတွင်း ခေါင်းဆောင်ဖြစ်သော ဒေါက်တာဘမော်က  “သေနတ်ကိုးကွယ်မှုဟာ အစွဲအလမ်းကြီးနေတဲ့ အရာကို ကိုးကွယ်သလို ဖြစ်လာတယ်။ ဂျပန်တွေဆီက မြန်မာတွေ နှစ်ချက်လေ့လာခဲ့ရတယ်။ လူစုလူဝေး အစည်းအရုံးကို အခြေခံတဲ့ခေါင်းဆောင်မှုနည်း အတတ်ပညာနဲ့ လက်နက်တပ်ဆင်ထားသူများရဲ့ အာဏာနဲ့ တင့်တယ်မှုဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ရွေးချယ် တင်မြှောက်ပွဲတွေက ဆုံးဖြတ်မှာမဟုတ်ဘဲ သေနတ်က ဆုံးဖြတ်မှာ ဖြစ်တယ်။ မြန်မာ့နိုင်ငံရေးမှာ ခင်ဗျားတို့ လိုအပ်တာက နိုင်မယ့်ဘက်က စ,မိဖို့နဲ့ သေနတ်တွေ အမြောက်အများရှိဖို့ပဲ” ဟု မှတ်ချက်ချခဲ့ဖူးသည်ကို ထုတ်နှုတ်ရေးသားထားပြီး “ဒေါက်တာဘမော်၏ အကောင်း မမြင်သော ကြိုတင်နိမိတ်ဖတ်မှုသည် ဦးစောနှင့် တကယ်လက်တွေ့ ဖြစ်လာခဲ့သည်။ နန်းစဉ်မကိုဋ်ကို အရယူ နန်းတက်နိုင်ရေးအတွက် ပြိုင်ဘက်ဟူသမျှကို လုံးဝဥဿုံ ရှင်းပစ်သည့် သုတ်သင်ရေးကို မြန်မာအာဏာရူးများ ယနေ့တိုင် ကျင့်သုံးလျက် ရှိသည်” ဟု ရေးသား ဖော်ပြထားပါသည်။

(ဆက်လက်ဖော်ပြပါမည်)

Loading