ရွေးကောက်ပွဲစနစ် ဆုံးဖြတ်ချက်ချသူများ ထည့်သွင်းစဉ်းစားရမည့် အခြေခံအချက်များ (၂)

ဒေါ်နယ် ဟိုရိုဝစ်ဇ်

This article has been converted from Zawgyi One to Unicode

ဆုံးဖြတ်ချက်ချမှတ်သူ အများစုသည် ရွေးကောက်ပွဲစနစ် ပုံစံများအား ရေးဆွဲရာတွင် ရွေးကောက်ပွဲ ရည်မှန်းချက်အား တခုထက်မက ထည့်သွင်းစဉ်းစားကြပါသည်။ ဥပမာအားဖြင့် ဂျာမနီ နိုင်ငံသည် မဲဆန္ဒနယ်အခြေခံစနစ် ဖြစ်သည့်အပြင် အချိုးကျ ကိုယ်စားပြုမှု ပုံသဏ္ဍာန်ကိုပါ ကျင့်သုံးသဖြင့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ၎င်းတို့၏ မဲဆန္ဒနယ်များအား ထိထိရောက်ရောက် တုံ့ပြန်နိုင်သကဲ့သို့ ပါတီအနေဖြင့်လည်း တနိုင်ငံလုံးအနေဖြင့် ၎င်းတို့အနိုင်ရသော မဲအရေအတွက်နှင့် အတိုင်းအတာတခုအထိ အချိုးညီသော ကိုယ်စားပြုခွင့် နေရာကိုပါ ရရှိပါသည်။ နိုင်ငံ တော်တော်များများ အနေဖြင့်လည်း ဥပမာ နယူးဇီလန်၊ အီတလီ နှင့် ဂျပန်နိုင်ငံများကဲ့သို့သော ရွေးကောက်ပွဲ စနစ်နှစ်မျိုးအား ရောစပ်ကာ ရွေးကောက်ပွဲ ရည်မှန်းချက်များအား ပြည့်မီရန်ကြိုးစားလာကြသည်ကို တွေ့ရသည်။

တချို့သော နိုင်ငံများတွင် ဂျာမနီကဲ့သို့ Plurality ရွေးကောက်ပွဲစနစ်နှင့် အချိုးကျ ကိုယ်စားပြုမှုအား အာမခံပေးထားသည့် နှစ်မျိုးစပ် စနစ်များကို အသုံးပြုကြသော်လည်း တချို့သော နိုင်ငံများတွင် သီးခြားမဲဆန္ဒနယ်စနစ်နှင့် List PR စနစ်အား နှစ်မျိုးရောစပ် အသုံးပြုသည်ကို တွေ့ရသည်။ ဂျပန်နိုင်ငံသည် ဒုတိယ အမျိုးအစားအား ကျင့်သုံးသော နိုင်ငံဖြစ်သည်။ ပါတီတိုင်းသည် List PR စနစ်အရ ၎င်းတို့ရရှိသော မဲအရေအတွက်အလိုက် အချိုးကျ ကိုယ်စားပြုခွင့် ရမည့်အပြင် ကိုယ်စားလှယ် တဦးတည်းကိုသာ ရွေးချယ်သော Plurality စနစ် ရွေးကောက်ပွဲမှလည်း အမတ်နေရာ ရရှိမည်ဖြစ်သည်။ Plurality စနစ်အရ ခွဲဝေမည့် အမတ်နေရာသည် အချိုးကျ စနစ်အရခွဲဝေမည့် အမတ်နေရာထက် ပိုများပြီး နေရာခွဲဝေ ချထားမှုကိုလည်း သီးခြားလုပ်ဆောင်သောကြောင့် ဂျပန်၏ ရွေးကောက်ပွဲစနစ်သည် ဂျာမနီနှင့်မတူဘဲ FPTP စနစ်နှင့် ပိုမိုတူညီသည်ကို တွေ့ရသည်။ သို့သော် ၎င်း၏ အချိုးကျ ကိုယ်စားပြုမှု လက္ခဏာသည် ပါလီမန်အတွင်း ပါတီတခုတည်းက အင်အားကြီးပါတီဖြစ်ရန် ခက်ခဲစေပါသည်။

