မလေးရှားလေကြောင်းလိုင်းမှ MH 17 ကို ယူကရိန်းနိုင်ငံတွင်းရှိ ရုရှားလိုလားသူ သူပုန်များက ဝေဟင်ပစ် ဒုံးလက်နက်ဖြင့် ပစ်ချခဲ့သည်ဟု ယုံကြည်ရကြောင်း သမ္မတ အိုဘားမားက ယမန်နေ့က ပြောကြားလိုက်သည်။
“ဒီနေရာမှာကျနော်တို့ သိထားသလောက်ကို ပြောပါမယ်၊ အခု ရထားတဲ့ အထောက်အထားတွေက ညွှန်ပြနေတာကတော့ ရုရှားနိုင်ငံရဲ့ ကျောထောက်နောက်ခံရထားတဲ့ ယူကရိန်း ခွဲထွက်ရေးသမားတွေ ထိန်းချုပ်တဲ့ နေရာကနေ မြေပြင်မှ ဝေဟင် ပစ် ဒုံးကျည်နဲ့ ဒီလေယာဉ်ကို ပစ်ချလိုက်တယ် ဆိုတာပါဘဲ” လို့ သမ္မတ အိုဘားမားက အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲ မှာ ပြောသွားခဲ့ပါတယ်။
သို့သော် သမ္မတအိုဘားမားက ပုဂ္ဂိုလ် အဖွဲ့အစည်း တခုကို တိတိကျကျ အမည်တပ်စွပ်စွဲခြင်းမရှိခဲ့သော်လည်း ယူကရိန်း ခွဲထွက်ရေးသမားများသည် ရုရှားနိုင်ငံမှ လက်နက်ကြီးများ၊ လေယာဉ်ပစ် အဆင့်မြင့်လက်နက်များကို ရရှိနေကြပြီး ရုရှား၏ စစ်ရေး လေ့ကျင့်ပေးမှုနှင့် စစ်ဘက် အကူအညီများ ရရှိနေတယ်လို့လည်း ဆိုပါတယ်။
ဒါအပြင် MH 17 လေယာဉ်ပျက်ကျခဲ့ရာ ယူကရိန်းနိုင်ငံ အရှေ့ဘက်ဒေသကို အမြန်ဆုံးချက်ချင်း အဖြစ်မှန်စုံစမ်း ဖော်ထုတ်ရေး သွားခွင့် ပေးဖို့လိုအပ်ကြောင်းနဲ့ အမေရိကန်အစိုးရနဲ့ FBI စုံစမ်းစစ်ဆေးရေး အဖွဲ့တွေကိုလည် ယူကရိန်းကို စေလွှတ်ပြီးဖြစ်တယ်လို့ပြောဆိုတဲ့အပြင်၊ရုရှားလိုလားသူ ယူကရိန်းခွဲထွက်ရေးသမားတွေဟာ အဆင့်မြင့် နည်းပညာသုံး ဒုံးကျည်လက်နက်တွေနဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းက ယူကရိန်း ရဟတ်ယာဉ်တွေကို ပစ်ချခဲ့တဲ့သာဓကတွေကို ထောက်ပြကာပြောဆိုခဲ့ပါတယ်။
နယ်သာလန်နိုင်ငံ အမ်စတာဒမ် စီပိုးလေဆိပ်မှ မလေးရှားနိုင်ငံ ကွာလာလမ်ပူသို့ လူပေါင်း ၃ဝဝ နီးပါးကို တင်ဆောင် ပျံသန်း လာသော မလေးရှား လေကြောင်းလိုင်းမှ ဘိုးရင်း ၇၇၇ MH 17 ကို ယူကရိန်းနိုင်ငံ အရှေ့ဘက် ရုရှားနိုင်ငံ နယ်စပ်အနီး မှာ ကြိုတင်သတိပေးခြင်းမရှိပဲ ပစ်ချခဲ့ခြင်းဖြစ်သည်ဟု အများက လက်ခံယုံကြည်နေကြသည်။
စစ်ဖက်ကျွမ်းကျင်သူများကလည်း ရုရှားလိုလားသူ ယူကရိန်းခွဲထွက်ရေး သူပုန်များက ရုရှားနိုင်ငံလုပ် အဆင့်မြင့် မြေပြင်မှ ဝေ ဟင်ပစ် BUK အမျိုးအစား ဒုံးကျည်ဖြင့် ပစ်ချလိုက်သည်ဟုလည်း ပြောဆိုမှုများ ရှိနေသည်။
အခုပစ်ချခံရတဲ့ ဘိုးရင်း ၇၇၇ MH 17 မလေးရှားလေကြောင်းလိုင်းရဲ့ ခရီးသည်တင်လေယာဉ်ဟာ ခရီးသည် ၂၈၃ ဦးနဲ့ လေယာဉ် အမှုထမ်း ၁၅ ဦးကို တင်ဆောင်ပြီး၊ အမြင့်ပေ ၃၀,၀၀၀ ကျော်ကနေ ပျံသန်းခဲ့ခြင်းပါ။
