နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ် လေဆိပ်ကနေ ပျံသန်းလာတဲ့ ဘိုရင်း ၇၇၇ မလေးရှား ခရီးသည် တင်လေယာဉ် MH-17 ဟာ အမြင့်ပေ ၃၃၀၀၀ (မီတာ ၁၀၀၀၀) ကနေ ဖြတ်ပျံသန်းနေစဉ်မှာ မြေပြင်က ဝေဟင်ပစ် ဒုံးကျည်နဲ့ ယူကရိန်းနယ်ထဲမှာ ပစ်ချခံရတာ ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ လေကြောင်းဆိုင်ရာ ပါရဂူတွေကတော့၊ အရင်ကဆိုရင် လေယာဉ်တွေဟာ အမြင့်ပေ ၃၀၀၀၀ ကျော်သွားပြီ ဆိုရင် သူတို့လေယာဉ်ဟာ (မြေပြင်မှာ ပြည်တွင်းစစ်တွေ ဖြစ်နေတဲ့ နေရာတွေကို ဖြတ်ပျံနေရင်တောင်မှ) လုံခြုံစိတ်ချရတဲ့ နေရာကို ရောက်သွားပြီ လို့ တွေးထင်တတ်ကြတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဒီလိုတွေးဆမှုဟာ မှားယွင်းနေပြီ ဆိုတာကို မလေးရှားလေယာဉ် MH 17 ရဲ့ အဖြစ်အပျက်က ပြလိုက်တာပဲလို့ သုံးသပ်နေကြပါတယ်။
ခရီးသည်တင် လေယာဉ်ကို ပစ်ချလိုက်တဲ့ ဒုံးကျည်ဟာ ရုရှားလုပ် Buk အမျိုးအစား ဖြစ်နိုင်ပြီး ရုရှားလိုလားသူ ယူကရိန်း ခွဲထွက်ရေးသမား လက်နက်ကိုင် သူပုန်တွေ ရုရှားဘက်က ရခဲ့တာလို့ သုံးသပ်နေကြပါတယ်။
မကြာသေးခင်ကလည်း ဒီသူပုန်တွေဟာ သူတို့နယ်ထဲကို ဖြတ်ပျံတဲ့ စစ်လေယာဉ်တွေကို ပစ်ချခဲ့သေးတာကြည့်ရင် သူတို့မှာ လေကြောင်းရန် ကာကွယ်ရေးအတွက် ပြင်ဆင်ထားတယ်၊ နောက်ကွယ်က ပံ့ပိုးနေတာလည်းရှိတယ် ဆိုတာကို ပြသလိုက်တာ ဖြစ်ပါတယ်။
ရုရှားစစ်လေယာဉ်က ယူကရိန်း စစ်လေယာဉ်တွေကို ဝေဟင် တိုက်ချင်းပစ် ဒုံးကျည်နဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်းက ပစ်ချခဲ့တယ်လို့ ယူကရိန်း အစိုးရ စွပ်စွဲခဲ့ပေမယ့် ရုရှားဘက်ကတော့ ငြင်းဆိုခဲ့ပါတယ်။
Buk ကို အနောက်စစ်အုပ်စုက ပုံစံနဲ့ အရည်အသွေး ဒီဇိုင်းအပေါ်မှာ မူတည်ပြီး SA – 11 ဒါမှမဟုတ် SA – 17 လို့ ခေါ်ကြပါတယ်။
သူ့ရဲ့ အရည်အသွေးအပေါ် မူတည်ကာ ဒီဒုံးကျည်တွေဟာ မြေပြင်ကနေ အမြင့်ပေ ၄၀၀၀၀ ကျော်အထိ ရှိတဲ့ ပစ်မှတ်ကို ပစ်ခတ်နိုင်တယ်လို့ သိရပါတယ်။
အဲဒီ ဒုံးကျည်တွေကို ရေဒါနဲ့ ထိန်းကျောင်းပစ်ခတ်ရတာ ဖြစ်ပြီး အခု ပညာရှင်တွေ အဝေးကနေ သုံးသပ်ချက်တခုကတော့ ဒီဒုံးကျည်ဟာ MH-17 လေယာဉ်ရဲ့ အင်ဂျင်ကို ထိသွားတာလား၊ ဒါမှမဟုတ် လေယာဉ်ကိုယ်ထည်ကို တိုက်ရိုက်ထိပြီး ပေါက်ကွဲခဲ့တာလား၊ ဒါမှမဟုတ် လေယာဉ်အနားကို ရောက်မှ ပေါက်ကွဲပြီး ပျက်ကျခဲ့တာလား ဆိုတာကိုလည်း လေ့လာသုံးသပ်နေပါတယ်။
နယူးယော့ခ်တိုင်းမ်း သတင်းစာကြီးမှာတော့ ဒီ MH 17 လေယာဉ်ကြီး ပျက်ကျလာချိန်မှာ ခရီးသည်တွေလည်း အလုံးလိုက်၊ အထွေးလိုက် လေထဲကနေ မြေပြင်ကို ကျလာတာ မြင်ရတဲ့သူတွေရှိပြီး ဒီအထဲမှာ ကလေးသူငယ်တွေလည်း ပါဝင်တာကို တွေ့ရတယ်လို့ ရေးသားဖော်ပြထားပါတယ်။