ရွေးကောက်ပွဲစနစ် နှစ်မျိုးကို ရောစပ်အသုံးပြုသည့် နိုင်ငံများပြားလာသော်လည်း ရွေးကောက်ပွဲစနစ် စီမံခန့်ခွဲမှုတွင် သက်ဆိုင်ရာ နိုင်ငံယဉ်ကျေးမှု အစဉ်အလာများက လွှမ်းမိုးအားကောင်းနေသည်ကို တွေ့ရပါသည်။ ယူကေ၊ အမေရိကန်၊ ကနေဒါ၊ အိန္ဒိယ၊ အင်္ဂလိပ်စကားပြောသော အာဖရိကနိုင်ငံများနှင့် မလေးရှားနိုင်ငံတို့ အားလုံးသည် အင်္ဂလိပ် စကားပြောသော နိုင်ငံများ သုံးလေ့ရှိသည့် FPTP ကိုသာ အသုံးပြုကြသည်။ သို့သော် ဥရောပတိုက်နှင့် ပြင်သစ် စကားပြော အာဖရိကနိုင်ငံများတွင်မူ List PR စနစ်ကိုသာ အသုံးပြုကြသည်။ ထိုအစဉ်အလာ လွှမ်းမိုးမှုအောက်တွင် တခါတရံ ဆိုးဝါးသော ဆုံးဖြတ်ချက်များ ချမှတ်တတ်သည်ကိုလည်း တွေ့ရသည်။ ပြင်သစ်ကိုလိုနီ ဖြစ်ခဲ့ဖူးသော ဘီနင်
(Benin) နိုင်ငံသည် ပြင်သစ်နိုင်ငံကဲ့သို့ပင် သမ္မတ ရွေးကောက်ပွဲတွင် အကယ်၍ ပထမ အကြိမ်တွင် မည်သည့် ကိုယ်စားလှယ်မှ မဲအများစု မရရှိပါက ဒုတိယအကျော့ ပြန်လည်ရွေးချယ်ခြင်းအား ပြုလုပ်လေ့ရှိသည်။ ထိုသို့ ဒုတိယအကျော့ ရွေးကောက်ပွဲစနစ်အား ရွေးချယ်အသုံးပြုသဖြင့် ဘီနင် နိုင်ငံသည် ပျော့ပြောင်းသော သုံးပွင့်ဆိုင် တိုင်းရင်းသားလူမျိုးစု ပြဿနာမှ အုပ်စုနှစ်စု၏ ပြင်းထန်သော ပြဿနာအဖြစ် ပြောင်းသွားပါသည်။ ရွေးကောက်ပွဲစနစ် တခုအား ရွေးချယ်ရာတွင် အစဉ်အလာ လုပ်ရိုးလုပ်စဉ်တွင် အခြေခံခြင်းထက် မိမိနှင့် ကိုက်ညီသည့် ဆုံးဖြတ်ချက်များကိုသာ အသေအချာ ဆင်ခြင်ရွေးချယ်သင့်ပါသည်။

ကိုလိုနီခေတ်အလွန် တိုင်းပြည်များသည် ရွေးကောက်ပွဲစနစ်နှင့် ပတ်သက်၍ ပြန်လည် ပြင်ဆင်စီမံကြရာတွင် တခါတရံ ၎င်းတို့ အမွေဆက်ခံရရှိသော စနစ်မှ သွေဖီကာ စဉ်းစားလေ့ရှိသည်။ ၎င်းတို့၏ အစဉ်အလာ ယဉ်ကျေးမှုနှင့် ကိုလိုနီ အဆက်အစပ်အား ကျော်လွန်ကာ ရွေးချယ်လေ့ရှိသည်ကို တွေ့ရသော်လည်း အများသောအားဖြင့် ၎င်းတို့၏ မူရင်း အမွေခံထားသည့် စနစ်နှင့် နီးစပ်သော စနစ်ကိုသာ ရွေးချယ်လေ့ရှိသည်။ အင်္ဂလိပ်စကားပြောသော နိုင်ငံများဖြစ်သည့် အိုင်ယာလန်နှင့် သြစတေးလျ နိုင်ငံများအနေဖြင့် PR စနစ်အား ရွေးချယ်ရာတွင် List PR စနစ်ကို ရွေးချယ်လေ့ မရှိသည်ကို တွေ့ရသည်။ ၎င်းအစား အင်္ဂလိပ်နှင့် ဂျာမန်တို့၏ PR စနစ်ဟု သတ်မှတ်လေ့ ရှိသည့် လွဲပြောင်း၍ရသော တမဲတည်းစနစ် (STV) ကိုသာ ရွေးချယ်လေ့ရှိသည်။ အကယ်၍ FPTP စနစ်မှခွဲထွက်ခဲ့သည်ရှိသော် သြစတေးလျ၊ ပါပူဝါ နယူးဂီနီနှင့် ဖီဂျီ နိုင်ငံတို့တွင် အသုံးပြုနေသော Alternative Vote (AV) ကိုသာ ရွေးချယ်တတ်ကြသည်။