မလေးရှားလေယာဉ်ကို ပစ်ချခဲ့တဲ့ လက်နက်ဟာ BUK အမျိုးအစား ရုရှားလုပ် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်လို့ ပညာရှင် တွေခန့်မှန်းထားပြီး BUK မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်လက်နက်ကို ဆိုဗီယက်ခေတ်က စတင်တီထွင်ခဲ့တာဖြစ်ပြီး နောက် ပိုင်း အဆင့်မြှင့်ထားတဲ့ BUK M1၊ BUK M2၊ BUK M 3 တို့ဟာ အမြင့်ပေ ၄ဝဝဝဝ က ပစ်မှတ်ကိုလည်း ထိအောင်ပစ်ခတ် နိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဆန်မာသာ ပါဝါကလည်း ယခုကဲ့သို့ အဆင့်မြင့် လက်နက်ပစ္စည်းများကို ရုရှားလိုလားသူ ယူကရိန်းခွဲထွက်ရေး သမားများအနေဖြင့် ရုရှားဘက်က နည်းပညာကျွမ်းကျင်သူတွေရဲ့ အကူအညီမရပဲ ပစ်ခတ်နိုင်စွမ်းမရှိကြောင်းလည်း ပြောဆိုသွားပါတယ်။
ထိုကဲ့သို့ အဆင့်မြင့် နည်းပညာသုံး ဒုံးကျည်လက်နက်ကို သုံး၍ ပစ်ခတ်ခဲ့ခြင်းကြောင့်သာ မလေးရှားလေယာဉ်ဟာ အခု လို ဝမ်းနည်းဖွယ် ပျက်ဆီး သေဆုံးသွားခဲ့ရတာဖြစ်တယ်လို့ နိုင်ငံတကာ သတင်းစာတွေကလည်း ဝေဖန်ရေးပြကြပါတယ်။
သမ္မတ အိုဘားမားက MH 17 လေယာဉ်ပေါ်ပါသွားသည့် ကွယ်လွန်သွားခဲ့ကြသော အမေရိကန်နိုင်ငံသားတဦးအပါအဝင် နယ်သာလန်နိုင်ငံသားများ၊ မလေးရှားနိုင်ငံသားများနှင့်ခရီးသည်များ၏ မိသားစုဝင်များနှင့်အတူ အမေရိကန်နိုင်ငံသားများ နှင့် ၎င်းက ထပ်တူ ကြေကွဲရကြောင်းလည်း ပြောဆိုသည်။
လန်ဒန်မှာအခြေစိုက်တဲ့ Royal United Services Instituteက ရုရှား စစ်ဖက်ရေးရာကျွမ်းကျင်သူ အိုင်ဂေါ ဆာယာဂင် က တော့ အခုပစ်ချမှုဟာ ရုရှားလိုလားတဲ့ ခွဲထွက်ရေး သမားတွေ သို့မဟုတ် ရုရှားတွေက ပစ်ချတာပဲလို့ ယုံကြည်တယ်ဆိုပြီး The Guardian ကို ပြောဆိုပါတယ်။
လွန်ခဲ့တဲ့ အပတ်ကတည်းက ယူကရိန်းခွဲထွက်ရေးသမားတွေ သို့မဟုတ် ရုရှားစစ်တပ်တွေ ကိုယ်တိုင် ယူကရိန်း အရှေ့ပိုင်း မှာ ပံျသန်းနေတဲ့ ယူကရိန်းကုန်တင် လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေကို ပစ်ခတ်နေတာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ သတင်းပတ် ဗုဒ္ဓဟူးနေ့ကလည်း ဆူခွိုင်း အမျိုးအစား SU 25 ယူကရိန်း တိုက်လေယာဉ်ကိုလည်း ရုရှားလုပ် ဒုံးကျည်နဲ့ ပစ်ခတ်ခံရလို့ ပျက်ကျသွားခဲ့ပါသေးတယ်။
