သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာလည်း မြန်မာ့တပ်မတော်က ချင်းအမျိုးသမီးတွေအပေါ် အဓမ္မ ပြုကျင့်မှုတွေ ဆက်ရှိနေပြီး အဆိုပါ ရာဇဝတ်မှုတွေကို အရေးယူ ဆောင်ရွက်ပေးဖို့ အစိုးရကို တောင်းဆိုကြောင်း ချင်း လူ့အခွင့်အရေးအဖွဲ့ (CHRO) က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
CHRO ရဲ့ ပြောရေး ဆိုခွင့်ရှိသူ မိုင်သင်းယုမွန်က “စစ်အစိုးရ လက်ထက် မှာလည်း အစိုးရ စစ်တပ်က ကျမတို့ ချင်း တိုင်းရင်းသူတွေကို အဓမ္မ ပြုကျင့်ခဲ့တယ် ဆိုတာ လူတိုင်းသိပြီးတဲ့ ကိစ္စပါ။ အခုတင်တဲ့ အစီရင်ခံစာ မှာတော့ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ စစ်တပ်က ဆက်လုပ်နေတဲ့ အဓမ္မ ပြုကျင့်မှုတွေ အရေးယူ ဆောင်ရွက်ခြင်း မရှိလို့ပါ” လို့ ဧရာဝတီကို ပြောပါတယ်။
အဓမ္မ ပြုကျင့်ခံရတဲ့ အမျိုးသမီးတွေကို အနီးကပ် မှတ်တမ်းယူပြီး အခုလ ၁၅ ရက်က ထုတ်ပြန် လိုက်တဲ့ CHRO ရဲ့ အစီရင်ခံစာ ထုတ်ပြန်မှုဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် မစ္စ ယန်ဟီလီရဲ့ ၁၀ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်နဲ့လည်း တိုက်ဆိုင် နေပါတယ်။
၂၀၁၁ ခုနှစ် မတ်လမှ စတင်ပြီး CHRO က မှတ်တမ်း ကောက်ယူခဲ့တဲ့ သတင်း အချက်အလက်တွေအရ ချင်း အမျိုးသမီးတွေ အဓမ္မ ပြုကျင့်ခံရမှု ၅ မှု အနက် ၄ မှုဟာ မြန်မာ့တပ်မတော်က ကျူးလွန်ခဲ့တာ ဖြစ်ပြီး၊ လူသတ်မှု ပါဝင်တဲ့ ကျန်တဲ့အမှု တမှုကတော့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူရ်ဒေသက ကသည်းသူပုန် တယောက်က ကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။
ဦးသိန်းစိန် အစိုးရ အနေနဲ့ သူ့ရဲ့ သက်တမ်းအတွင်း စစ်တပ်က ချင်း အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့် ကျူးလွန်မှုတွေကို လျစ်လျူရှုထားတယ်ဆိုပြီး CHRO က ပြစ်တင်ထားပါတယ်။
တိုင်းရင်းသူတွေ အပေါ်မှာ တပ်မတော်က အဓမ္မ ပြုကျင့်တာ၊ ပြုကျင့်ခံရသူ ကာယကံရှင်တွေဘက်က ဥပဒေကြောင်းအရ အရေးယူပေးဖို့ တိုင်တန်းသူတွေကို တပ်မတော်ကို အသရေ ဖျက်မှုနဲ့ တန်ပြန်တရားစွဲမယ်လို့ ခြိမ်းခြောက်မှုတွေဟာ စစ်အစိုးရ လက်ထက်မှာတင် မကဘဲ ဦးသိန်းစိန် အစိုးရ လက်ထက်မှာလည်း ရှိနေဆဲပဲလို့ ညီမျှခြင်းမြန်မာလို့ ခေါ်တဲ့ Equality Myanmar အဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။