အသစ်ကျင့်သုံးသော ရွေးကောက်ပွဲစနစ်သည် ထိုနိုင်ငံ၏ နိုင်ငံရေးပါတီများ ဖွဲ့စည်းဖြစ်ထွန်းမှု၊ နိုင်ငံရေးပါတီများ၏ ပြုမှုပုံနှင့် ပါတီစနစ်များအပေါ် သက်ရောက်မှု ကြီးကြီးမားမား ရှိပါသည်။ ထို့ကြောင့် ရွေးကောက်ပွဲစနစ် အသစ်တခု ပြောင်းလဲကျင့်သုံးရာတွင် လက်ရှိကျင့်သုံးနေသော နိုင်ငံရေးပါတီများ၏ ဖွဲ့စည်းတည်ရှိနေပုံနှင့် အခင်းအကျင်းအား အပြောင်းအလဲ မပြုလုပ်ဘဲ ဆက်ထိန်းသိမ်းထားခြင်းသည် မှားယွင်းသော ဆုံးဖြတ်ချက်ဖြစ်သည်။ နယူးဇီလန်နိုင်ငံတွင် MMP (mix-member proportional representation ) စနစ် စတင်ကျင့်သုံးလိုက်သည့် ပထမ ရွေးကောက်ပွဲ အပြီးတွင် အစိုးရဖွဲ့စည်းရန် ပိုမိုခက်ခဲသည်ကို တွေ့ရပြီး FPTP စနစ်ကျင့်သုံးပါက အစိုးရဖွဲ့ရန် လုံးဝမဖြစ်နိုင်သော လက်ယာစွန်းပါတီသည် အာဏာအစိုးရအဖွဲ့တွင် ပါဝင်လာခဲ့သည်။

ထိုနည်းတူ ဖီဂျီနိုင်ငံတွင် AV စနစ်အား အသုံးပြုလိုက်သဖြင့် ပါတီအားလုံး နီးပါးပါဝင်သည့် တိုင်းရင်းသားပေါင်းစုံ ညွန့်ပေါင်းပါတီကြီး နှစ်ခုပေါ်လာပြီး ထိုပါတီအနက်တခုမှာ အစိုးရဖွဲ့နိုင်ခဲ့သည်။ အခြေအနေ နှစ်ခုစလုံးတွင် အသစ်ကျင့်သုံးလိုက်သော ရွေးကောက်ပွဲစနစ်သည် လက်ရှိတည်ရှိနေသော နိုင်ငံရေးပါတီများ၏ အင်အားကို ပိုမိုခိုင်မာ တောင့်တင်းလာစေပြီး ၎င်းတို့အကြား ပူးပေါင်းဆောင်ရွက်မှုကို ပြောင်းလဲစေသည်ကို တွေ့ရသည်။ နိုင်ငံရေးသမားများနှင့်
မဲဆန္ဒရှင်များအဖို့ ရွေးကောက်ပွဲစနစ်၏ ပုံဖော်မှုအတိုင်း လိုက်လံပြုမူ ပြောင်းလဲကျင့်သုံးလိုက်သည်နှင့် ထိုရွေးကောက်ပွဲစနစ် အသစ်၏ သက်ရောက်မှုကို တနေရာနှင့် တနေရာ ကွဲပြားစွာ တွေ့ရမည်ဖြစ်သော်လည်း စနစ်သစ်၏ သက်ရောက်မှု အပြည့်အဝအား အနည်းဆုံး ရွေးကောက်ပွဲ နှစ်ခု၊ သုံးခုခန့်အကြာမှသာ ထင်ထင်ရှားရှား တွေ့နိုင်ပါသည်။