မလေးရှားလေကြောင်းလိုင်းဟာ မလေးရှားနိုင်ငံပိုင် လေကြောင်းလိုင်းလည်းဖြစ်ပြီး လွန်ခဲ့တဲ့ လပိုင်းကပဲ MH 370 ဘိုး ရင်း လေယာဉ်တစီးဟာ ကွာလာလမ်ပူ ကနေ ပီကင်းကို ပျံသန်းရင်း အစရှာမရအောင် ပျောက်ဆုံးခဲ့ပြီး ခရီးသည်တွေရဲ့ ယုံကြည်မှု အတော်ကျဆင်းခဲ့ရတာပါ။
အခုလို ထပ်မံဖြစ်ပွားခဲ့ရတဲ့ မလေးရှားလေယာဉ် MH 17 ခုနဲ့ပတ်သက်ပြီးလည်း မလေးရှားဝန်ကြီးချုပ်က အထူးဝမ်းနည်း ကြေကွဲကြောင်းပြောဆိုပြီး ဖြစ်ရပ်မှန်ပေါ်ပေါက်ရေး စုံစမ်းအရေးယူဖို့ လုပ်ဆောင်သွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
ဒီလိုဖြစ်ရပ်ကြောင့် မလေးရှားလေကြောင်းလိုင်း ကောင်တာတွေလည်း ပိတ်ခဲ့ရပြီး လေယာဉ်ခရီးစဉ်တွေကိုလည်း ပယ် ဖျက် ရုပ်သိမ်းခဲ့ရတဲ့အတွက် မလေးရှားလေကြောင်းလိုင်းရဲ့ စီးပွားရေးလည်း အလွန်ထိခိုက်နစ်နာနေပါတယ်။
လေယာဉ်ပျက်ကြပြီး အစောပိုင်းက ယူကရိန်းအစိုးရနှင့် ယူကရိန်း ခွဲထွက်ရေးသမားများ၊ ရုရှားတို့အကြား လေယာဉ်ပစ်ချ မှုမှာ တဖက်နှင့်တဖက် အပြစ်တင်နေခဲ့ကြပြီး ယူကရိန်းအစိုးရတော့ ယူကရိန်းခွဲထွက်ရေးသမားတွေကို အတိအလင်း စွပ် စွဲ ပြောကြားခဲ့ပါတယ်။
နိုင်ငံတကာက ဝေဖန်သူတချို့ကလည်း MH 17 လေယာဉ်မှူးအနေနဲ့ စစ်မက်ဖြစ်ပွားနေရာ ယူကရိန်း အရှေ့ဘက်ခြမ်း ဝေ ဟင်ကို ဖြတ်သန်းပျံသန်းခဲ့ခြင်းအပေါ်လည်း ဝေဖန်ပြောဆိုတာမျိုး ရှိပါတယ်။
လေယာဉ်ပေါ် လိုက်ပါသွားသူများတွင် နယ်သာလန်နိုင်ငံသား ၁၅ဝ ကျော်ပါဝင်ပြီး သြစတြေးလျနိုင်ငံမှာ ကျင်းပမယ့် နိုင်ငံ တကာ HIV/ AIDS အသိ ပညာပေး ညီလာခံတက်ရောက်မည့် AIDS သုတေသနသမား ဒေါက်တာ Joep Lange နှင့် WHO မှ ဆက်သွယ်ရေး အရာရှိ Glenn Thomas အပါအဝင် ကိုယ်စားလှယ် ၁ဝဝ ကျော်လည်း ပါဝင်ပါတယ်။
ဒီအတွက်ကြောင့် သြစတြေးလျနိုင်ငံမှာ ကျင်းပမယ့် HIV/ AIDS ညီလာခံလည်း ကျင်းပဖို့ ပျက်ကွက်သွားခဲ့ရပါတယ်။
မလေးရှားလေကြောင်းလိုင်း MH 17 လေယာဉ်ပစ်ချခံလိုက်ရတဲ့အတွက် အထူးသဖြင့် အမေရိကန်အပါအဝင် အနောက် နိုင်ငံခေါင်းဆောင်များကလည်း အဖြစ်မှန်ပေါ်ပေါက်ရေး ဝိုင်းဝန်းတိုက်တွန်းပြောဆိုနေကြပြီး အဖြစ်မှန် ပေါ်ပေါက်ရေးကို လည်း တိုက်တွန်းနေကြပါတယ်။
တချိန်က အမေရိကန်ပြည်ထောင်စု နယူးယောက်ရှိ ကမ္ဘာ့ကုန်သွယ်ရေး အမွှာညီနောင်အဆောက်အဦ တိုက်ခိုက်ခံခဲ့ ရ သော ၉/၁၁ ဖြစ်စဉ်အပြီး ကမ္ဘာ့ နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲ ရှိသွားသကဲ့သို့ MH 17 ခရီးသည်တင် လေယာဉ် ပစ်ချခံရမှုသည်လည်း အခင်းအကျင်းပြောင်းလဲသွားဖွယ်ရှိနိုင်တယ်လို့ သုံးသပ်သူများလည်း ရှိနေပါတယ်။