ဦးအောင်မျိုးမင်းက “ ဒီလိုမျိုး ကိစ္စတွေက အခုမှ မဟုတ်ဘူးဗျ။ တိုင်းရင်းသား နယ်မြေတွေဖြစ်တဲ့ ရှမ်းနယ်တို့ ကရင်နယ်တို့လိုမှာ ရှိပြီးသား၊ ကိုယ့်ရဲ့သားသမီးကို စော်ကားလို့ဆိုပြီး စစ်တပ်ကို သွားတိုင်တဲ့ အချိန်တွေမှာ စစ်တပ်ကို အသရေ ဖျက်စေမှုနဲ့ ပြန်ပြီး တရားစွဲတဲ့ အစဉ်အလာတွေ ရှိနေတုန်းပဲ” လို့ ဧရာဝတီကို ပြောပါတယ်။
ဖြစ်ပွားခဲ့တဲ့ အဓမ္မပြုကျင့်မှု ၅ မှု အနက် ၃ မှုဟာ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ အစိုးရတို့ အကြား အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူညီမှု ရရှိခဲ့တဲ့ ၂၀၁၂ ခုနှစ် မေလ နောက်ပိုင်းမှာ ဖြစ်ခဲ့တာလို့ CHRO ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဓမ္မ ပြုကျင့်တဲ့ တပ်မတော်သားတွေကို အရေးယူ ဆောင်ရွက်ပေးဖို့အတွက် ချင်းတက်ကြွ လှုပ်ရှားသူတွေက မတူပီနဲ့ ရေဇွာမြို့တွေမှာ ဇွန်လ ၂၃ ရက်နဲ့ ၂၄ ရက်တွေက ဆန္ဒပြခဲ့ကြပြီး အဲဒီအထဲက ခေါင်းဆောင် အချို့ကို သက်ဆိုင်ရာက ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားတာကြောင့် အဲဒီအမှုတွေကို ချက်ချင်း ရုတ်သိမ်းပေးဖို့လည်း CHRO က တောင်းဆိုထားပါတယ်။
မတူပီ အမျိုးသမီးအဖွဲ့ (MWO) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ထန်ဇိန်က “ဒီက လူတွေအားလုံးက ထိတ်လန့် စရာကောင်းတဲ့ အဲဒီအဖြစ်အပျက် ဖြစ်သွားတာကို သိကြတယ်။ ကျမတို့လည်း အမှန်တရားဘက်က ရပ်တည်နေတာ ဖြစ်တယ်။ ဒါပေမယ့် အခု အမှန်တရားဘက်က ရပ်တည်ခြင်း အတွက် ကျမတို့ တရားစွဲ ခံရတယ်။ ကျမတို့ ပြည်သူတွေအတွက် တရားဥပဒေ စိုးမိုးမှုနဲ့ လူသားဆန်တဲ့ လုံခြုံမှု မရှိပါဘူး” လို့ ပြောပါတယ်။
မတူပီနဲ့ ရေဇွာမြို့နယ်တို့မှာ ဆန္ဒပြခဲ့ကြတဲ့ အစီအစဉ်တွေက ခွင့်ပြုချက် မရရှိခဲ့ပဲ ဆန္ဒပြခဲ့ကြတာလို့ သိရပြီး ဇွန်လ ၂၃ ရက်က ရေဇွာမြို့ဆန္ဒပြပွဲ မတိုင်မီ မြို့နယ်အုပ်ချုပ်ရေးမှူးက ဆန္ဒပြမှု လုပ်မယ်ဆိုရင် အစိုးရက ထောက်ပံ့ ပေးထားတဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေကို စွန့်ပစ်ရာ ရောက်တယ်ဆိုပြီး ဆန္ဒပြမယ့် တက်ကြွလှုပ်ရှားသူတွေကို သွယ်ဝိုက်ခြိမ်းခြောက် ခဲ့တယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၃၂၅ အရ လက်နက်ကိုင် ပဋိပက္ခဒေသ အတွင်းမှာရှိတဲ့ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်အောင် ကာကွယ်ဖို့နဲ့ ပတ်သက်ပြီး မြန်မာအစိုးရက လေးစား လိုက်နာပါ့မယ်လို့ ပြောဆိုထားပေမယ့်လည်း အဓမ္မ ကျူးလွန်မှုတွေ ဆက်ရှိနေခြင်းက ဒီအချက်ကို အကောင်အထည် မဖော်နိုင်သလို အရပ်သား အစိုးရ အနေနဲ့ စစ်တပ်ကို မလွှမ်းမိုးနိုင်ဘူး ဆိုတာလည်း ဖော်ပြနေတယ်လို့ ဦးအောင်မျိုးမင်းက ထောက်ပြပါတယ်။