အစဉ်အလာအရ FPTP စနစ်သည်လည်း နိုင်ငံရေးပါတီ အရေအတွက် နည်းပါးသည့်စနစ်ကို အားပေးပြီး တခါတရံ နှစ်ပါတီစနစ်မျိုးကိုပင် တွေ့ရသည်။ FPTP စနစ်တွင် ပါတီတခုသည် ဆန္ဒမဲ ၄၈ ရာခိုင်နှုန်းသာ ရရှိသော်လည်း ကိုယ်စားလှယ် ၅၀ ရာခိုင်နှုန်းကျော် ရရှိလေ့ရှိသည်။ (တခါတရံ မဲ ၄၀ ရာခိုင်နှုန်းခန့် သည်ပင်လျှင် ထိုပါတီအား လွှတ်တော်တွင်း အင်အားကြီးပါတီ ဖြစ်စေသည်။) ထိုအပိုဆောင်းရရှိသော အမတ်နေရာများကြောင့်ပင် FPTP စနစ်သည် အခြားစနစ်များထက် အစိုးရဖွဲ့စည်းရန် ပိုမိုလွယ်ကူပြီး အစိုးရအား ပိုမိုခိုင်မာစေပါသည်။ ထို့ကြောင့် တည်ငြိမ်မှု၊
မူဝါဒရေးရာ ခိုင်မာမှု အားအလေးထားသူများ အနေဖြင့် FPTP အား ကြိုက်နှစ်သက်ကြသည်။ သို့သော်လည်း နိုင်ငံတိုင်းတွင် ထိုသို့သော ကောင်းကျိုးများကို အမြဲတွေ့ရသည် မဟုတ်ချေ။ အိန္ဒိယ၊ မလေးရှားနှင့် ကနေဒါ နိုင်ငံများတွင် FPTP အား ပါတီစုံ စနစ်နှင့် အတူတွဲတွေ့ရသည်။ ထိုနိုင်ငံများရှိ လူမှုရေးကွဲပြားမှုသည် အလွန်ကြီးမားလွန်းသဖြင့် အဓိက ပါတီကြီး နှစ်ပါတီ၊ သုံးပါတီအဖြစ် မပေါင်းစည်းနိုင်သောကြောင့် ဖြစ်သည်။ သို့သော် Plurality စနစ်အနေဖြင့် ကွဲပြားခြားနားနေသော ပါတီများကို စုစည်းလာရန် သို့မဟုတ် ပူးပေါင်းလာရန် တွန်းအားတရပ်အဖြစ် ရှိနေသေးသည်။

တခြားတဖက်တွင်လည်း List PR စနစ်သည် ကွဲပြားနေသော လူမှုရေးအုပ်စုအားလုံးကို ကိုယ်စားပြုနိုင်ပါသည်။ Plurality စနစ်တွင် ကိုယ်စားပြုခွင့် မရသည့် လူနည်းစုအနေဖြင့် ဤစနစ်တွင် အတိုင်းအတာတခု ရရှိမည်ဖြစ်သည်။ ဥပမာအားဖြင့် တနိုင်ငံလုံးတွင် မဲ ၁၀ ရာခိုင်နှုန်းသာ ရရှိထားသည့် ပါတီသည် ကိုယ်စားလှယ်နေရာ ၅ ရာခိုင်နှုန်း သို့မဟုတ် ၁၀ ရာခိုင်နှုန်း ရရှိမည်ဖြစ်သည်။ သို့သော်လည်း လူမှုရေးကွဲပြားခြားနားမှု ကြီးမားသော နိုင်ငံများတွင် List PR စနစ်အား အသုံးပြုခြင်းသည် နိုင်ငံရေးအရ အချင်းချင်း ပူးပေါင်းလာခြင်းထက် ပိုမိုကွဲပြားမှုအား ဦးတည်စေပါသည်။

အကယ်၍ ကွဲပြားနေသော လူမှုအလွှာ အသီးသီးအနေဖြင့် နိုင်ငံရေးပါတီ အဖြစ်စုစည်းနိုင်ပါက ကိုယ်စားလှယ်နေရာ စုစုပေါင်းတွင် အတိုင်းအတာတခုအထိ ကိုယ်စားပြုခွင့်ရမည်ဖြစ်ရာ နိုင်ငံရေးကွဲပြားမှုကို သေးငယ်မသွားစေဘဲ ပိုမိုအားကောင်း ကြီးမားလာစေသည်။ အစိုးရတရပ် ဖွဲ့စည်းရန် ပိုမိုခက်ခဲပြီး မရေမရာ ဖြစ်လာသည်။ ထို့အပြင် အစိုးရအဖွဲ့၏ အနာဂတ်မှာ စိတ်ချရမှု မရှိနိုင်ချေ။ ဂျီအိုဘင်နီ ဆာတိုရီ (Giovanni Sartori) က ဤအခြေအနေမျိုးကို ဝင်ရိုးစုံဗဟုဝါဒ (polarized pluralism) ဟု ဆိုသည်။ ထိုသို့ ကွဲပြားခြားနားမှုသည် လူအဖွဲ့အစည်းအတွင်း ပူးပေါင်းဆောင်ရွက်မှုကို အားနည်းစေသည်။ ပါတီများအနေဖြင့် ၎င်းတို့အား ထောက်ခံသူများကိုသာ အလေးထားပြီး အချင်းချင်း ညှိနှိုင်းဆောင်ရွက်ရန် အလွန်ခက်ခဲပါသည်။

သို့သော် PR စနစ်နှင့် ပတ်သက်၍ ဤမှတ်ချက်ကို အားလုံးက သဘောတူလက်ခံကြသည် မဟုတ်။ မတူညီသော လူအဖွဲ့အစည်းများ စုစည်းမှုကို အခြေခံသည့် အစုအဖွဲ့ ဒီမိုကရေစီ (Consociational democracy) ဆိုင်ရာ ကျွမ်းကျင်သူများက ပါလီမန်အတွင်း အုပ်စုကြီးများအလိုက် အချိုးကျကိုယ်စားပြုမှု ရရှိနိုင်သည်နှင့် ကွဲပြားခြားနားသော တိုင်းရင်းသား အစုအဖွဲ့များအနေဖြင့် မဟာမိတ်များအဖြစ် ဖွဲ့စည်းကာ PR စနစ်အပြင် တခြားသော ပဋိပက္ခ ဖြေရှင်းရေး စံနှုန်းများအား အသုံးပြုကာ ကိုယ်စားပြုမှု ရရှိနိုင်သည်ဟု ဆိုပါသည်။ သို့သော်လည်း ဆောင်းပါးအစတွင် ဆိုခဲ့သလိုပင် ရွေးကောက်ပွဲစနစ်များသည် လူအဖွဲ့အစည်းအတွင်း လက်ရှိတည်ရှိနေသော လားရာများကို ထင်ဟပ်ရုံ သက်သက် မဟုတ်ဘဲ ထိုလားရာများကိုပါ ပုံသွင်းယူလေ့ရှိသည်။ တခြား ရွေးကောက်ပွဲ စနစ်တခုအောက်တွင် ကိုယ်စားလှယ် နေရာရရန် မသေချာသောကြောင့် သဘောထား ကွဲပြားသူများသည် မူလပါတီအတွင်း ဆက်လက် နေကြသော်လည်း PR စနစ်တွင်မူ သီးခြားခွဲထွက် ရပ်တည်နိုင်ချေရှိသည်။ အစုအဖွဲ့အများအပြား၊ အစုအဖွဲ့ငယ် အမြောက်အများနှင့် မတူညီသော အမြင်များဖြင့် ကွဲပြားခြားနားမှု အလွန်ကြီးမားသော လူ့အဖွဲ့အစည်းတွင် List PR စနစ်သည် ပါတီများ ခွဲထွက်ရေးကိုသာ ပိုမိုအားပေးလေ့ရှိသည်။

ကွဲပြားခြားနားသော အမြင်သဘောထားများအား ကိုယ်စားပြုနိုင်ရန် ကြိုးစားခြင်းကြောင့် (ကွဲပြားခြားနားမှုကိုလည်း တွန်းအားပေးသောကြောင့်) List PR စနစ်သည် ကွန်ဒိုဆေး ကိုယ်စားလှယ်ရွေးချယ်မှုကို အားမပေးပါ။ အပြန်အလှန်အားဖြင့် ကွန်ဒိုဆေး ကိုယ်စားလှယ် ရွေးချယ်မှုကို အားပေးသော စနစ်များသည် ရွေးကောက်ပွဲတွင် ရှုံးနိမ့်သူများ၏ အကျိုးစီးပွားများကို လျစ်လျူပြုထားတတ်ပါသည်။ သို့သော် သတိချပ်ရန်မှာ ကွန်ဒိုဆေး ကိုယ်စားလှယ်သည် ယေဘုယျအားဖြင့် အလယ်အလတ် သဘောထားရှိသည့် ကိုယ်စားလှယ်မျိုး ဖြစ်သော်လည်း PR စနစ်မှအနိုင်ရသူ ကိုယ်စားလှယ်မှာ အလယ်အလတ် သဘောထားရှိသော ကိုယ်စားလှယ်ဖြစ်ရန် မသေချာချေ။ PR စနစ်ကြီး တခုလုံး၏ အဓိကရည်ရွယ်ရင်းမှာ အုပ်စုများ၏ နိုင်ငံရေး ရပ်တည်ချက်ကို ထည့်သွင်းမစဉ်းစားဘဲ သူတို့အားလုံးကို ကိုယ်စားပြုနိုင်ရန် ဖြစ်သည်။ ဆာတိုရီ၏အဆို “ဝင်ရိုးစုံဗဟုဝါဒ” ဆိုသည်မှာ နိုင်ငံရေးသဘောထား အမြင်များ အထွေထွေအပြားပြား ဖြစ်နေသော လူ့အဖွဲ့အစည်းအတွက် ကိုက်ညီပါသည်။ ထိုလူ့အဖွဲ့အစည်းများတွင် လူတန်းစားကွဲပြားမှုက သပ်သပ်၊ တိုင်းရင်းသားလူမျိုးအလိုက်၊ ဘာသာရေးအလိုက်၊ ဒေသဆိုင်ရာအလိုက် ကွဲပြားမှုက သပ်သပ်စသည်ဖြင့် ရှိနေပါသည်။

ကွန်ဒိုဆေး ကိုယ်စားလှယ်အား ရွေးချယ်ပေးနိုင်သည့် စနစ်သည် အစွန်းရောက် ဝါဒီများထက် အလယ်အလတ်ဝါဒီများနှင့် ညှိနှိုင်းဆောင်ရွက်လိုစိတ် ရှိသော ကိုယ်စားလှယ်များကိုသာ အလေးသာပေးခြင်းဖြင့် လူမျိုးစုအကြား ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုအားကောင်းစေပါသည်။ လက်ဘနွန်နိုင်ငံ၏ ရွေးကောက်ပွဲစနစ်သည် ကိုယ်စားလှယ်များအား ၎င်းတို့၏ အုပ်စုတွင်းမဲများအပြင် အခြားသူများ၏ ထောက်ခံမှုကိုပါ ရရှိစေရန် အထောက်အကူပြုပါသည်။ ထို့အပြင် ကိုယ်စားလှယ် အနေဖြင့် အနိုင်ရရှိရန် ဒေသအတွင်း ကျယ်ပြန့်သော ထောက်ခံမှုအပြင် အယူအဆမျိုးစုံကို နားလည် လက်ခံပေးဖို့ လိုအပ်ပါသည်။ ဤလိုအပ်ချက် နှစ်ချက်ကြောင့်ပင် အနိုင်ရသော ကိုယ်စားလှယ်သည် ၎င်း၏ အုပ်စုတွင်း ထောက်ခံမှုအပြင် အခြားသော မဲဆန္ဒရှင်များ၏ ထောက်ခံမှုကိုပါ ရရှိသဖြင့် အစွန်းရောက်ဝါဒီတဦး မဖြစ်နိုင်ချေ။

Alternative Vote (AV) စနစ်တွင်လည်း အလယ်အလတ်ဝါဒီ ကိုယ်စားလှယ်များ အရွေးခံရလေ့ရှိသည်။ AV စနစ်သည် FPTP စနစ်နှင့် မတူညီသည်မှာ အရွေးချယ်ခံရရန်အတွက် ကိုယ်စားလှယ်လောင်း တဦးအနေဖြင့် မဲအရေအတွက် ၅၀ ရာခိုင်နှုန်းနှင့် တမဲလိုအပ်သည်။ အကယ်၍ ရွေးကောက်ပွဲတွင် ထိုကိုယ်စားလှယ်ရသော ဒုတိယ ဦးစားပေး ရွေးချယ်မှုများကို သက်ဆိုင်ရာ တခြား ကိုယ်စားလှယ်များ၏ ပထမဦးစားပေး ရွေးချယ်မှုအဖြစ် တခြား ကိုယ်စားလှယ်များထံ ထပ်မံပေါင်းထည့်ပါသည်။ ဤဖြစ်စဉ်အား ကိုယ်စားလှယ်တဦး မဲ ၅၀ ရာခိုင်နှုန်း ရရှိသည်အထိ ထပ်ခါထပ်ခါ ပြုလုပ်လေ့ရှိပါသည်။ ဤနည်းအားဖြင့် ကိုယ်စားလှယ်အနေဖြင့် ၎င်းအားထောက်ခံသူ အမာခံအုပ်စုအပြင် တခြားသူများ၏ ထောက်ခံမှုကိုပါ ရရှိစေသည်။ ဤစနစ်သည် ကွန်းဘ် (Coombs rule) စနစ်နှင့် အနည်းငယ် ကွာခြားပါသည် ကွန်းဘ် စနစ်တွင် အကယ်၍ မည်သည့် ကိုယ်စားလှယ်မှ ၅၀ ရာခိုင်နှုန်း မရရှိပါက နောက်ဆုံး ဦးစားပေး အများဆုံး ရွေးချယ်ခံရသူကို အရင်ဆုံးပယ်ပြီး နောက်ဆုံး မဲ ၅၀ ရာခိုင်နှုန်းရသည့်သူ ပေါ်လာသည်အထိ ဆောင်ရွက်ရန်ဖြစ်သည်။ Coombs စနစ်သည် AV စနစ်ထက် ကွန်ဒိုဆေး အနိုင်ရသူကိုယ်စားလှယ်အား ရွေးချယ်ရန် ပို၍သင့်တော်သည်ဟု ဆိုကြပါသည်။

သတိချပ်ရန်မှာ အကယ်၍ ကျွန်တော်တို့အနေဖြင့် AV စနစ်နှင့် Coombs စနစ် တို့တွင် လူကြိုက်အများဆုံး ပထမ ကိုယ်စားလှယ် ရွေးချယ်ခြင်းသာ ရည်ညွှန်းပါက ၎င်းစနစ်နှစ်မျိုးစလုံးသည် အချိုးကျ ကိုယ်စားပြုသော ရလဒ်ရမည် မဟုတ်ချေ။ သို့သော် ထိုစနစ်နှစ်မျိုးစလုံးနှင့် ပတ်သက်၍ ပထမဦးစားပေး မဲများကိုသာကြည့်ပြီး အချိုးကျ ကိုယ်စားပြုမှုကို ဝေဖန်၍ မရချေ။ ထိုစနစ်များ၏ အဓိကအနှစ်သာရမှာ FPTP နှင့် List PR တို့တွင်ထည့်သွင်း မစဉ်းစားသည့် ဒုတိယနှင့်
တခြားလူကြိုက်များသည့် ကိုယ်စားလှယ်များကိုပါ ထပ်မံထည့်သွင်း စဉ်းစားခြင်းပင်ဖြစ်သည်။ အချိုးကျကိုယ်စားပြု ခြင်းသည် အလယ်အလတ် သဘောထားရှိသူများ ပေါ်ပေါက်ခြင်းကို အားမပေးသလို အလယ်အလတ် သဘောထား ရှိခြင်းသည်လည်း အချိုးကျ ကိုယ်စားပြုခြင်းကို အားမပေးပါ။ သို့သော် ၎င်းတို့မှာ မတူညီသော ရည်မှန်းချက်များ ဖြစ်ကြသည်။

အကယ်၍ AV စနစ်၊ Coombs စနစ်တို့သည် မဲဆန္ဒရှင်များ၏ မတူညီသော ဆန္ဒများအား ကိုယ်စားပြုရန် ရည်ရွယ်သည်ဟုဆိုပါက ၎င်းတို့သည် မဲဆန္ဒရှင်များ၏ စိတ်ဆန္ဒများနှင့် ထိုစနစ်အောက်တွင် ယှဉ်ပြိုင်နေကြသော နိုင်ငံရေး ပါတီများ၏ အပြုအမူ ကိုပါပုံဖော်နေသည်ဟု ဆိုရပါမည်။ ထိုစနစ်၏ အဓိကအနှစ်သာရမှာ သတ်မှတ်ထားသော မဲဆန္ဒနယ်တွင် အနိုင်ရရန် အနိမ့်ဆုံး မဲရာခိုင်နှုန်း ၅၀ ရာခိုင်နှုန်းရရန် လိုခြင်းဖြစ်သည်။ ပါတီများအနေဖြင့် ၎င်းတို့၏
သက်ဆိုင်ရာ မဲဆန္ဒနယ်တွင် မဲ ၅၀ ရာခိုင်နှုန်းရရန် မသေချာပါက ၎င်းတို့အနေဖြင့် တခြားပါတီများ၏ ဒုတိယနှင့် တတိယ ဦးစာပေး မဲများကို လဲလှယ်နိုင်ကြရန် ရွေးကောက်ပွဲမတိုင်မီတွင် မဟာမိတ်များဖွဲ့ကြမည်ဖြစ်သည်။ ၎င်းတို့ မဖွဲ့နိုင်ပါက တခြား ပြိုင်ဖက်ပါတီများက ဖွဲ့မည်ဖြစ်သည်။ ပြင်းထန်မှု မကြီးမားသော်လည်း ဤအခြေအနေမျိုးကို FPTP စနစ်မျိုးတွင်လည်း တွေ့ရသည်။ ရွေးကောက်ပွဲတွင် မဲအရေအတွက် အများအပြားနှင့် အနိုင်ရလိုသည့် ပါတီများအနေဖြင့် မတူညီသောအမြင်များ၊ ဦးတည်ချက်များနှင့် လူမှုအဖွဲ့အစည်းများ အားလုံးကို ကိုယ်စားပြုသည့် အဖွဲ့အစည်းအဖြစ် ပူးပေါင်းလေ့ရှိကြသည်။ သို့သော် Plurality နှင့် majority စနစ်များတွင် သတ်မှတ်ထားသည့် အနိမ့်ဆုံး မဲအရေအတွက်သည် ပါတီများ အကွဲကွဲအပြားပြား ဖြစ်နေသော နိုင်ငံရေးပါတီစနစ်များတွင် နိုင်ငံရေးပါတီများအား မက်လုံးအမျိုးမျိုး ထပ်မံဖန်တီးလိုက်သကဲ့သို့ ဖြစ်တတ်ပါသည်။ Plurality စနစ်နှင့် ကိုယ်စားလှယ် ၄ ဦး ပါဝင်ယှဉ်ပြိုင်သော ရွေးကောက်ပွဲမျိုးတွင် ပါတီတပါတီသည် မဲရာခိုင်နှုန်း ၂၆ (သို့မဟုတ်) ၃၀ (သို့မဟုတ်) ၃၅ ရာခိုင်နှုန်း ရရုံနှင့် အနိုင်ရနိုင်သည့်အပြင် အနိုင်ရသည့် မဲအရေအတွက်နှင့် ယှဉ်ပါက ကိုယ်စားလှယ်နေရာ ၄၀ မှ ၅၀ ရာခိုင်နှုန်း ရနိုင်မည်ဖြစ်သည်။ ထိုအခြေအနေမျိုးတွင် ပါတီများအနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရရန် တခြားအုပ်စုများနှင့်
အပေးအယူလုပ်ရန် မလိုအပ်သဖြင့် လူထုထောက်ခံမှုကိုလည်း ကျယ်ပြန့်ရန် အားထုတ်ရန် မလိုတော့ချေ။ သို့သော် အနိမ့်ဆုံးမဲ အရေအတွက် မြင့်မားပြီး ပါတီကွဲပြားမှုများသော အခြေအနေမျိုးတွင် ပူးပေါင်းဆောင်ရွက်ရန် ပိုမိုစိတ်ဝင်စားကြပြီး တခြား ဒုတိယနှင့် အဆင့်အလိုက်လူကြိုက်များသော ပါတီများနှင့် ပူးပေါင်းမှုများ ပိုမိုများပြားလေ့ရှိသည်။ အောင်အောင်မြင်မြင် ပူးပေါင်း ဆောင်ရွက်နိုင်သူများမှာ အနိုင်ရသူများ ဖြစ်ကြသည်။

ထိုဦးစားပေး အဆင့်အလိုက် ရွေးချယ်သည့် စနစ်များသည် ပါတီများအား ရွေးကောက်ပွဲအကြို မဟာမိတ်ဖွဲ့ခြင်းကို အားပေးလေ့ရှိသော်လည်း အောင်မြင်စွာ မဟာမိတ်ဖွဲ့နိုင်ရန်မှာ ထိုပါတီများ အနေဖြင့် မတူညီမှုများအား အပြန်အလှန် ညှိနှိုင်း အလျှော့အတင်း ပြုလုပ်နိုင်သည့် စွမ်းရည်အပေါ် တည်မီနေပါသည်။ ထို့ကြောင့် ထိုအခြေအနေမျိုးတွင် ဖွဲ့စည်းထားသော မဟာမိတ်များ၏ ရည်ရွယ်ချက်မှာ ရှင်းလင်းတိကျသည်။

(ဒေါ်နယ် အယ်လ် ဟောရောဝှစ် (Donald L. Horowitz) သည် Duke University မှ ဥပဒေနှင့် နိုင်ငံရေး သိပ္ပံ ပါမောက္ခဖြစ်ပြီး The Deadly Ethnic Riot (2001) စာအုပ်ကို ရေးသားသူလည်းဖြစ်သည်။ ယခုစာတမ်းသည် Universiti Kebangsaan Malaysia ရှိ Institute for Malaysian and International Studies ၏ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ အတွက် ပြုစုထားသော စာတမ်းအား အခြေခံ၍ ရေးသားထားခြင်း ဖြစ်သည်။ Educational Initiatives အဖွဲ့ (www.eduinitiatives.org) သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)

Loading